လက်လွှတ်ထားရတဲ့ မြို့တွေ၊ တပ်စခန်းတွေကို စစ်ကောင်စီပြန်မယူနိုင်သေး

လက်လွှတ်ထားရတဲ့ မြို့တွေ၊ တပ်စခန်းတွေကို စစ်ကောင်စီပြန်မယူနိုင်သေး

လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ နိုင်ငံအနှံ့ကမြို့တွေ၊ တပ်စခန်းတွေကို စစ်ကောင်စီက လိုအပ်တဲ့တုံ့ပြန်မှုတွေ လုပ်ဆောင်သွားမယ်ဆိုပြီး ကြုံးဝါးထားပေမယ့် ဒီကနေ့အထိ ပြန်လည်ရယူနိုင်ခြင်း မရှိသေးပါဘူး။

လက်ရှိအချိန်ထိ စစ်ကောင်စီဟာ နိုင်ငံအနှံ့ရှိ တပ်စခန်းပေါင်း ၄၅၀ ထက်မနည်း လက်လွှတ် ဆုံးရှုံးထားရသလို မြို့ပေါင်း ၂၀  ထက်မနည်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ PDF ပူးပေါင်းတပ်တို့ရဲ့  တိုက်ခိုက်သိမ်းပိုက်ခြင်း ခံထားရတာပါ။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ၁၀၂၇ စစ်ဆင်ရေးအတွင်း ပါဝင်နေတဲ့ မဟာမိတ်တပ်ဖွဲ့တွေကို တန်ပြန်ချေမှုန်းသွားမှာဖြစ်သလို တိုက်ခိုက်မှုတွေကိုလည်း လိုအပ်တဲ့တုံ့ပြန်မှုတွေ လုပ်သွားမယ်လို့ ပြီးခဲ့တဲ့နိုဝင်ဘာလအတွင်း နှစ်ကြိမ်ထက်မနည်း ကြုံးဝါးခဲ့တာ ဖြစ်ပါတယ်။

စစ်ရေးအကဲခတ်တွေနဲ့ စစ်တပ်အရာရှိဟောင်းတွေရဲ့ သုံးသပ်ချက်အရ စစ်ကောင်စီအနေနဲ့ လက် လွှတ်ခံထားရတဲ့ မြို့တွေ၊ တပ်စခန်းတွေကို တိုက်စစ်ဆင်ပြီး ပြန်သိမ်းယူဖို့ အင်အားမရှိသလို လက် ရှိအနေအထားမှာ ဘယ်လိုမှမဖြစ်နိုင်ဘူးလို့ ဆိုကြပါတယ်။

CDM လေတပ် တပ်ကြပ်ကြီးဇေယျကလည်း စစ်တပ်ဟာ နောက်ထပ်စခန်းတွေ ထပ်မကျဖို့ ခံစစ်ကိုပဲ အသည်းအသန် ခုခံနေရတဲ့ အနေအထားမှာ ထောင်ကျနေတဲ့ စစ်သားတွေကို ထုတ်နုတ်ပြီး ပြန်တိုက်နေရတာလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“သူတို့မှာ လက်ရှိနောက်ထပ်စခန်းတွေ ထပ်မကျဖို့ ခံစစ်ကိုပဲ အသည်းအသန် လေကြောင်း၊ ရေ ကြောင်းအင်အားတွေသုံးပြီး ခုခံနေရတဲ့ အနေအထားမှာ ရောက်နေတာပေါ့။ နောက်တစ်ခုက အင် အားက ဘယ်လောက်အထိ အခြေအနေဆိုးလဲဆို အခုလက်ရှိ ထောင်ထဲမှာရှိတဲ့ စစ်သားတွေကို ထုတ်နုတ်ပြီးတော့ ပြန်တိုက်နေတာပဲ။ အရပ်ဘက်ထောင်ထဲက လူတွေကိုမထုတ်ခင်မှာ စစ်ဘက်ထောင်ထဲက လူတွေဆိုအများကြီးပဲ အကုန်ထုတ်ပြီးသွားပြီ။ ဒီကာလမှာ တပ်ထဲကခိုးမှုဖြစ်ဖြစ် အခြားအမှုတွေဖြစ်တဲ့ အမှုရပ်ဆိုင်းပလပ်ပြီးတော့ ဒီလူတွေကို ရှေ့ တန်းပို့ပြီး တိုက်တာ”လို့ ဆိုပါတယ်။

