မွန်လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေကို ‘မိုးရွာချိန်ခဏဖားအော်တာ’ လို့ မွန်ပြည်သစ်ဥက္ကဌဝေဖန်

မွန်လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေကို ‘မိုးရွာချိန်ခဏဖားအော်တာ’ လို့ မွန်ပြည်သစ်ဥက္ကဌဝေဖန်

အာဏာသိမ်းကာလအတွင်း ပေါ်ပေါက်လာတဲ့ မွန်လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေဟာ ခဏပေါ်လာတာဖြစ်ပြီး ‘မိုးရွာချိန်ခဏဖားအော်တာ’ လို့ ဝါရင့်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်း မွန်ပြည်သစ်ပါတီဥက္ကဌ နိုင်ဟံသာက ဝေဖန်လိုက်ပါတယ်။

ဒီဇင်ဘာ ၁၇ ရက်နေ့မှာ လွတ်လပ်သော မွန်သတင်းအေဂျင်စီကနေ ထုတ်လွှင့်ခဲ့တဲ့ နိုင်ဟံသာနဲ့ လူချင်းတွေ့ ဆုံပြီးမေးမြန်းထားတဲ့ သီးသန့်အင်တာဗျုးမှာ မွန်ဘာသာနဲ့ ပြောဆိုခဲ့တာပါ။

နိုင်ဟံသာက အာဏာသိမ်းကာလအတွင်း ပေါ်ပေါက်လာတဲ့ မွန်တော်လှန်ရေးအဖွဲ့သေးသေးလေးတချို့ဟာ မွန်ပြည်သစ်ပါတီက ဘာမှမပစ်ခတ်တော့ သူတို့လည်းမရပ်ခံနိုင်လို့ သူတို့နည်းသူတို့ဟန် လုပ်ကြတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် သူတို့အင်အားက ဘယ်လောက်မှမကြီးဘဲ ခဏပေါ်လာတဲ့ သဘောလို့ပြောရမှာဖြစ်ပြီး မိုးရွာချိန် ခဏဖားအော်တာဖြစ်တဲ့အတွက် သူတို့ချည်းဒီအတိုင်းလွှတ်ထားရင် ရေရှည်မသွားနိုင်ဘူးလို့ ပြောဆိုခဲ့တာပါ။

ဒါပေမယ့် စစ်ကောင်စီကို လက်နက်ကိုင်တော်လှန်နေတဲ့ ဘယ်မွန်တော်လှန်ရေးအဖွဲ့အစည်းကိုမှ နာမည်တပ်ပြီး ပြောဆိုတာမဟုတ်ပေမယ့် နွေဦးတော်လှန်ရေးကနေ ပေါက်ဖွားလာတဲ့ မွန်တော် လှန်ရေးတပ်တွေကို အထင်မကြီးရာရောက်တယ်လို့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

နိုင်ဟံသာရဲ့ ပြောဆိုမှုအပေါ် စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ မွန်ပြည်တော်လှန်ရေးတပ် MSRF ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးက အခုလိုတုံ့ပြန်ပါတယ်။

“မွန်ပြည်သစ်ပါတီ၊ မွန်တော်လှန်ရေးနဲ့ မွန်ပြည်သူအတွက် ဘာအကျိုးကျေးဇူးများရနိုင်လို့ ဥက္ကဌကြီး နိုင်ဟံသာက အခုလိုပြောသွားသလဲဆိုတာ သူကိုယ်တိုင်ပဲ သိပါလိမ့်မယ်ခင်ဗျ။ ကျွန်တော်တို့ မွန်ပြည်တော်လှန်ရေးတပ် MSRF အနေနဲ့ကတော့ ဘယ်တော်လှန်ရေးအဖွဲ့အစည်းကိုမှ ဝေဖန်ပုတ် ခတ်ပြောဆိုခဲ့ခြင်း မရှိပါဘူး။ နှစ်ပေါင်း ၇၀ ကျော်ကြာ လက်နက်ကိုင်လာတဲ့ အဖွဲ့အစည်းတစ်ခုရဲ့ ခေါင်းဆောင်တစ်ယောက်က အခုလိုမှတ်ချက်ပေးတာမြင်ရတော့ ကျွန်တော်တို့အနေနဲ့ အထူးပဲအံ့ဩမိတယ်။ မွန်လက်နက်ကိုင်အဖွဲ့တွေကြား ထိရှလွယ်တဲ့ စကားလုံးဖြစ်တဲ့အတွက်ကြောင့် ဝမ်း နည်းရုံကလွဲလို့ ကျွန်တော့်အနေနဲ့ ထပ်ပြောစရာမရှိပါဘူး”လို့ ဆိုပါတယ်။

