လမ်းကြေးအဆမတန် ကောက်ခံမှုကြောင့် ထိုင်းကုန်ပစ္စည်းဈေးနှုန်း ထိုးတက်လာ

လမ်းကြေးအဆမတန် ကောက်ခံမှုကြောင့် ထိုင်းကုန်ပစ္စည်းဈေးနှုန်း ထိုးတက်လာ

ကရင်ပြည်နယ် မြဝတီ-ကော့ကရိတ် ထို့ကော်ကိုးလမ်းပိုင်းမှာ လမ်းကြေးတွေ အဆမတန် ကောက်ခံနေတာကြောင့် ဒေသတွင်းမှာ အသုံးပြုနေတဲ့ ထိုင်းကုန်ပစ္စည်းဈေးနှုန်း ထပ်မံမြင့်တက်လာတယ်လို့ ကုန်သည်တွေနဲ့ ဒေသခံတွေထံက သိရပါတယ်။

ထိုင်း-မြန်မာနှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးရဲ့ အဓိကလမ်းပိုင်းဖြစ်တဲ့ အာရှလမ်းမကြီးတည်ရှိရာ ကော့ကရိတ်မြို့မှာ ပြီးခဲ့တဲ့ဒီဇင်ဘာလကစပြီး စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတို့ကြား တိုက်ပွဲပြင်းထန်နေတဲ့အတွက် လမ်းအသုံးပြုခွင့် ကန့်သတ်ထားတာပါ။

အာရှလမ်းမကြီး သွားလာခွင့်ကန့်သတ်ခံရတာကြောင့် ထိုင်း-မြန်မာနှစ်နိုင်ငံ ကုန်သွယ်ရေးအတွက် မြဝတီ-ကော့ကရိတ် ထို့ကော်ကိုးလမ်းပိုင်းကို ပြန်လည်အသုံးပြုနေတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ထို့ကော်ကိုးလမ်းပိုင်းရှိ စစ်ဆေးရေးဂိတ်တွေနဲ့ လမ်းကြေးကောက်ခံရေးဂိတ်တွေမှာ ငွေကြေးအဆမတန်ကောက်ခံမှုတွေ ရှိလာတဲ့အတွက် နယ်စပ်ကုန်သွယ်ရေးကဏ္ဍအပေါ် သက် ရောက်မှုတွေ ကြီးမားလာခဲ့တာပါ။

နယ်စပ်ကုန်သည်တစ်ဦးက ထို့ကော်ကိုးလမ်းပိုင်ရှိ ရှိသမျှ ဂိတ်တိုင်းလိုလို ငွေကြေးဆောင်ပြီးမှ သွားလာရတာ၊ ဘတ်ဈေးနှုန်းမြင့်တက်လာတာ၊ သယ်ယူပို့ဆောင်ရေးအခက်အခဲတွေကြောင့် ထိုင်းကုန်ပစ္စည်းဈေးနှုန်း ထပ်မံကြီးမြင့်လာတာဖြစ်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ထို့ကော်ကိုးလမ်းမှာ ရှိသမျှဂိတ်တွေ အကုန်လုံးက ပိုက်ဆံရလို့ ဖွင့်ထားကြတာ။ ရှိသမျှ ဂိတ်တွေ အကုန်လုံးကို ပိုက်ဆံပေးပြီးတော့ပဲ သွားနေရတာပေါ့။ ဂိတ်တွေများတော့ ပိုက်ဆံက ပိုတက်တာပေါ့။ ဂိတ်ကြေးတော့ တက်တာပေါ့။ အဲဒီလိုဖြစ်နေတယ်။ လူတွေက စက်သုံးဆီတွေကမရဘူး။ လမ်းကြောင်းတွေက မကောင်း၊ ဘတ်ဈေးလည်း တက်တယ်။ ပို့ဆောင်ရေးကလည်း အဆင်မပြေတဲ့အခါကျတော့ အကုန်လုံး ဈေးတက်တာပေါ့”လို့ သူက ဆိုပါတယ်။

ထို့ကော်ကိုးလမ်းပိုင်းမှာ ဂိတ်ကြေးအဖြစ် အိမ်စီးကားတစ်စီးလျှင် အဆင်းတခြမ်းတည်းကိုပဲ ကျပ် တစ်သိန်းကျော် ပေးဆောင်ရသလို ကုန်တင်လာတဲ့ ကားတစ်စီးကို အနည်းဆုံး ကျပ်သုံးသိန်းဝန်း ကျင်လောက်အထိ ကုန်ကျနေရတယ်လို့ နယ်စပ်ကုန်သည်တွေထံ သိရပါတယ်။

ထို့ကော်ကိုးလမ်းပိုင်းဟာ ကရင်ငြိမ်းချမ်းရေးကောင်စီ PC ရဲ့ ထိန်းချုပ်နယ်မြေမှာ တည်ရှိတာဖြစ်ပေမယ့် ကရင်အမျိုးသားအစည်းအရုံး KNU ၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် DKBA ၊ စစ်ကောင်စီ လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် BGF နဲ့ PC တို့ရဲ့ စစ်ဆေးရေးဂိတ်နဲ့ လမ်းကြေး ကောက်ခံရေးဂိတ်တွေ ရှိနေတာပါ။

