မွန်ပြည်နယ် ချောင်းနှစ်ခွတိုက်ပွဲအတွင်း နေအိမ် ၁၀၀၀ ထက်မနည်း ဖောက်ထွင်းခံရ

မွန်ပြည်နယ် ချောင်းနှစ်ခွတိုက်ပွဲအတွင်း နေအိမ် ၁၀၀၀ ထက်မနည်း ဖောက်ထွင်းခံရ
ဓာတ်ပုံ-CJ
ဓာတ်ပုံ-CJ

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွတိုက်ပွဲ  ရက်ပေါင်း ၅၀ ကျော်ကြာ ကာ လအတွင်း စစ်ရှောင်ဒေသခံတွေရဲ့ နေအိမ် ၁၀၀၀ ထက်မနည်း ဖောက်ထွင်းခိုးယူခံခဲ့ရတယ် လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၀ ရက်နေ့ကစလို့ စစ်ကောင်စီရဲ့ ချောင်းနှစ်ခွနယ်မြေရဲစခန်းနဲ့ တံတားဂိတ် စခန်းတို့ကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်စီးနင်းတိုက်ခိုက်ရာကနေ နှစ်ဖက်တိုက်ပွဲ နေ့စဉ်ရက်ဆက် ဖြစ်ပွားခဲ့တာပါ။

ဒေသခံတွေရဲ့ ပြောပြချက်အရ တိုက်ပွဲကာလအတွင်း ချောင်းနှစ်ခွကျေးရွာက နေအိမ် ၆၀၀ နီးပါး၊ တောင်ကလေးကျေးရွာက နေအိမ် ၂၀၀ ဝန်းကျင်၊ မယ်တရိုကျေးရွာက နေအိမ် ၂၀၀ ကျော်၊ လှကဇိုင်းကျေးရွာကနေ အိမ် ၁၀ လုံးထက်မနည်း ပစ္စည်းဖောက်ခိုးယူခံခဲ့ရတာ ဖြစ်ပြီး မြေပြင်မှာ ဒီထက်အများကြီးပိုနိုင်တယ်လို့ ဆိုပါတယ်။

ချောင်းနှစ်ခွဒေသခံတစ်ဦးကတော့ “အဓိကကတော့ ကျွန်တော်တို့ ချောင်းနှစ်ခွပေါ့။ အပြင်ကရွာတွေမှာတော့ တချို့လူနေအိမ်တွေက ရှိတဲ့လူတွေရှိတယ်။ မရှိတဲ့လူတွေလည်း ရှိတယ်လေ။ ချောင်းနှစ်ခွပဲ အဓိကပါ။ တခြားအပြင်ရွာတွေကတော့ လုံး၀မရှိတော့တာမျိုးမဟုတ်ဘူး။ နေတဲ့လူတွေက နေတဲ့အတွက် သူတို့ကသိပ်မဆိုးဘူး။ ချောင်းနှစ်ခွကတော့ ပါသွားတာကတော့ အများကြီးပဲ။ တစ်ရွာလုံးနီးပါးဆိုတော့ နည်းတာမဟုတ်ဘူး” လို့ ဆိုပါတယ်။

ဖောက်ထွင်းခံရတဲ့ နေအိမ်တွေဟာ စစ်ကောင်စီတပ် အခြေစိုက်တပ်စွဲထားတဲ့ ကျေးရွာတွေက ရွာလုံးကျွတ်နီးပါး ဖောက်ထွင်းခံရပြီး အိမ်အတွင်းရှိ တန်ဖိုးရှိပစ္စည်းအားလုံးနီးပါး ခိုးယူခံလိုက်ရတာပါ။

ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ နေအိမ်ဖောက်ထွင်းခံရမှုကို စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့တွေက အများဆုံးကျုးလွန်သွားတာ ဖြစ်တယ်လို့ ပြောဆိုမှုတွေ ရှိနေပါတယ်။

ဖောက်ထွင်းခံရတဲ့ နေအိမ်တွေကို ပြန်လည်ကြည့်ရှု့နိုင်ဖို့အတွက် စစ်ကောင်စီတပ်ထံ ခွင့်ပြုချက်တောင်းခံရသလို တစ်နေ့လျှင် မိသားစု ၁၀ စုလောက်သာ နေအိမ်အတွင်း ကျန်ရှိတဲ့ပစ္စည်းတွေကို သယ်ဆောင်နိုင်တယ်လို့ သိရပါတယ်။