မွန်ပြည်တော်လှန်ရေးတပ် MSRF အနေနဲ့ မွန်လူမျိုးတွေအပါအဝင် ပြည်သူတစ်ရပ်လုံးကို ဒုက္ခပေးနေတဲ့ စစ်ကောင်စီနဲ့ မိမိတို့အဖွဲ့ကြား လုံးဝဆွေးနွေးဖို့မရှိဘဲ အခြားသော တော်လှန်ရေးမဟာမိတ် အင်အားစုတွေနဲ့ လက်တွဲပြီး ပြတ်ပြတ်သားသား တိုက်ပွဲဝင်သွားမယ်လို့ နိုင်နဂါးက ဆက်ပြောပါတယ်။

စစ်အာဏာရှင်နဲ့ အာဏာရှင်မှန်သမျှကို တိုက်ဖျက်သွားဖို့အပါအဝင် ဖက်ဒရယ်ပြည်‌ထောင်စုကြီး တည်ဆောက် သွားဖို့ ရည်မှန်းချက်နဲ့ စစ်အာဏာသိမ်းမှုအတွင်း မွန်ပြည်တော်လှန်ရေးတပ်ကို ဖွဲ့ စည်းခဲ့တာပါ။

မွန်ပြည်တော်လှန်ရေးတပ်အနေနဲ့ မွန်ပြည်ဖက်ဒရယ်ကောင်စီရဲ့ နိုင်ငံရေး၊ စစ်ရေးဦးဆောင်မှုကို ခံယူပြီး မွန်ပြည်တပ်အဖြစ် ရပ်တည်သွားမယ်လို့ နှစ်ဖက်အဖွဲ့ကနေ ဒီဇင်ဘာ ၁၅ ရက်နေ့မှာ ပြည်သူတွေကို အသိပေးခဲ့ပါတယ်။

သံလွင်တိုင်းမ်အနေနဲ့ နိုင်ဟံသာရဲ့ ပြောဆိုချက်အပေါ် မွန်ပြည်သစ်ပါတီ ဥက္ကဌတစ်ယောက်အနေနဲ့  ပြောဆိုတာလား၊ ပုဂ္ဂိုလ်ရေးအရ ပြောတာလားဆိုတာ သီးခြားအတည်မပြုနိုင်ပါဘူး။

နိုင်ဟံသာပြောဆိုမှုအပေါ် နွေဦးတော်လှန်ရေးကနေ ပေါက်ဖွားလာတဲ့ မွန်လက်နက်ကိုင်တော် လှန်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA ကို မေးမြန်းခဲ့ပေမယ့် အကြောင်း ပြန်ခြင်းမရှိပါ။

မွန်အမျိုးသမီးတစ်ဦးကလည်း မွန်ပြည်သစ်ပါတီအနေနဲ့ စစ်ကောင်စီကို တိုက်ခိုက်နေတာမရှိဘဲ ပါတီဥက္ကဌက အခုလိုဝေဖန်တာဟာ မွန်တော်လှန်ရေးအဖွဲ့တွေအနေနဲ့ အလုပ်နဲ့သက်သေပြရမယ်လို့ ထောက်ပြပါတယ်။