တပ်ပြေးတွေကို ပြင်းပြင်းထန်ထန် အရေးယူလေ့ရှိတဲ့ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃ ရက်နေ့မှာ တော့ စစ်တပ်မှာ တာဝန်ထမ်းဆောင်လိုတဲ့ စစ်ပြေးတွေကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးပြီး နီးစပ်ရာတပ်တွေမှာ ပြန်လည်လက်ခံသွားမယ်ဆိုတဲ့ ကြေညာချက်ကိုကြည့်ရင် အင်အားချိနဲ့လာနေတဲ့ အခြေအနေပါ။

NUG ယာယီသမ္မတ ဒူဝါလရှီးလရဲ့ နှစ်သစ်မိန့်ခွန်းအရ ၁၀၂၇ စစ်ဆင်‌ရေးကာလအတွင်း စစ်ကောင် စီတပ်သားတွေရဲ့ စခန်းစွန့်ခွာ ထွက်ပြေးမှုနဲ့ လက်နက်ချအညံ့ခံမှုတွေဟာ စစ်ရေးသမိုင်းမှာ မကြုံဖူးတဲ့ အရေအတွက်ဖြစ်ပြီး တပ်သား ၅၅၀ ကျော် လက်နက်ချအညံ့ခံခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီကတော့ ၁၀၂၇ စစ်ဆင်ရေးကာလမှာ တပ်ဖွဲ့ဝင်တွေ တိုက်ပွဲအတွင်း လက်နက်ချအညံ့ခံတာနဲ့ ပတ်သက်ပြီး ဘယ်တုန်းကမှ သတင်းထုတ်ပြန်လေ့မရှိပါဘူး။

နိုင်ငံရေး၊ စစ်ရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က စစ်ခေါင်းဆောင်တွေရဲ့ ဦးစီးဦးဆောင်မှုကို အယုံအကြည်မရှိတဲ့ တပ်ဖွဲ့ဝင်အတော်များများဟာ အသေခံတိုက်မနေဘဲ လက်နက်ချမယ့်စိတ်ဓာတ်တွေ ပျံ့နံ့သွားတာလို့ သုံးသပ်ပါတယ်။

“စိတ်ဓာတ်ရေးရာအရ အကူအကာမဲ့နေတဲ့ စစ်ကောင်စီရဲ့ တပ်ဖွဲ့တပ်သားတွေဟာ ခုခံမှုမလုပ်ဘဲ လက်နက်ချ အညံ့ခံတာတွေ တော်တော်များပါတယ်။ ဆိုလိုတာက စစ်ကောင်စီ ခေါင်းဆောင်တွေရဲ့ ဦးစီးဦးဆောင်မှု အယုံကြည်မရှိတဲ့ တပ်တော်တော်များများက အသေခံတိုက်မနေတော့ဘူး။ လက် နက်ချမယ်ဆိုတဲ့ စိတ်ဓာတ်တွေ တော်တော်စိမ့်ဝင်ပျံ့နှံ့သွားတဲ့အတွက် ဒီတော်လှန်ရေးက အချိန်တိုအတွင်း ဒီလောက်အောင်မြင်တာလို့ ကျွန်တော်သုံးသပ်ပါတယ်”လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာနှောင်းပိုင်းမှာ ညီနောင်မဟာမိတ်သုံးဖွဲ့က ရှမ်းမြောက်ရှိ စစ်ကောင်စီရဲ့ တပ်စခန်း ရဲစခန်းတွေအပါအဝင် တပ်စွဲထားတဲ့ နေရာတွေကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာနဲ့ တပြိုင်နက် ၁၀၂၇ စစ်ဆင်ရေးအမည်နဲ့ စစ်ကြေညာခဲ့တာပါ။

၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ စစ်ရေးအထိနာနေချိန်မှာ စစ်ကိုင်း၊ ချင်း၊ ကချင်၊ ရခိုင်၊ ပဲခူး၊ ကရင်နဲ့ ကရင်နီဒေသမှာ လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေက မြို့သိမ်း စခန်းသိမ်း တိုက်ပွဲအဖြစ် စစ်ကောင်စီကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိအချိန်ထိ အဲဒီဒေသတွေမှာ တိုက်ပွဲတွေဆက်ရှိနေသလို ရှမ်းမြောက်မှာလည်း ၁၀၂၇ စစ် ဆင်ရေးဟာ အရှိန်မပျက်၊ အရသာမပျက် မူလအတိုင်း ပုံမှန်ရှိနေတာကြောင့် စစ်ကောင်စီ ခြေကုပ်ယူထားတဲ့ တပ်စခန်းတွေ ဆက်လက်တိုက်ခိုက်သိမ်းပိုက်ခံနေရတာပါ။

