လေကြောင်းအသုံးပြု တိုက်ခိုက်နိုင်မှုအပေါ် စစ်ခေါင်းဆောင် ဂုဏ်ယူနေ

လေကြောင်းအသုံးပြု တိုက်ခိုက်နိုင်မှုအပေါ် စစ်ခေါင်းဆောင် ဂုဏ်ယူနေ

စစ်ကောင်စီသည် ပြည်တွင်းစစ်ပွဲအတွင်း လေယာဉ်၊ ရဟတ်ယာဉ်များဖြင့် စွမ်းအားပြည့်အသုံးပြု တိုက်ခိုက်လျက်ရှိကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်က ဒီဇင်ဘာလ ၁၅ ရက် လေတပ်ဖွဲ့စည်းတည်ထောင်မှု (၇၆) နှစ်မြောက် အခမ်းအနားမိန့်ခွန်းတွင် ပြောဆိုခဲ့သည်။

စစ်ဆင်ရေးများတွင် လေတပ် စစ်သည်တော်များသည် လေယာဉ်/ ရဟတ်ယာဉ်များကို စွမ်းအားပြည့်အသုံးပြုပြီး တိုက်ပွဲအောင်နိုင်ရေးအတွက် သက်စွန့်ဆံဖျား ကြိုးပမ်းတိုက်ပွဲဝင်ခဲ့ကြကြောင်း စစ်ခေါင်းဆောင်က ပြောသည်။

“တပ်မတော်(လေ)အနေဖြင့် ကြည်း၊ ရေ တပ်ဖွဲ့များနှင့်ပူးပေါင်း၍ စစ်ဆင်ရေးများတွင် လေကြောင်းစွမ်းအားကို ထိထိရောက်ရောက် အသုံးချကာ တစ်တပ်တစ်အား ပါဝင်ဆင်နွှဲနေသည်ကို ဂုဏ်ယူဖွယ်တွေ့မြင်ရသည်” ဟု သူကပြောသည်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက လေကြောင်းဖြင့် တိုက်ခိုက်ခြင်း၏ ၈၀ ရာခိုင်နှုန်းကျော်သည် နိုင်ငံတဝှမ်းလုံးရှိ အရပ်သားပြည်သူများနေထိုင်ရာ ကျေးရွာများဖြစ်နေသည်ကို တွေ့ရကြောင်း BNI-Myanmar Peace Monitor ၏ ယနေ့ထုတ် အစီရင်ခံစာတွင် ဖော်ပြသည်။

မျက်မှောက်ခေတ်စစ်ပွဲများတွင် လေကြောင်းနှင့် အာကာသစွမ်းအားသည် များစွာအရေးပါပြီး တပ်မတော်(လေ) အနေဖြင့် ပိုင်နက်ဝေဟင် စိုးမိုးရေးနှင့်လေကြောင်းရန်ကာကွယ်ရေး တာဝန်များသာမက ပြည်တွင်းသောင်းကျန်းမှု နှိမ်နင်းရေးစစ်ဆင်ရေးများတွင် ခေတ်အဆက်ဆက် တာဝန်ကျေပွန်ခဲ့ကြောင်း စစ်ခေါင်းဆာင်က ပြောသည်။

နိုင်ငံရေးသုံးသပ်သူ ဦးသန်းစိုးနိုင်က “လေတပ်ကို အခုလို ဂုဏ်ပြုနေတဲ့ကိစ္စဟာ စစ်ခေါင်းဆောင်ရဲ့ နောက်ဆုံး ဇာတ်သိမ်းခန်းအတွက် ငြိမ်းခါနီးထတောက်နေတဲ့ ဖယောင်းတိုင်သာဖြစ်ပြီးတော့ ဒီဖယောင်းတိုင်ဟာ မကြာခင် ကုန်ကျွမ်းပြီး သူတို့ကို ပြန်လည်လောင်မြိုက်တော့မှာ ဖြစ်တယ်” ဟု ဝေဖန်သည်။

စစ်ကောင်စီလေကြောင်းမှ ဗုံးကြဲပစ်ခတ်မှုကြောင့် (၅)ဦးနှင့်အထက် အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရသည့် ဖြစ်စဉ်များကို ရခိုင်ပြည် မောင်တောမြို့နယ်၊ ပဲခူးတိုင်း ညောင်လေးပင်မြို့နယ်၊ ချင်းပြည်နယ် ဖလမ်းမြို့နယ်နှင့် ထန်တလန်မြို့နယ်၊ ကချင်ပြည်နယ် ဖားကန့်နှင့် ဝိုင်းမော်မြို့နယ်၊ ကရင်နီ(ကယား)ပြည်နယ် ဒီးမော့ဆိုမြို့နယ်၊ ကရင်ပြည်နယ် ဖာပွန်မြို့နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့နယ်၊ မကွေးတိုင်း ဂန့်ဂေါနှင့် ဖောင်းပြင် မြို့နယ်တို့တွင် တွေ့ရှိရသည်ဟု BNI က ဖော်ပြသည်။

