ပြည်ပရောက် မြန်မာအလုပ်သမားတွေဆီက ဝင်ငွေခွန်ကောက်ဖို့ စစ်ကောင်စီကြိုးပမ်း

ပြည်ပရောက် မြန်မာအလုပ်သမားတွေဆီက ဝင်ငွေခွန်ကောက်ဖို့ စစ်ကောင်စီကြိုးပမ်း
ဓာတ်ပုံ-CJ
ဓာတ်ပုံ-CJ

နိုင်ငံခြားငွေကြေး လိုအပ်ချက်အမြောက်အများရှိနေတဲ့ စစ်ကောင်စီဟာ ပြည်ပရောက်မြန်မာအ လုပ်သမားတွေရရှိတဲ့ လစာဝင်ငွေကနေ ဝင်ငွေခွန်စတင်ကောက်ဖို့ ပြီးခဲ့တဲ့သီတင်းအပတ်ကစလို့ ဆက်တိုက်ကြိုးပမ်းလာနေပါတယ်။

စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံ၊ စင်္ကာပူနိုင်ငံနဲ့ ကိုရီးယားနိုင်ငံသံရုံးတွေဟာ အခုရက်ပိုင်းအတွင်း ပြည်ပရောက်နိုင်ငံသားတွေ အခွန်ဆောင်ကြဖို့ အသီးသီးထုတ်ပြန်လာတာ ဖြစ်ပါတယ်။

ပြည်ပရောက် မြန်မာနိုင်ငံသားတွေရရှိတဲ့ လစာဝင်ငွေအပေါ် အောက်တိုဘာ ၁ ရက်နေ့ကစပြီး  ဝင် ငွေခွန်ထမ်းဆောင်ရမယ်လို့ စစ်ကောင်စီ စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီးဌာနက နိုဝင်ဘာ ၂၂  ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီနောက် ထိုင်းနိုင်ငံမှာရောက်ရှိနေတဲ့ မြန်မာအလုပ်သမားတွေအနေနဲ့ ဝင်ငွေခွန်နှစ်ရာခိုင်နှုန်းပေး ဆောင်ဖို့ကိုတော့ ဒီဇင်ဘာ ၁၃ ရက်နေ့ ရက်စွဲနဲ့ ဘန်ကောက်ရှိ မြန်မာသံရုံးက ဒုတိယအကြိမ် ထုတ်ပြန်လာခဲ့တာပါ။

မဲဆောက်မြို့အခြေစိုက် ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ တာဝန်ခံဦးမိုးကျော်ကတော့ အလုပ်သ မားအခွင့်အရေး အကာအကွယ်မပေးနိုင်တဲ့ စစ်ကောင်စီရဲ့ ဝင်ငွေခွန်ကောက်ခံမှုအပေါ် အလုပ်သ မားထုကြား မကျေနပ်မှုတွေ ရှိနေတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

"MOU လုပ်သားပဲဖြစ်ဖြစ်၊ ရွှေ့ပြောင်းလုပ်သားပဲဖြစ်ဖြစ်၊ နိုင်ငံစွန့်ခွာပြီးလုပ်ရတဲ့လုပ်သားတွေကရော သူတို့ (စစ်ကောင်စီ)က ဘာတွေအကာအကွယ်ပေးခဲ့တာရှိလဲ။ ဘာဝန်ဆောင်မှုတွေပေးခဲ့တာရှိလဲ၊ ဟုတ်တယ်မလား။ အဲဒီလူတွေအပေါ်မှာ ဘာတွေလုပ်ဆောင်မှုပေးခဲ့တာရှိလဲ။ အလုပ်သမားအ ခွင့်အရေးဆိုင်ရာတွေ ကာကွယ်မှုတွေ သူတို့လုပ်ပေးတဲ့ဝန်ဆောင်မှုမရှိတဲ့အပေါ်မှာတော့ အလုပ် သမားတွေအတွက်ကတော့ အခုလော လောဆယ်ကြားနေရတဲ့အသံတွေကတော့ ဒီအခွန်အ ကောက်ပေါ်မှာ ကျေနပ်မှုမရှိတဲ့အသံတွေကိုပဲ ကြားနေရတယ်ဗျ" လို့ ဆိုပါတယ်။

ထိုင်းရောက်မြန်မာအလုပ်သမားအရေးလှုပ်ရှားတဲ့ အဖွဲ့အစည်းတွေရဲ့ ပြောပြချက်အရ ထိုင်းနိုင်ငံအတွင်းမှာ တရားဝင်ရော၊ တရားမဝင် ဝင်ရောက်နေထိုင်အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား ၅ သန်းဝန်းကျင်ရှိတယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့သံရုံးထုတ်ပြန်ချက်အရ ထိုင်းနိုင်ငံအတွင်းက စက်ရုံ၊ အလုပ်ရုံ၊ စိုက်ပျိုးမွေးမြူရေး၊ ဆောက်လုပ်ရေး၊ ဝန်ဆောင်မှုလုပ်ငန်းတွေနဲ့ အထွေထွေလုပ်သားတွေရဲ့ လစဉ်ဝင်ငွေကို  ၇၅၀၀ ဘတ်အဖြစ်သတ်မှတ်ပြီး ဝင်ငွေခွန်နှစ်ရာခိုင်နှုန်းအဖြစ် ဘတ် ၁၅၀ လစဉ်ပေးဆောင်ရမှာပါ။