“ပစ္စည်းဝင်ကောက်ဖို့ တောင်းဆိုတော့ သူတို့(စကစ) ကခွင့်ပြုတယ်။ အိမ်တွေကိုဖောက်ထွင်းပြီးတော့ ဝင်ထားတယ်ပေါ့။ ပြီးတော့ သူတို့လိုလားတဲ့ ပစ္စည်းတွေကို ယူသွားတယ်။ တန်ဖိုးရှိတဲ့ပစ္စည်းတွေဆို သူတို့ယူသွားတာ။ အိမ်တိုင်းလိုလိုပဲ အခုခံနေရတာ။ တကယ်လို့ အပ်ချုပ်ဆိုင်ဆိုရင် အဝတ်ချုပ်တဲ့စက်တွေဆယ်လုံးဆိုရင် ရှစ်လုံးလောက်သူတို့ယူတာ ကုန်သွားပြီ။ စားသောက်ကုန်ဆိုင်တွေဆိုရင်လည်း ရှိသမျှမုန့်ပဲသရေစာတွေ ရှိသမျှကိုကုန်တာ။ သူတို့လိုချင်တာကုန်တော့မှ ကိုယ့်ကိုယ်ဝင်ကောက်ခိုင်းတဲ့ ပုံစံမျိုးပဲ။ ကျွန်တော်တို့ ရွာသားတွေ တအားခံစားနေရတယ်” လို့ တောင်ကလေးဒေသခံတစ်ဦးက ပြောပါတယ်။

ဖောက်ထွင်းခံရတဲ့ နေအိမ်တွေကနေ ဆိုင်ကယ်၊ အိမ်ထောင်ပရိဘောဂ၊ လုပ်ငန်းသုံးပစ္စည်းတွေ၊ ဘိလပ်မြေ၊ အိမ်ဆောက်ပစ္စည်းတွေအပါအဝင် အပ်ချုပ်စက်၊ အဝတ်အထည်၊ အိုးခွက်ပန်ကန်၊ အိမ်သုံးဆိုလာ၊ ဘက်ထရီတွေနဲ့ စားသောက်ကုန်အစ ခိုးယူခံလိုက်ရတာပါ။

သံလွင်တိုင်းမ်ရဲ့ တပ်တွင်းသတင်းအရင်းအမြစ်တွေအဆိုအရ ချောင်းနှစ်ခွတိုက်ပွဲအတွင်း စစ်ကူသွားပေးတဲ့ တပ်ဖွဲ့ဝင်တွေနဲ့ ရှေ့တန်းက ပြန်ရောက်လာတဲ့ တပ်ဖွဲ့ဝင်တွေမှာ ဆိုင်ကယ်၊ရွှေငွေ၊ဖုန်းအပါအဝင် တန်ဖိုးရှိပစ္စည်းအမြောက်အများ ပြန်ပါလာတယ်လို့ ဆိုပါတယ်။

ရက်ပေါင်း ၅၀ ကျော်ကြာဖြစ်ပွားခဲ့တဲ့ ချောင်းနှစ်ခွတိုက်ပွဲဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၉ ရက်နေ့မှာတော့ စစ်ကောင်စီတပ်က ချောင်းနှစ်ခွဒေသကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပါတယ်။

ချောင်းနှစ်ခွဒေသကို စစ်ကောင်စီတပ်တွေ ပြန်လည်ထိန်းချုပ်လိုက်ပေမယ့် ဒေသခံတွေက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရှိနေတဲ့အတွက် လက်ရှိအချိန်အထိ နေရပ်မပြန်ရဲသေးသလို ပြီးခဲ့တဲ့ ရက် ပိုင်းကလည်း မယ်တရိုနဲ့တောင်ကလေးဒေသခံ ၃ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီး ရိုက်နက်ညှဉ်းပန်းနှိပ်စက်တာတွေ ကျူးလွန်းထားပါတယ်။

ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွတိုက်ပွဲကြောင့် ချောင်းနှစ်ခွ၊ တောင်ကလေး၊ မယ်တရို၊ လှကဇိုင်း၊ ကော့ပ နောအပါအဝင် ကျေးရွာ ၂၀ နီးပါး၊ ဒေသခံပြည်သူလူထု ၃၀၀၀၀ ကျော်ဟာ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင် နေရတယ်လို့ စစ်ရှောင်အရေးကူညီနေသူတွေထံ သိရပါတယ်။

October 15, 2024
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ ဒုစစ်ခေါင်းဆောင် ညွှန်ကြားချက်ကြောင့်...
October 14, 2024
မွန်ပြည်နယ် ရေးမြို့နယ် အစင်ကျေးရွာ ပင်လယ်ပြင်က ငါးဖမ်းလှေတွေနဲ့ ကျားဖောင်တွေမှာ ဝမ်းပျက်ဝမ်း...
October 12, 2024
မြန်မာနိုင်ငံအတွင်းရှိ မြို့ကြီး တချို့မှာ စက်သုံးဆီကို လိုသလောက် ရောင်းချမပေးတော့ဘဲ အ...