BNI အစီရင်ခံစာအရ “စစ်ကောင်စီလေတပ်တွင် တိုက်ခိုက်ရေးလေယာဉ် (၉၁) စီး၊ တိုက်ခိုက်ရေးရဟတ်ယာဉ် (၇၅)စီး၊ ပို့ဆောင်ရေးလေယာဉ်နှင့် ရဟတ်ယာဉ်ပေါင်း (၃၁) စီး၊ တိုက်ခိုက်ရေးရာလေ့ကျင့်ရေးတွင်အသုံးပြုသည့် လေယာဉ်နှင့် ရဟတ်ယာဉ်ပေါင်း (၉၃) စီး၊ အထူးစစ်ဆင်ရေးတာဝန်များတွင်အသုံးပြုသည့် BN-2(MPA) အမျိုးအစားလေယာဉ် (၅) စီး”  ရှိကြောင်း Fight Global က ထုတ်ပြန်သည့် ကမ္ဘာ့လေကြောင်းအင်အားအစီရင်ခံစာ - ၂၀၂၂ ကို ကိုးကားဖော်ပြသည်။

ယင်းအပြင် အာဏာသိမ်းချိန်မှ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၇ ရက်ထိ စစ်ကောင်စီလေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် နိုင်ငံတဝှမ်း အရပ်သားပြည်သူ (၅၆၆) ဦး သေဆုံးခဲ့ကြောင်း BNI က ဆိုသည်။

ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်မှ အမျိုးသမီးတစ်ဦးက “AA က ရဲစခန်းကိုသိမ်းတာကို ပြည်သူတွေနေတဲ့နေရာမှာ ရဟတ်ယာဉ်နဲ့ ဗုံးကြဲတာတွေရှိတယ်။ AA ကလုပ်ရင် AA ကိုပဲ တိုက်ရိုက်လုပ်စေချင်တယ်။ အခုက စစ်ကောင်စီက အရပ်သားတွေကို ရည်စူးပြီးလုပ်နေတာ” ဟု ပြောသည်။

BNI အစီရင်ခံစာအရ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုသည် အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်တွင် ၄၆ ရက်၊ ၂၀၂၂ ခုနှစ်တွင် ၁၈၇ ရက်၊ ၂၀၂၃ ခုနှစ်တွင် နိုဝင်ဘာ ၇ ရက်ထိ ၃၅၅ ရက်ဖြင့် တဖြည်းဖြည်း မြင့်တက်လာနေသည်။

စစ်ကောင်စီလေကြောင်းနှင့်ပတ်သက်ပြီး ဦးသန်းစိုးနိုင်က “စစ်အသုံးစရိတ်က မြန်မာပြည်ဘတ်ဂျက်ရဲ့ ၅၀ ရာခိုင်နှုန်းကျော်အထိ သုံးနေတာ။ အခု ဒေါ်လာချုပ်ကိုင်မှုကို စစ်ကောင်စီက လက်လျော့လိုက်တော့ လေကြောင်းစစ်အတွက်လိုအပ်တဲ့ လက်နက်ပစ္စည်း၊ ဆီတွေဝယ်မယ့်ကိစ္စဟာ ကာလတိုတစ်ခုအတွင်းပဲ ရုန်းကန်နိုင်မယ့် အခြေအနေရှိတယ်” ဟု ပြောသည်။

လက်ရှိတွင် ၁၀၂၇ စစ်ဆင်ရေးနှင့်အတူ နိုင်ငံအနှံ့တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီ၏ လေကြောင်းပစ်မှတ်ကို AA၊ TNLA၊ MNDAA၊ KNU၊ KNPP၊ CNF၊ KIA၊ PDF တို့ တိုက်ပွဲများတွင် အစွမ်းကုန် အသုံးပြုနေသည်။

October 18, 2024
တိုက်ပွဲပြင်းထန်နေသည့် ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ အောင်မင်္ဂလာကျေးရွာကို အောက်တိုဘာ ၁၆ ရက်၊...
October 16, 2024
ရခိုင်က မြို့နယ်အားလုံးတွင် ဖုန်းလိုင်း၊ အင်တာနက်လိုင်းများ လုံးဝပြတ်တောက်နေသောကြောင့် ဒေသအတွင်း...
October 15, 2024
ရခိုင်ဒေသကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှစ၍ စစ်ကောင်စီက လမ်းခရီးပိတ်ဆို့ထားသလို...
October 14, 2024
အမ်းမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ တိုက်ပွဲပြင်းထန်နေသည့်အတွက် ကျေးရွာပေါင်း ၁၀...