လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ-IPCM အား တရားဝင် အတည်ပြုဖွဲ့စည်း

လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ-IPCM အား တရားဝင် အတည်ပြုဖွဲ့စည်း

ပြည်တွင်းပြည်ပရှိ သတင်းမီဒီယာများအပါအဝင် တစ်သီးပုဂ္ဂလသတင်းမီဒီယာများ၊ တိုင်းရင်းသားမီဒီယာများ နှင့် ဒေသအခြေပြုမီဒီယာများပါဝင်သည့် လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ-IPCM ကို တရားဝင် အတည်ပြု ဖွဲ့စည်းလိုက်ကြောင်း ဒီဇင်ဘာလ(၂၀)ရက်နေ့မှ (၂၂)ရက်နေ့အထိ ထိုင်းနိုင်ငံတစ်‌နေရာတွင် ကျင်းပ ပြုလုပ်သော ဒုတိယအကြိမ် ကောင်စီညီလာခံအပြီးတွင် ထုတ်ပြန်ကြေညာသည်။

မြန်မာသတင်းမီဒီယာများ၏ လွတ်လပ်ခွင့်မြှင့်တင်ရန်၊ သတင်းသမားများ လုံခြုံရေးနှင့်အကာအကွယ်ရရှိရန်၊ ဒေသတွင်းနှင့်နိုင်ငံတကာ သတင်းမီဒီယာ‌ကောင်စီများ နှင့် တရားဝင်ချိတ်ဆက်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ IPCM ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း IPCM ၏ ဥက္ကဌဖြစ်သလို ကရင်သတင်းဌာန ကေအိုင်စီ၏ အယ်ဒီတာချုပ် ‌နန်းဖော့ဂေက ယခုလိုပြောသည်။  

“ဒီကာလမှာ စစ်တပ်လက်အောက်ခံမီဒီယာတွေက မြန်မာနိုင်ငံရဲ့သတင်းမီဒီယာကို ကိုယ်စားပြုပြီး နိုင်ငံတကာ မီဒီယာအစည်းအဝေးတွေမှာတက်ရောက်တာပြီးရင် မြန်မာနိုင်ငံက အခြားမီဒီယာတွေရဲ့သတင်းတွေဟာ သတင်းတု သတင်းမှားတွေပါဆိုပြီး ပြောဆိုနေခြင်းက ပြည်သူရဲ့အခွင့်အရေးကိုဖော်ပြတဲ့မီဒီယာတွေအတွက် စိန်ခေါ်မှုဖြစ်တယ်ဆိုတာအပေါ်မှာ အခြေခံပြီး ကိုယ့်တိုင်းပြည်အတွက် IPCM ဟာ ရှိသင့်တယ်ဆိုတဲ့ ရည်ရွယ် ချက်နဲ့ ဖွဲ့စည်းတာပါ” ဟု ပြောသည်။

ထို့အပြင် ယခုပြုလုပ်သည့် ညီလာခံမှ ကောင်စီ၏ဖွဲ့စည်းပုံအခြေခံဥပဒေ(မူကြမ်း)အတည်ပြုရေးဆွဲခြင်း၊ ကော်မတီဝင်များရွေးကောက်တင်မြှောက်ခြင်း နှင့် ရှေ့လုပ်ငန်းစဉ်များ‌ ဆွေးနွေးအတည်ပြုခြင်းတို့ကိုလည်း လုပ်ဆောင်နိုင်ခဲ့ကြောင်း ညီလာခံအပြီး ထုတ်ပြန်ချက်အရ သိရသည်။

ဆက်လက်ပြီး IPCM ၏ ရှေ့ဆက်လုပ်ငန်းစဉ်များအဖြစ်  စစ်ကောင်စီ၏ဖမ်းဆီးထိန်းသိမ်းခြင်းခံနေရသည့် သတင်းသမားများပြန်လည်လွတ်မြောက်ရေးအတွက် နည်းလမ်းရှာလုပ်ဆောင်ခြင်းအပြင် သတင်းမီဒီယာ ကျင့်ဝတ်များ ထိန်းညှိဆောင်ရွက်ခြင်း နှင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၊ NUG ကဲ့သို့ အစုအဖွဲ့များနှင့် ချိတ်ဆက်၍လည်း သတင်းအချက်အလက်ရယူခွင့်၊ လွတ်လပ်စွာထုတ်ဖော်ခွင့်များ အတွက်လုပ်ဆောင်သွားမည့်အကြောင်း IPCM ကဆိုသည်။