အဲဒီထို့ကော်ကိုးလမ်းပိုင်းမှာ အခုနောက်ပိုင်းမှာ စစ်ကောင်စီ လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် BGF ဘက်က လမ်းကြေးကောက်ခံရေးဂိတ်တွေ တိုးချဲ့ဖွင့်လှစ်ထားတယ်လို့ နယ်စပ်ကုန် သည်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ကရင်ငြိမ်းချမ်းရေးကောင်စီ PC အတွင်းရေးမှူး ဗိုလ်မှူးစောကျော်ညွန့်ကတော့ ထို့ကော်ကိုးလမ်းပိုင်း အသုံးပြုမှုတွေအတွက် ပြန်လည်ပြုပြင်ဖို့ လမ်းကြေးကောက်ခံရေးဂိတ်တွေ ဖွင့်လှစ်ထားပေမယ့် တရားဝင်ခွင့်ပြုထားတာ နှစ်ဂိတ်သာရှိတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ကျွန်တော်တို့ ရည်ရွယ်ချက်ကတော့ ဒေသခံပြည်သူလူထုတွေရဲ့ ခရီးသွားလာမှု အဆင်ပြေချော မွေ့စေဖို့ရယ်၊ ဒေသတွင်းမှာ ကုန်စည်စီးဆင်းမှု အတိုင်းအတာတစ်ခုအထိ အကျိုးဖြစ်ထွန်းစေဖို့ ဖြစ်ပါတယ်။ ဒါပေမယ့် လက်နက်ကိုင်အဖွဲ့ လေးဖွဲ့လုံး စုပေါင်းနေထိုင်ကြတဲ့ ဒေသဖြစ်တော့၊ ဂိတ် ကြေးကောက်တာတို့ ဘာတို့ လုံးဝမရှိဘူးလို့ပြောဖို့ကလည်း အခက်အခဲရှိတယ်။ ကျွန်တော်တို့ရဲ့ လမ်းထိန်းသိမ်းဖို့အတွက် ကျွန်တော်တို့ ဂိတ်နှစ်ဂိတ်ပဲ ဖွင့်ထားတာရှိပါတယ်”လို့ ဆိုပါတယ်။

ထို့ကော်ကိုးလမ်းပိုင်းမှာ လမ်းကြေးကောက်ခံရေးဂိတ်တွေ တိုးလာတာ၊ ငွေကြေးအဆမတန် တောင်းခံမှုတွေကြောင့် ထိုင်းကုန်ပစ္စည်းတွေဟာ အမျိုးအစားပေါ် မူတည်ပြီး ကျပ် ၅၀၀၀ ကနေ ကျပ် ၁၀၀၀၀  ကျော်အထိ ဈေးနှုန်းမြင့်တက်လာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ထို့ကော်ကိုး-ကျော်ခို့လမ်းပိုင်းမှာ ၁၀ ဘီးယာဉ်နဲ့အထက် ကုန်တင်ယာဉ်တွေ ဖြတ်သန်းသွားလာမှုတွေကြောင့် လမ်းပိုင်းပျက်စီးမှုတွေ ရှိလာတဲ့အတွက် ဇန်နဝါရီ ၁ ရက်နေ့ကစပြီး ကန့်သတ်ယာဉ်တွေကို သွားလာခွင့် ပိတ်ပင်ထားတယ်လို့ ကရင်ငြိမ်းချမ်းရေးကောင်စီ PC က ဒီဇင်ဘာ ၂၇ ရက်နေ့မှာ အမိန့်ထုတ်ပြန်ထားပါတယ်။

လမ်းပိုင်းအခက်အခဲကြောင့် ကုန်တင်ယာဉ်တွေ ဖြတ်သန်းသွားလာခွင့်ကန့်သတ်ခံရတဲ့အတွက် ကုန်သည်တွေဟာ အိမ်စီးကားအပါအဝင် မှန်လုံယာဉ်ငယ်တချို့နဲ့ ကုန်သွယ်မှုတွေ လုပ်ဆောင်နေတာကြောင့် သယ်ယူပို့ဆောင်ရေးစရိတ်ကြီးမြင့်မှုကို ရင်ဆိုင်နေရတာပါ။မြန်မာနိုင်ငံဟာ ထိုင်းနိုင်ငံရဲ့ ကုန်ပစ္စည်းတွေဖြစ်တဲ့ အခြေခံစားသောက်ကုန်၊ ဆေးဝါး၊ အလှကုန်၊ လူသုံးကုန်နဲ့ ဆောက်လုပ်ရေးသုံး ကုန်ပစ္စည်းတွေ အပါအဝင် အထွေထွေသုံး ကုန်ပစ္စည်းတွေကို ဒေသတွင်းမှာ အဓိကအသုံးပြုနေရတာ ဖြစ်ပါတယ်။

October 19, 2024
မွန်ပြည်နယ် မိုးစပါးရိတ်သိမ်းချိန်ကာလ  အချိန်မီစပါးရိတ်သိမ်းနိုင်ဖို့အတွက်...
October 15, 2024
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ ဒုစစ်ခေါင်းဆောင် ညွှန်ကြားချက်ကြောင့်...
October 14, 2024
မွန်ပြည်နယ် ရေးမြို့နယ် အစင်ကျေးရွာ ပင်လယ်ပြင်က ငါးဖမ်းလှေတွေနဲ့ ကျားဖောင်တွေမှာ ဝမ်းပျက်ဝမ်း...