တစ်ဖက်မှာလည်း စစ်ကောင်စီဟာ နိုင်ငံရပ်ခြား အလုပ်လုပ်ကိုင်နေတဲ့ နိုင်ငံသားတွေအနေနဲ့ လစာရဲ့ ၂၅ ရာခိုင်နှုန်းကို တရားဝင်ငွေလဲလမ်းကြောင်းကတဆင့် ငွေလွှဲဖို့ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီရဲ့ ဝင်ငွေခွန်ကောက်ခံမှုကြောင့် အခက်အခဲတွေ ရှိလာတယ်လို့ MOU စနစ်နဲ့ထိုင်းနိုင်ငံမှာ လာရောက်အလုပ်လုပ်ကိုင်နေသူ ကိုထက်က သံလွင်တိုင်မ်းကို ပြောပါတယ်။

"အခက်အခဲတွေကတော့ အများကြီးပဲပေါ့။ အဲဒီလိုမျိုးကောက်ခဲ့လို့ရှိရင် ကျွန်တော်တို့အတွက် အိမ်ကိုပြန်ပို့ဖို့လည်း ခက်ခဲဦးမယ်။ လက်ရှိနေထိုင်တဲ့ နေထိုင်စရိတ်၊ စားစရိတ်၊ လာစရိတ်၊ အဲဒါတွေကိုဆပ်ဖို့က အများကြီးရှိသေးတယ်။ ကျွန်တော်တို့ကတော့ မကောက်စေချင်ဘူးဗျ။ ကျွန်တော်တို့ကချွေးနဲ့သွေးနဲ့ရှာထားတဲ့ငွေတွေကို သူတို့ကအသားလွတ်ကြီး အခွန်ကောက်မယ်ဆိုတော့ " လို့ ပြောပါတယ်။

၁၂ နှစ်ကျော်ကြာ ပယ်ဖျက်ထားတဲ့ ပြည်ပရောက်နိုင်ငံသားတွေရဲ့ လစာဝင်ငွေအပေါ် ဝင်ငွေခွန် ကောက်ခံမှုကို စစ်ကောင်စီက အခုနှစ်အတွင်း အခွန်အကောက်ဥပဒေပြန်လည် ပြင်ဆင်လာတာကြောင့် ဝင်ငွေခွန်ပြန်ကောက်ဖို့ ဖြစ်လာခဲ့တာပါ။

စစ်အစိုးရအဆက်ဆက် ကျင့်သုံးခဲတဲ့ ပြည်ပရောက် နိုင်ငံသားတွေထံကနေ ဝင်ငွေခွန်ကောက်ခံမှုကို ဦးသိန်းစိန်လက်ထက် ၂၀၁၂ ခုနှစ်မှာ ပယ်ဖျက်ပေးခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ ပြင်ဆင်လိုက်တဲ့ အခွန်အကောက်ဥပဒေအရ နိုင်ငံခြားရောက်မြန်မာလုပ်သားတွေအနေနဲ့ ဝင်ငွေခွန်နှစ်ရာခိုင်နှုန်းကိုရရှိတဲ့ နိုင်ငံခြားငွေအမျိုးအစားနဲ့ပဲ ပေးချေရမှာဖြစ်ပြီး လစဉ် ဒါမှမဟုတ် ၃ လ တစ်ကြိမ်ကနေ နှစ်စဉ်သက်ဆိုင်ရာရုံးတွေမှာ အခွန်ပေးဆောင်ရမယ်လို့ ဆိုပါတယ်။

စင်္ကာပူနိုင်ငံ မြန်မာသံရုံးမှာတော့ ဝင်ငွေခွန်ပေးဆောင်ဖို့ ပြီးခဲ့တဲ့ရက်က ကြေညာစာကပ်ထားပြီး ဝင်ငွေခွန်ပေးဆောင်ပြီးမှ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးတာနဲ့ ကောင်စစ်ဆိုင်ရာကိစ္စရပ်တွေ လုပ်ဆောင်နိုင်မယ်ဆိုပြီး ပါရှိပါတယ်။

စစ်ကောင်စီဟာ စစ်စရိတ်ထောင်းလာတာကြောင့် အခွန်ကောက်ဖို့ကြိုးစားရာကနေ နှစ်နိုင်ငံကြားချုပ်ဆိုထားတဲ့ စာချုပ်ပါအချက်တွေကို ဖောက်ဖျက်လာတယ်လို့ စီးပွားရေးနဲ့အခွန်ဆိုင်ရာ အကြံ ပေးတစ်ဦးက ထောက်ပြပါတယ်။