ဆက်လက်၍ IPCM ၏ ဥက္ကဌ နန်းဖော့ဂေက “အခုမှစဖွဲ့စည်းတဲ့အခါကျတော့ ချက်ချင်းကြီး လုပ်ဆောင်သွား နိုင်ဖို့က အချိန်ယူပြီးဆက်လက်လုပ်ဆောင်ရမှာပါ။ ကောင်စီရဲ့လုပ်ငန်းစဉ်တွေကို အားပေးထောက်ခံတဲ့ နေရာ ဒေသအသီးသီးက သတင်းထောက်တွေအားလုံးရဲ့ အကြံပြုချက်၊ ပူးပေါင်းပါဝင်မှုနဲ့ ကိုယ့်အခက်အခဲတွေကို ဖလှယ်ပေးပို့လာကြဖို့ ပြောချင်တယ်” ဟု ဖြည့်စွက်ပြောသည်။

ထို့အပြင် အာဏာသိမ်းကာလနောက်ပိုင်း မြန်မာနိုင်ငံရှိသတင်းသမားများအနေဖြင့်  သတင်းအလုပ် မလုပ် ဆောင်နိုင်တော့ခြင်း၊  ရပ်တည်ရေးမလောက်ငှခြင်းအပြင် စစ်တပ်၏ဖမ်းဆီးသတ်ဖြတ် တရားစွဲဆိုခံရခြင်း များအား IPCM က အချက်အလက်ကောက်ခံ စာရင်းပြုစု၍ (၆)လတစ်ကြိမ် အစီရင်ခံစာများ ထုတ်ပြန်သွားရန် ရှိကြောင်းလည်း IPCMက ဆိုသည်။

ယနေ့ ပြုလုပ်ပြီးစီးသော IPCM ၏ ညီလာခံအတွင်း အမှုဆောင်ကော်မတီဝင်များအဖြစ် ဥက္ကဌ၊ ဒု-ဥက္ကဌ၊ အတွင်းရေးမှူး၊ တွဲဘက်အတွင်းရေးမှူးနှင့် ဘဏ္ဍာရေးမှူးအပါအဝင် ကောင်စီဝင် (၁၀)ဦးအား လျှို့ဝှက်မဲ ပေးစနစ်ဖြင့် ရွေးကောက်တင်မြှောက်ခဲ့ကြကြောင်း သိရသည်။

ပြည်တွင်းပြည်ပရှိ လွတ်လပ်သော မြန်မာမီဒီယာ (၃၈)ဖွဲ့နှင့် တစ်သီးပုဂ္ဂလ သတင်းမီဒီယာများအပါအဝင် စုစု ပေါင်း (၇၇)ဦးတက်ရောက်ခဲ့ကြသော IPCM ၏ ညီလာခံတွင် စစ်ကောင်စီ၏ ဖမ်းဆီးထိန်းသိမ်းခြင်းခံနေရသော သတင်းမီဒီယာသမားများကို ချွင်းချက်မရှိပြန်လွတ်ပေးရန်လည်း တက်ရောက်လာသူများက တောင်းဆိုခဲ့ကြ သည်။

October 18, 2024
မြဝတီမြို့တောင်ဘက်ရှိ လေးကေ့ကော်မြို့သစ်အနီးရှိ  စစ်ကောင်စီ၏  စွယ်တော်ကုန်း  (...
October 16, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၇)နယ်မြေ၊ ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ်၊ ပေါင်ကျေးနယ်...
October 16, 2024
တနင်္သာရီတိုင်းဒေသကြီး၊ ဘိတ်ခရိုင်၊ ပုလောမြို့နယ်၊ မီးလောင်ချောင်းကျေးရွာဘက်သို့...
October 15, 2024
သန်းခေါင်စာရင်းကောက်ယူပြီးနောက်ပိုင်း ရွေးကောက်ပွဲအကြိုဆိုင်ရာ လုပ်ငန်းစဉ်ကဏ္ဍများတွင်...