တရုတ်စီမံကိန်းများတည်ရှိရာ ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီက အခိုင်အမာ စစ်ရေးပြင်ဆင်မှုများ ပြုလုပ်လာ

တရုတ်စီမံကိန်းများတည်ရှိရာ ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီက အခိုင်အမာ စစ်ရေးပြင်ဆင်မှုများ ပြုလုပ်လာ
 ကျောက်ဖြူလေဆိပ်အားမြင်တွေ့ရစဉ်
ကျောက်ဖြူလေဆိပ်အားမြင်တွေ့ရစဉ်

တရုတ်၏ အရေးပါသည့် ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများတည်ရှိရာ ကျောက်ဖြူမြို့နယ်တွင် တိုက်ပွဲများ ဖြစ်ပွားလာပြီးနောက် ရက္ခိုင့်တပ်တော် (AA) ၏ ထိုးစစ်ဆင် တိုက်ခိုက်လာမှုကို ခုခံရန် စစ်ကောင်စီက အခိုင်အမာ စစ်ရေး ပြင်ဆင်တည်ဆောက်နေကြောင်း ဒေသခံများကပြောသည်။

ကျောက်ဖြူမြို့ပတ်လည်က AA ဝင်ရောက်လာနိုင်သည်ဟု ယူဆရသည့် ချောင်းတွင်းပိုင်းနေရာများတွင် ခုခံတိုက်ခိုက်ရေးအတွက် ဘန်ကာအနည်းဆုံး ၁၀ ခုခန့်ကို တည်ဆောက်နေရာယူထားပြီး လက်နက်ကြီးတပ်များလည်း ဖွဲ့စည်းနေရာယူထားကြောင်း ကျောက်ဖြူဒေသခံများက ပြောသည်။

" ကျောက်ဖြူမြို့ ပတ်ပတ်လည်မှာ စစ်တပ်က ဘန်ကာတွေဆောက်ပြီးတော့ အခုနေ့ရောညပါ နေရာယူထားပါတယ်။ အဲဒီသူတို့ဘန်ကာဆောက်ထားတဲ့ ဧရိယာတဝိုက်ပြည်သူတွေ သွားလာခွင့်ကိုလည်း ပိတ်ထားတယ်" ဟု ကျောက်ဖြူဒေသခံ တက်ကြွလှုပ်ရှားသူ လူငယ်တစ်ဦးကပြောသည်။

ကျောက်ဖြူမြို့ ၊ ငလပွေ့ရပ်ကွက် ပြင်ဖြူမော်မှ ကုလဘာတောင်ရပ်ကွက် အိုးလယ်ဆိပ်အထိ ကာရီ(ဆည်ဘောင်)တလျှောက် ဘန်ကာ အနည်းဆုံး ၁၀ ခုခန့်တည်ဆောက်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၀ လောက်က နေ့ရော ညပါ နေရာယူထားခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။

" ကာရီဘောင်တလျှောက်မှာ ဘန်ကာတွေဆောက်ထားတာပါ။ အဲဒီမှာ စက်သေနတ်တွေ၊ ၆၀ မမ စိန်ပြောင်းလိုမျိုးတွေလည်း ချထားပါတယ်။ ချောင်းတွင်းပိုင်းနေရာတွေက AA က ဝင်လာပြီး တိုက်ခိုက်မှာ ကြောက်လို့ထင်တယ်" ဟု ကျောက်ဖြူဒေသခံလူငယ်တစ်ဦးကပြောသည်။

ကျောက်ဖြူမြို့ ငပပွေ့ရပ်ကွက် ချောင်းကပ်စပ်တလျှောက်တွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ဝန်းကျင်က ဘန်ကာများတည်ဆောက်နေရာယူထားကြောင်း မြို့ခံများကပြောသည်။