စစ်ရေးအကဲခတ်တစ်ဦးကတော့ စစ်တပ်အနေနဲ့ ခံစစ်အသွင်ပြောင်းရတဲ့အခါ စစ်ဌာနချုပ်တွေကို အကာအကွယ်ပေးဖို့ အားစိုက်နေချိန်မှာ လက်လွှတ်ခဲ့ရတဲ့ စစ်စခန်းတွေ၊ စစ်နယ်တွေကို ပြန်တိုက်ယူဖို့ အလားလာမရှိသေးဘူးလို့ သုံးသပ်ပါတယ်။

“မြန်မာစစ်တပ်ရဲ့တပ်ဖွဲ့စည်းမှုမှာ နဂိုမူလအားနည်းချက်တခုက နယ်မြေအနှံ့ ဖြန့်ကျက်ထားရတယ်။ ၂၀၂၁ အာဏာသိမ်းမှုကြောင့် သူ့မှာလည်း အင်အားပြုန်းတီးသွားတဲ့နေရာမှာ အားပြန်ဖြည့်တာတွေ မလုပ်နိုင်တာတွေကြောင့် စစ်မျက်နှာကို ပြန်ပြီးတော့ ချုပ်နေရတာ။ ဆိုတော့ ခံစစ်အသွင်ပြောင်းရတဲ့အခါ ဗျူဟာမြောက် စစ်ဌာနချုပ်တွေကို အကာအကွယ်ပေးဖို့ တပ်ဆုတ်ပြီးတော့ပြန်စုစည်းနေရတယ်။ အဲဒီခံစစ်အတွက် အားစိုက်ခုခံနေရတဲ့အချိန်မှာ လက်လွှတ်ခံရတဲ့စစ်စခန်းနဲ့ စစ်နယ်တွေကို ချက်ချင်းပြန်တိုက်ဖို့ အလားအလာမရှိသေးပါဘူး။ ဒါပေမဲ့ လေကြောင်းနဲ့ ခြိမ်းခြောက်တာတို့ လက် နက်ကြီးနဲ့ ရမ်းသမ်းပစ်တာတို့ ဆက်လုပ်နေမှာပဲ”လို့ ဆိုပါတယ်။

စစ်ကောင်စီအနေနဲ့ စစ်ရေးတင်းမာတဲ့ ဒေသတွေအပါအဝင် တိုက်ပွဲဖြစ်ပွားတဲ့ နေရာတွေမှာ လက် နက်ကြီးနဲ့ လေကြောင်းပစ်ကူတွေကို အဓိကထား တန်ပြန်တိုက်ခိုက်နေရတဲ့ အခြေအနေဖြစ်ပြီး မြေပြင်တိုက်ပွဲအတွင်း စစ်ကူပေးဖို့ အင်အားမထုတ်နုတ်နိုင်တော့ဘူးလို့ သုံးသပ်တာတွေလည်း ရှိနေပါတယ်။

နိုင်ငံ့အာဏာကို သိမ်းယူထားတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ၂၀၂၄ ခုနှစ်မှာ အဓိကအားဖြင့် စီးပွားရေးပိုမိုကောင်းမွန်အောင် ကြိုးပမ်းသွားမယ်လို့ ပြောဆိုခဲ့ပြီး စစ်ရေးဆိုင်ရာ ကိစ္စရပ်ကိုတော့ နှစ်သစ်မိန့် ခွန်းမှာ ထည့်သွင်းပြောဆိုခြင်း မရှိခဲ့ပါဘူး။

ဒါပေမယ့် စစ်ကောင်စီအနေနဲ့ ချမှတ်ထားတဲ့ အမျိုးသားရေး၊ နိုင်ငံရေးရည်မှန်းချက်တွေအပါအဝင် ရှေ့လုပ်ငန်း စဉ်တွေနဲ့ ဦးတည်ချက်တွေကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ဖို့ ပြည်သူနဲ့ လက်တွဲပြီး ဆက်လုပ်သွားမယ်လို့ ဆိုထားပါတယ်။

October 19, 2024
မွန်ပြည်နယ် မိုးစပါးရိတ်သိမ်းချိန်ကာလ  အချိန်မီစပါးရိတ်သိမ်းနိုင်ဖို့အတွက်...
October 15, 2024
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ ဒုစစ်ခေါင်းဆောင် ညွှန်ကြားချက်ကြောင့်...
October 14, 2024
မွန်ပြည်နယ် ရေးမြို့နယ် အစင်ကျေးရွာ ပင်လယ်ပြင်က ငါးဖမ်းလှေတွေနဲ့ ကျားဖောင်တွေမှာ ဝမ်းပျက်ဝမ်း...