လက်လွှတ်ဆုံးရှုံးထားသည့်နယ်မြေများ အေးချမ်းမှုမရှိစေရေး လက်နက်ဆန်းများဖြင့် တိုက်ခိုက်မည်ဟု စစ်ကောင်စီ ခြိမ်းခြောက်

လက်လွှတ်ဆုံးရှုံးထားသည့်နယ်မြေများ အေးချမ်းမှုမရှိစေရေး လက်နက်ဆန်းများဖြင့် တိုက်ခိုက်မည်ဟု စစ်ကောင်စီ ခြိမ်းခြောက်

တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထားသည့် နယ်မြေများတွင် ဒေသတွင်းအေးချမ်းမှုမရှိစေရေး လက်နက်ဆန်းများဖြင့် တိုက်ခိုက်သွားမည်ဟု စစ်ကောင်စီ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ NSPNC မှ ပြောဆိုခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၃ ရက်နေ့က တရုတ်နိုင်ငံ ကူမင်းမြို့တွင် ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တွေ့ဆုံစဉ် စစ်ကောင်စီဘက်က ယခုကဲ့သို့ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း တအာင်းတပ်မတော် (TNLA)  အတွင်းရေးမှူး ဗိုလ်မှူးချုပ် တာဘုန်းကျော်က ၎င်း၏လူမှုကွန်ရက်တွင် ရေးသားဖော်ပြထားသည်။

တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်ပေးမှုကြောင့် ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင် ဦးဆောင်သည့် စစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် ရက္ခိုင့်တပ်တော် ULA/AA၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA ၊ တအောင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တို့က ၃ ရက်ကြာ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံဆွေးနွေးစဉ်အတွင်း ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်က "မင်းတို့တိုင်းရင်းသားတွေရဲ့ မြို့ရွာဒေသတွေကို စစ် ရေးနည်းနဲ့ တိုက်ယူလို့ရခဲ့ရင်တောင် မင်းတို့ဒေသတွေ ဘယ်တော့မှ အေးချမ်းမှာမဟုတ်ဘူး။ ငါတို့မှာရှိတဲ့ လက်နက်ဆန်းတွေသုံးပြီး လေကြောင်းတိုက်ခိုက်ရေးနဲ့ အမြဲတမ်းဗုံးကြဲနေမှာပဲ" ဟု ပြောဆိုခဲ့ကြောင်း သိရသည်။

ထိုပြောဆိုမှုသည် တွေ့ဆုံဆွေးနွေးရေးအတွက် လမ်းစဖော်လာသည့် စစ်ကောင်စီ၏ သဘောထားအမှန်ကို ထုတ်ပြနေခြင်းသာဖြစ်ကြောင်း ဝါရင့် ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းမှ သုံးသပ်ပြောဆိုသည်။

"ဒါဟာခြိမ်းခြောက်ပြီးတော့ သူတို့နဲ့ဆွေးနွေးမှု အဆင်ပြေအောင် ခြိမ်းခြောက်အကြပ်ကိုင်တဲ့သဘောမျိုးလို့မြင်တယ်။ ပြီးတော့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးချင်ပါတယ်လို့ လက်ရှိ ကောင်စီဥက္ကဌက ပြောထားတဲ့အချိန်မှာတောင်မှ နိုင်ငံရေးမဆန်တဲ့စကားလုံးပေါ့ ခြိမ်းခြောက်ပြီးတော့ ဂုဏ်သိက္ခာရှိရှိနဲ့ ဆွေးနွေးမယ့်နေရာမျိုးမှာ ပြောလိုက်တယ်ဆိုတာက တော်တော်ကို စဉ်းစားမှု အားနည်းတယ်။ ဒါက သူတို့ရဲ့ရင်ထဲမှာ တကယ်ရှိတဲ့ စကားလုံးတွေကို စကားထဲက ဇာတိပြလိုက်တာပေါ့။ ပြီးတော့ ရှေ့ဆက်မယ့် ဆွေးနွေးပွဲလုပ်ပါမယ်ဆိုတဲ့ အခြေအနေတွေကတော့ တင်းမာမှုတွေကြောင့် ကြာဦးမယ်ပေါ့” ဟု သုံးသပ်သည်။

စစ်ကောင်စီသည် ယခုကဲ့သို့ ပြောဆိုမှုမတိုင်ခင်ကာလကတည်းက တိုင်းရင်းသားဒေသများနှင့် တော်လှန်ရေးနယ်မြေများတွင် လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်နေခဲ့သည်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP မှ တာဝန်ရှိသူတစ်ဦးကလည်း "စစ်ကောင်စီက အခုမှ ပြောတာ မဟုတ်ဘူး။ ပြောတာလည်းကြာပြီ။ လုပ်နေတာလည်းကြာပြီ။ လေကြောင်းတိုက်ခိုက်မှုတွေဆိုတာလည်း ဆက်တိုက်ပဲ။ သူတို့ (စစ်ကောင်စီ)ကတော့ စစ်တိုက်နေတာပဲ။ သူတို့အနေနဲ့ လာမယ့်ကာလတွေမှာ လေကြောင်းကို ပိုသုံးသွားမယ်ဆိုတာကိုပြောချင်တာလို့ပဲ မြင်တယ်။ ကျွန်တော်တို့အတွက်ကတော့ ထူးထူးခြားခြားမရှိပါဘူး" ဟု တုံပြန်ပြောဆိုသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့ နမ့်ခန်းမြို့ရှိ စစ်တပ်စခန်းကုန်းအား တော်လှန်ရေးတပ်များသိမ်းပိတ်ထားပြီးနောက် တပ်စွဲနေစဉ် စစ်တပ်မှ ဓာတုဗုံးဖြင့် လာရောက်တိုက်ခိုက်ခဲ့ကြောင်း TNLA က ထုတ်ပြန်ထားသည်။

စစ်ကောင်စီဘက်ကတော့ ဓာတုဗုံးဖြင့် တိုက်ခိုက်ခဲ့သည်ဆိုသည့် စွပ်ဆွဲချက်သည် မှန်ကန်မှုမရှိကြောင်း ငြင်းဆိုထားသည်။

ညီနောင်မဟာမိတ် ၃ ဖွဲ့၏ ထုတ်ပြန်ချက်များအရ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း စစ်ကောင်စီ၏ တပ်စခန်း ၄၀၀ ကျော်နှင့် မြို့ ၁၃ မြို့ကို သိမ်းပိုက်ထားကြောင်း သိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ငြိမ်းချမ်းရေးတံခါးများ အမြဲဖွင့်လှစ်ထားပြီး ငြိမ်းချမ်းရေးအတွက် ထာဝစဉ် ဖိတ်ခေါ်ကြောင်း ဒီဇင်ဘာလ ၂၄ ရက်နေ့က ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုခဲ့သေးသည်။

October 15, 2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ကမ်းနားလမ်းရှိ သပိတ်မျှောပွဲ ကျင်းပပြုလုပ်မည့်...
October 11, 2024
စစ်တပ်အာဏာသိမ်းပြီးနောက် မွန်ပြည်နယ်တွင် နယ်မြေမတည်မှုများနှင့် လုံခြုံမှုမရှိသည့်...
October 10, 2024
မြန်မာပြည်တောင်ပိုင်း မွန်၊ ကရင်၊ တနင်္သာရီ တို့တွင် စစ်ကောင်စီတပ်က...
October 8, 2024
မွန်ပြည်သူလူထုတို့ လိုလားနေသည့် မွန်လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းဆောက်ရွက်ရေးသည်...