“သူတို့ကတော့ သူတို့အဖွဲ့အစည်းမှာ တိုက်နေတာလည်းမရှိဘူး။ တိုက်လည်းမတိုက်နေဘူးဆိုတော့ ကျွန်မအမြင်မှာတော့ တော်လှန်ရေးလုပ်နေတဲ့သူဘက်ကနေ ကြည့်မယ်ဆိုရင် ကျွန်မသာဆို စိတ်မကောင်းမဖြစ်ဘူး။ သြော်ငါတို့ကို အထင်သေးနေပါလားပေါ့။ အိုကေသူပြောသလို ရေရှည်မသွားနိုင်ဘူးဆိုရင် ကိုယ်ကအလုပ်နဲ့ သက်သေပြရမှာပေါ့။ ဘာဖြစ်လို့ ရေရှည်မသွားနိုင်ရမှာလဲ။ ဘယ်တော် လှန်ရေးအဖွဲ့အစည်းမဆို အစကနေ ဒီလိုစခဲ့ကြတာပဲ။ သုံးနှစ်တာမှာ ဘယ်လောက်အထိ တိုးတက်လာသလဲဆိုတဲ့ဟာက လက်တွေ့မှာမြင်နေရတာပဲလေ”လို့ ဆိုပါတယ်။

မွန်ပြည်သစ်ပါတီဟာ ဆယ်စုနှစ်ချီ တော်လှန်ရေးလုပ်လာခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းဖြစ်ပေမယ့် အာဏာသိမ်းမှုအတွင်း တွေ့ဆုံဆွေးနွေးရေးလမ်းစဉ်ကို ရွေးချယ်ပြီး စစ်ကောင် စီနဲ့ ၆ ကြိမ်ထက်မနည်း တွေ့ဆုံဆွေးနွေးခဲ့တာပါ။

နိုင်ဟံသာကတော့ မွန်ပြည်သစ်ပါတီဟာ တော်လှန်ရေးကို နှစ်ပေါင်းများစွာ လုပ်ဆောင်လာပြီး သက်ဆိုင်ရာဌာနတွေ၊ ဥပဒေတွေနဲ့ စနစ်တကျ ရှိထားသလို နယ်မြေများစွာ ရှိထားတဲ့အဖွဲ့မို့ ဘာကြောင့် နိုင်ငံရေးကို အခုလိုကစားနေလဲဆိုတာ မွန်တော်လှန်ရေးအဖွဲ့တွေ နားလည်သင့်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် မွန်ပြည်သစ်ပါတီနဲ့ မွန်တော်လှန်ရေးအဖွဲ့တို့ကြား လုံးဝအဆက်ပြတ်တာမျိုး မဟုတ်ဘဲ နားလည်မှုယူထားပြီး မွန်ပြည်သစ်ပါတီနဲ့ တော်လှန်ရေးမှာ လှုပ်ရှားနေကြတဲ့အဖွဲ့တွေ အင်အားတစ် ရပ်ဖြစ်ရမယ်လို့ နိုင်ဟံသာက တိုက်တွန်းထားပါသေးတယ်။

မွန်ပြည်သစ်ပါတီ ဥက္ကဌ နိုင်ဟံသာဟာ ၂၀၁၉ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ ၁၀ ကြိမ်မြောက် ပါတီညီလာခံကနေ ရွေးချယ်ခံခဲ့ရသူဖြစ်ပြီး အခုနှစ် ဒီဇင်ဘာနှောင်းပိုင်းမှာ ၁၁ ကြိမ်မြောက် ပါတီညီလာခံ ပြု လုပ်ဖို့ရှိနေတာမို့  ပါတီခေါင်းဆောင်နဲ့ ပါတီမူဝါဒအပြောင်းအလဲကိုတော့ ဆက်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

Most read this week

October 19, 2024
မွန်ပြည်နယ် မိုးစပါးရိတ်သိမ်းချိန်ကာလ  အချိန်မီစပါးရိတ်သိမ်းနိုင်ဖို့အတွက်...
October 15, 2024
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ ဒုစစ်ခေါင်းဆောင် ညွှန်ကြားချက်ကြောင့်...
October 14, 2024
မွန်ပြည်နယ် ရေးမြို့နယ် အစင်ကျေးရွာ ပင်လယ်ပြင်က ငါးဖမ်းလှေတွေနဲ့ ကျားဖောင်တွေမှာ ဝမ်းပျက်ဝမ်း...