မွန်ပြည်နယ်မှာ အကျဉ်းသား ၇၀၀ နီးပါးပြန်လွှတ်၊ နိုင်ငံရေးအကျဉ်းသားပါဝင်မှု နည်းပါး

မွန်ပြည်နယ်မှာ အကျဉ်းသား ၇၀၀ နီးပါးပြန်လွှတ်၊ နိုင်ငံရေးအကျဉ်းသားပါဝင်မှု နည်းပါး

မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောင်၊ အချုပ်ထောင်၊ အကျဉ်းစခန်းအသီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသူ၊ အကျဉ်းသား ၆၇၀ ပြန်လွှတ်ပေးခဲ့ပေမယ့် နိုင်ငံရေးအကျဉ်းသား ၃၁ ဦးသာ ပါဝင်တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေထံကနေ သိရပါတယ်။

စစ်ကောင်စီဟာ ၇၆ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပြည်နယ်တဝှမ်းရှိ အ ကျဉ်းထောင်အသီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသူ၊ အကျဉ်းသားတွေကို နောက်တစ်ကြိမ် ပြစ်မှုကျူးလွန်ရင် အရင်ပြစ်ဒဏ်ကိုပါ တပါးတည်း ကျခံရမယ်ဆိုတဲ့ ကန့်သတ်ချက်နဲ့ ပြန်လွှတ် ပေးခဲ့တာပါ။

အကျဉ်းသား ပြန်လွှတ်ပေးမှုအရ မော်လမြိုင်အချုပ်ထောင်က ၃၅၀ ဦး၊ သထုံအကျဉ်းထောင်မှ ၉၃ ဦး၊ ကျိုက်မရောဗဟို အကျဉ်းထောင်မှ ၁၀၃ ဦး၊ ရင်းငြိမ်းကုန်ထုတ်စခန်းမှ ၂၀ ဦး၊ ဇင်းကျိုက်၊ အင်းဗြောင်၊ မုပ္ပလင်၊ အင်္ဂဘိုနဲ့ တောင်စွန်းကုန်ထုတ်စခန်းတွေမှ ၁၀၄ ဦးတို့ကို ပြန်လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။

အဲဒီထဲမှာ နိုင်ငံရေးအကျဉ်းသားရာချီ ဖမ်းဆီးအကျဉ်းချထားတဲ့ ကျိုက်မရောဗဟိုအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသူ၊ အကျဉ်းသား ၂၃ ဦးနဲ့ သထုံအကျဉ်းထောင်က ၈ ဦး၊ စုစုပေါင်း နိုင်ငံရေးအကျဉ်းသား ၃၁ ဦးသာ ပါဝင်ပါတယ်။

နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးကတော့ စစ်ကောင်စီ လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်တဲ့ နိုင် ငံရေးအကျဉ်းသားတွေဟာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(က)နဲ့ ထောင်ကျပြီး ပြစ်ဒဏ်တစ်နှစ်လောက်သာ ကျန်ရှိတော့တဲ့ သူတွေသာဖြစ်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အခုလွတ်တဲ့ထဲမှာ နိုင်ငံရေးအကျဉ်းသားနဲ့ နောက်ပြီးတော့ ဖဲ၊ချဲ အဲဒါပဲ။ တစ်နှစ်အောက် ၅၀၅ ကြီးပဲ။ တခြားအမှုမပါဘူး။ ကျွန်တော်တို့ အမြင်အရဆိုရင် နိုင်ငံရေးအကျဉ်းသားကိုလွှတ်တာ ဆယ်ဂဏန်းပဲ။ ဟန်ပြလုပ်တာ။ နိုင်ကျဉ်းတွေကို ဆက်ထားထားတယ်။ သူ့ရည်ရွယ်ချက်ကတော့ နိုင်ငံရေးအကျဉ်းသားတွေကို မြေဇာပင်ကြားခံအဖြစ် ထားဦးမှာပေါ့။ သူ့(စစ်ကောင်စီ)ရဲ့ ထွက် ပေါက်အဖြစ် ဆက်ထားမယ်”လို့ ဆိုပါတယ်။

စစ်ကောင်စီကတော့ ဒီနှစ်မှာကျရောက်တဲ့ လွတ်လပ်ရေးနေ့မှာ နိုင်ငံတဝန်းရှိ အကျဉ်းထောင်၊ အချုပ်ထောင်နဲ့ အကျဉ်းစခန်းအသီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသူ၊ အကျဉ်းသား ၉၆၅၂ ဦးကို လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်တယ်လို့ ထုတ်ပြန်ပါတယ်။

ပြန်လွှတ်ပေးတဲ့ အကျဉ်းသားတွေထဲမှာ နိုင်ငံခြားသား အကျဉ်းသူ၊ အကျဉ်းသား ၁၁၄ ဦး ပါဝင်ပြီး သူတို့ကို ပြည်နှင်ဒဏ်ပေးလိုက်တယ်လို့ စစ်ကောင်စီရဲ့ ကြေညာချက်အရ သိရပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ အချက်အလက်တွေအရ စစ် တပ်အာဏာသိမ်းချိန်ကစလို့ ဇန်နဝါရီ ၃ ရက်နေ့အထိ နိုင်ငံတဝန်းမှာ ဖမ်းဆီးခံရသူ ၂၅၇၀၀ ကျော် ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

October 19, 2024
မွန်ပြည်နယ် မိုးစပါးရိတ်သိမ်းချိန်ကာလ  အချိန်မီစပါးရိတ်သိမ်းနိုင်ဖို့အတွက်...
October 15, 2024
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ ဒုစစ်ခေါင်းဆောင် ညွှန်ကြားချက်ကြောင့်...
October 14, 2024
မွန်ပြည်နယ် ရေးမြို့နယ် အစင်ကျေးရွာ ပင်လယ်ပြင်က ငါးဖမ်းလှေတွေနဲ့ ကျားဖောင်တွေမှာ ဝမ်းပျက်ဝမ်း...