ကျောက်ဖြူမြို့တွင် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်က သစ်ပုတ်တောင် ဓညဝတီရေတပ်ဌာနချုပ်အနီး စစ်ကောင်စီယာဉ်တစ်စီးကို ရက္ခိုင့်တပ်တော် AA ကကြားဖြတ်တိုက်ခိုက်၍ နှစ်ဘက်တိုက်ပွဲဖြစ်ပွားမှု ရှိခဲ့သည်။

ဒီဇင်ဘာလ (၂၃) ရက် နံနက် ၁၀ နာရီခွဲခန့် ၌ ကျောက်ဖြူမြို့နယ်၊ စနဲမြို့ မြောက်ဘက် မီတာ (၁၃၀၀) ခန့် အကွာအဝေးရှိ စနဲမြို့နှင့် အဝတောင် ကျေးရွာကြားတွင်လည်. တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်သား ၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း  ညီနောင်သုံးဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရခိုင်မြို့နယ်များတွင် တိုက်ပွဲပြင်းထန်နေပြီး ကျောက်ဖြူမြို့နယ်အထိ တိုက်ပွဲများ ကျယ်ပြန့်လာသော်လည်း တရုတ်ရင်းနှီးမြှုပ်နှံမှုစီမံကိန်း အထူးစီးပွားရေးဇုန်ထဲတွင် ပါဝင်သည့် ရေနက်ဆိပ်ကမ်းနောက်ဆက်တွဲစာချုပ် (Addendum)ကို ဒီဇင်ဘာလ ၂၆ ရက်က လက်မှတ် ရေးထိုးခဲ့သည်။

ရေနက်ဆိပ်ကမ်းအကောင်ထည်ဖော်သည်နှင့် ဒေသခံများ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိလာမည်ဟု စစ်ကောင်စီ၏သတင်းစာများက မက်လုံးပေးရေးသားဖော်ပြနေသော်လည်း အမေရိကန်ဒေါ်လာ ဘီလီယံချီ ဝင်ငွေရရှိနေသည့် ရွှေသဘာ၀ ဓာတ်ငွေ့စီမံကိန်းကဲ့သို့ စီမံကိန်းများမှ ဒေသခံများ တစ်စုံတစ်ရာ အကျိုးခံစားခွင့်မရဘဲ လယ်ယာမြေများဆုံးရှုံး၊ ငါးဖမ်းလုပ်ကွက်များ ဆုံးရှုံးမှု ဖြစ်မည်ကို  ဒေသခံပြည်သူများက စိုးရိမ်မှု ရှိနေကြသည်ဟု ဆိုသည်။

လက်ရှိတွင်လည်း စစ်ကောင်စီက ကျောက်ဖြူဒေသခံများ၏ သွားလာခွင့်၊ ငါးဖမ်းခွင့်ကို ဒေသန္တရအမိန့်ထုတ်ကာ ရုတ်သိမ်းထား၍  စားနပ်ရိက္ခာ ပြတ်လပ်ကာ ဒေသခံပြည်သူများမှာ အထူးဒုက္ခရောက် နေကြရသည်ဟု သတင်းရရှိသည်။

October 18, 2024
ရခိုင်ပြည်တွင် စပါးစျေးမရသည့်အပြင် ယခင်နှစ် စိုက်ပျိုးရာသီမှ ထွက်ရှိလာသော စပါးများကို ယခုနှစ်...
October 16, 2024
ရခိုင်ပြည်၊မောင်တောမြို့၊ နခခ(၅)တပ်ရင်းအား အာရက္ခတပ်‌တော် (AA)  နေစဉ်ရက်ဆက် ထိုးစစ်ဆင်...
October 15, 2024
ရခိုင်ပြည် တောင်ဘက်အစွန်ဆုံး ဂွမြို့နယ်၏မြောက်ပိုင်းတွင် တိုက်ပွဲတွေပြင်းထန်နေသည့်အတွက်...
October 14, 2024
ရခိုင်ပြည်၊ တောင်ကုတ်မြို့မှ  စစ်ဘေးရှောင်သွားကြသည့်  နေအိမ်များ၏ လူဦးရေစာရင်းကို...