KIO ထိန်းချုပ်ရာ လိုင်ဇာမြို့နဲ့ မိုင်ဂျာယန်မြို့ဘက်ကို စစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်နေ

KIO ထိန်းချုပ်ရာ လိုင်ဇာမြို့နဲ့ မိုင်ဂျာယန်မြို့ဘက်ကို စစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်နေ

မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန်မြို့နယ်ခွဲအနီး တိုက်ပွဲပြင်းထန်နေချိန် တစ်ပြိုင်နက် စစ်ကောင်စီတပ်ဟာ KIO ထိန်းချုပ်နယ်မြေဖြစ်တဲ့ လိုင်ဇာမြို့နဲ့မိုင်ဂျာယန်ဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဒီဇင်ဘာလ ၁၅ ရက်နေ့ ဒီကနေ့မနက်ပိုင်း ၁၁ နာရီဝန်းကျင်လောက်ကစပြီး လိုင်ဇာမြို့အနီးမှာရှိတဲ့ ခယာဘွမ်ဘက်ကနေ မုန်လိုက်ခက်ဘက်ကို လက်နက်ကြီး ၃ လုံးထက်မနည်းပစ်ခတ်လိုက်တယ်လို့ လိုင်ဇာဒေသခံတစ်ဦးက KNG ကိုပြောပါတယ်။

“ဟုတ်တယ် မုန်လိုင်ခက်ဘက်ကမှာကျတာ ကျနော်သိရလောက် မနက်ကနေ ပစ်နေတာ ခုဆိုရင် ၃ လုံးလောက်ရှိပြီ”လို့ ပြောပါတယ်။

ဒါ့အပြင် မိုင်ဂျာယန်မြို့ဘက်မှာလည်း နေ့လည် ၁၂ နာရီလောက်ကနေ စတင်ပစ်ခတ်နေပြီး မိုင်ဂျာယန် ရပ်ကွက် ၅ နဲ့ မိုင်ဂျာယန်ကောလိပ်ရှိတဲ့ဘက်ကို ကျရောက်ပေါက်ကွဲတာတွေရှိတယ်လို့ သိရပါတယ်။

ဒေသခံတွေပြောတာကတော့ စစ်ကောင်စီဟာ လွယ်ဂျယ်မြို့အထက်မှာရှိတဲ့ ယော်ယုံဘွမ် (Yaw Yung Bum ) အထိုင်ချထားတဲ့ စခန်းကနေ မြို့ထဲကိုပစ်ခတ်နေတာဖြစ်နိုင်တယ်လို့ ခန့်မှန်းနေကြတဲ့အပြင် လက်နက်ကြီးကျရောက်ပေါက် ကွဲတာကြောင့် ကလေးငယ် ၂ ဦးအနည်းငယ် ထိခိုက်ဒဏ်ရာရရှိထားတယ်လို့လည်း ပြောပါတယ်။

“ဘယ်ကပစ်သလဲ တိတိကျကျမသိရသေးဘူး ခန့်မှန်းတာတော့ ယော်ယုံဘွမ် (Yaw Yung Bum ) ကုန်းဘက်ကဘဲ။ ခုလည်း တစ်လုံးထပ်ကျလာပြီ ထိခိုက်တာတော့ ကလေး ၂ယောက်ထိထားလည်း စိုးရိမ်စရာတော့မလိုဘူးလို့ သိရတယ်” လို့ ပြောပါတယ်။

လက်ရှိ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တဲ့ ရပ်ကွက်် ၅ မှာနေထိုင်တဲ့ မိုင်ဂျာယန်ဒေသခံတွေကတော့ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်း သူကဆက်ပြောပါတယ်။

ဒီဇင်ဘာလ ၁၃ ရက်နေ့ ကချင်– စစ်ကိုင်းအစပ်မှာရှိတဲ့ မော်လူးမြို့ကို KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ဒီဇင်ဘာလ ၁၄ ရက်ညမှာတော့ မြစ်ကြီးနား– ဗန်းမော်လမ်းမပေါ်မှာရှိတဲ့ ရွှေညောင်ပင်ရွာနားက ခလရ ၃၂၁ တပ်စခန်းနဲ့ တာလောကြီးရွာဘက်မှာရှိတဲ့ စစ်တပ်ရဲ့တပ်စခန်းတွေကို KIA ပူးပေါင်းတပ်တွေက သွားရောက်ပစ်ခတ်တိုက်ခိုက်တာတွေရှိနေပါတယ်။

Most read this week

September 20, 2024
မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းကနေ စစ်လက်နက်ရိက္ခာဖြည့်တင်းဖို့ဆန်တက်လာတဲ့...
September 19, 2024
ဖားကန့်မြို့ ဆိုင်းတောင်တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင် ၄...
September 17, 2024
ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ဆိုက်ကပ်ထားတဲ့ စစ်သင်္ဘော ဗန်းမော်ဘက်ကို ဆန်တက်လာချိန်...
September 16, 2024
ရှမ်းပြည်မြောက်ပိုင်း မုံးကိုးမြို့နယ် မုံးပေါ်ဒေသမှာ KIO/KIA နဲ့ MNDAA လက်နက်ကိုင်နှစ်ဖွဲ့ကြား...