‘၁၀၂၇ စစ်ဆင်ရေး’ နောက်ပိုင်း စစ်ကောင်စီက ရခိုင်အပါအဝင် စစ်မျက်နှာများတွင် ဂျက်ဖိုက်တာများ၊ ရဟတ်ယာဉ်များနှင့် တိုက်ခိုက်မှုအပြင် တရုတ်ထုတ် Y-12 အပေါ့စားသယ်ပို့လေယာဥ်များဖြင့် ဗုံးကြဲတိုက်ခိုက်မှု အကြိမ်ရေ ၂၀ အထက်ပြုလုပ်ခဲ့ကြောင်း လေကြောင်းစောင့်ကြည့်ရေးအဖွဲ့ Enemy Air Route (EAR) ထုတ်ပြန်သည်။
စစ်ကောင်စီတပ်သည်အဆိုပါ တရုတ်ထုတ် Y-12 လေယာဥ်ဖြင့် နိုဝင်ဘာလ ၂၀ ရက်မှ ဒီဇင်ဘာလ ၃ ရက်အထိ ရှမ်းမြောက်၊ရခိုင်၊ ကရင်၊ကရင်နီ၊ ချင်း၊စစ်ကိုင်း စစ်ရေးနယ်မြေများတွင် လေကြောင်း တိုက်ခိုက်မှု အကြိမ် ၂၀ အထိပြုလုပ်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
အဆိုပါလေကြောင်းတိုက်ခိုက်မှုအကြိမ် ၂၀ အတွင်း Y-12 လေယာဉ်များမှ တစ်ကြိမ်လျှင် ဗုံး ၄ လုံးမှ ၄၅ လုံးအထိ ကြဲချခဲ့သည်ဟုဆိုသည်။
စစ်ကောင်စီက Y-12 လေယာဉ်များကို လေ့ကျင့်ရေး၊ သယ်ယူပိုဆောင်ရေး၊လေထီးခုန် လေ့ကျင့်ရေးနေရာများတွင် အများဆုံးအသုံးပြုခဲ့ပြီး ယခုကာလတွင်မူ လေကြောင်းတိုက်ခိုက်ရေး အတွက်ပါ အသုံးပြုလာခြင်းဖြစ်ကြောင်း EAR ထုတ်ပြန်ချက်ကဆိုသည်။
အဆိုပါ Y-12 လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်မှုများက ပစ်မှတ်ကို သေချာချိန်ရွယ်ကြဲချခြင်း မဟုတ်သည့်အတွက် ထိရောက်မှုအားနည်မည်ဖြစ်သော်လည်း ယခုအချိန်တွင်စစ်ကောင်စီက အရပ်သားပစ်မှတ်များကိုပါ အဓိကဗုံးကြဲတိုက်ခိုက်နေသည့်အတွက် သတိလက်လွတ်ပေါ့ဆ၍ မရကြောင်း EAR က သတိပေးထားသည်။
Y-12 လေယာဉ်များ မိမိနေထိုင်ရာပတ်ဝန်းကျင်သို့ ရောက်လာသည်နှင့် အရပ်သားများအနေဖြင့် အလုံခြုံဆုံးနေရာများဖြစ်သည့် ဗုံးခိုကျင်း၊ကတုတ်ကျင်းများတွင် ပုန်းအောင်းနေရန်နှင့် ဂျက်ဖိုက်တာလောက် မမြန်သည့်အတွက် လေယာဉ်လာလျှင် ကြိုတင်ပြင်ဆင်ချိန် ပိုမိုရရှိကြောင်း ဆိုသည်။
Y-12 လေယာဥ်များမှာရုတ်နိုင်ငံပိုင် Harbin Aircraft Industry Group မှ ထုတ်လုပ်သည့် အင်ဂျင်နှစ်လုံးတပ် အပေါ့စားဘက်စုံသုံးသယ်ယူပို့ဆောင်ရေး လေယာဥ်အမျိုးဖြစ်ကြောင်း ဖော်ပြထားသည်။
Y-12 လေယာဉ်များ၏အားသာချက်အနေဖြင့် မိုင် ၈၀၀ အကွာအဝေးထိ ပျံနိုင်ပြီး လေထဲတွင် ၅ နာရီကျော်ကြာအောင်ပျံသန်းနိုင်ခြင်း၊ကိုယ်ထည် သေးငယ်ပြီး ပြေးလမ်းတိုတိုသာလိုအပ်၍ လေယာဉ်ကွင်းမရွေးဘဲ တက်ဆင်းနိုင်ခြင်းတို့ ဖြစ်ကြောင်း EAR ကဆိုသည်။
အားနည်းချက်များအနေဖြင့် လေယာဉ်သေး ငယ်ပြီး အင်ဂျင်ပါဝါ အားနည်းသည့်အတွက် အလေးချိန်(လူ၊ လက်နက်) များများမတင်သည့်အပြင်၊ တိုက်ခိုက်ရေးအတွက် ထုတ်လုပ်ထားခြင်းမဟုတ်၍ ဂျက်ဖိုက်တာများကဲ့သို့ အမြင့်ပေများများ အရှိန်မြန်မြန်တက်ခြင်း၊ အရှိန်မြန်မြန်မောင်းခြင်း၊လမ်းကြောင်းအမြန်ပြောင်းခြင်းတို့ပြုလုပ်မရဟု ဆိုသည်။
စစ်ကောင်စီက တိုက်ခိုက်ရေးအတွက်အသုံးပြုလာသည့် Y-12 လလေယာဉ်များမှာ ပေ (၅၀)အရှည်ဝန်းကျင်ရှိပြီး ကိုယ်ထည်လေးထောင့် ဆန်ဆန်ရှိကြောင်း၊ တောင်ပံအောက်တွင် ပန်ကာတစ်ဖက်တစ်လုံးစီပါပြီး ဘီးအတင်အချလုပ်၍မရကြောင်း၊ လေယာဉ်အသံမှာ ယင်ကောင်အသံကဲ့သို့တဝီဝီမြည်ကြောင်း EAR ၏ထုတ်ပြန်ချက်ကဆိုသည်။
EAR ကရရှိထားသည့် မြေပြင်အချက်အလက်များနှင့် တပ်တွင်း သတင်းရင်းမြစ်များအရ Y-12 လေယာဉ်ပေါ်တွင် ဗုံးသီးများကိုတင်ဆောင်ပြီး လေယာဉ်၏အနောက်ဘေးတံခါးကိုဖွင့်ကာ ကြဲချနေကြောင်းလည်း ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် လက်ရှိစစ်ကောင်စီက တိုက်ခိုက်ရေးအသုံးပြုနေသည့် Y-12 လေယာဉ်၆ စီးရှိပြီး မှော်ဘီ၊မကွေး၊နေပြည်တော်၊ မုံရွာနမခ ၊ မော်လမြိုင် ရတခနှင့် တောင်ငူလေဆိပ်၊ လေတပ်များမှ တက်ဆင်းပျံသန်းမှုများ ပြုလုပ်နေသည်ဟု ဆိုသည်။