" အခုကနိုင်ငံအနှံ့မှာစစ်ပွဲတွေက ဖြစ်လာတယ်။ ဖြစ်လာတဲ့အခါမှာ သူတို့(စစ်ကောင်စီ)အတွက် စစ်စရိတ်စကထောင်းလာတယ်။ အဲဒီအတွက်သူတို့ငွေလိုလာမယ်။ ငွေလိုလာတဲ့အခါမှာ မြန်မာနိုင်ငံမှာကလည်းဝင်ငွေက များသောအားဖြင့်က အခွန်ကနေရတယ်။ အဲဒီတော့ဒီနောက်ပိုင်းမှာ နိုင်ငံတကာပိတ်ဆို့မှုတွေရှိလာတယ်။ လူထုကလည်း အခွန်မပေးချင်ဘူးပေါ့နော်။ အဲဒီလိုအခါမျိုးမှာ သူတို့အ တွက်က နိုင်ငံတော်ရဲ့ဝင်ငွေက နည်းလာတဲ့သဘောမြင်တယ်။ နောက်ပြီးတော့ ဒီလိုမျိုးထုတ်ပြန်ချက် သံရုံးတွေကနေ အခွန်တွေ အသည်းအသန်ကောက်ဖို့ လုပ်တာက အဲဒါဘာကိုသွားတွေ့လဲဆိုတော့ ဥပဒေနဲ့မညီဘူး။ ဥပမာ စင်ကာပူသံရုံးကနေထုတ်တယ်ဆိုလို့ရှိရင် ဒီဟာက နှစ်နိုင်ငံအစိုးရကြားမှာချုပ်ထားတဲ့ Article 15 ကိုဖောက်ဖျက်ရာကျတာပေါ့" လို့ ဆိုပါတယ်။

မြန်မာနိုင်ငံဟာ အိန္ဒိယ၊ လာအို၊ ထိုင်း၊ တောင်ကိုရီးယား၊ စင်္ကာပူ၊ ဗီယက်နမ်၊ အမေရိကန်စတဲ့နိုင်ငံတို့အကြား အခွန်နှစ်ထပ်မကျသင့်စေရေး စာချုပ်ချုပ်ထားတယ်လို့ အခွန်ဦးစီးဌာနရဲ့အချက်အ လက်တွေအရ သိရပါတယ်။

အခွန်နှစ်ထပ်မကျသင့်စေရေးစာချုပ်အရ အဲဒီ ၇ နိုင်ငံမှာ သွားရောက်အလုပ်လုပ်ကိုင်နေတဲ့ မြန် မာနိုင်ငံသားတွေဆီက မြန်မာအစိုးရအနေနဲ့ အခွန်ကောက်ခံခွင့်မရှိဘဲ ရောက်ရှိနေတဲ့ နိုင်ငံအစိုးရကိုသာ အခွန်ဆောင်ရမှာ ဖြစ်ပါတယ်။

ဒါကြောင့် အခုလို စစ်ကောင်စီရဲ့အခွန်ကောက်ခံဖို့ကြေညာချက်ဟာ မြန်မာနိုင်ငံနဲ့ စင်္ကာပူနှစ်နိုင်ငံကြားချုပ်ဆိုထားတဲ့ စာချုပ်ပါအချက်တချို့ကို ဖောက်ဖျက်ရာကျတယ်လို့ ထောက်ပြတာတွေ ရှိနေပါတယ်။

အခွန်နှစ်ထပ်မကျသင့်စေရေးစာချုပ်ဟာ တစ်နိုင်ငံနဲ့တစ်နိုင်ငံကြား မတူညီမှုတွေရှိသလို မြန်မာအ စိုးရကို တိုက်ရိုက်အခွန်ပေးဆောင်ရမယ့် ချွင်းချက်လူတွေလည်းရှိတယ်လို့ သိရပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံသားအများစုဟာ အိမ်နီးချင်းနိုင်ငံတွေအပါအဝင် ပြည်ပနိုင်ငံတွေကို တရားဝင်လမ်းတွေကသာမက တရားမဝင်လမ်းတွေကနေပါ သွားရောက်အလုပ်လုပ်ကိုင်ခဲ့ကြပါတယ်။

စစ်ကောင်စီကတော့ မြန်မာနိုင်ငံပြင်ပမှာ အလုပ်လုပ်နေသူတွေအနေနဲ့ တရားဝင်လမ်းကြောင်းကနေ ငွေမလွှဲရင် ဒါမှမဟုတ် ဝင်ငွေခွန်မဆောင်ရင် MOU လိုင်စင်တွေကိုပါ ပိတ်သိမ်းမယ်လို့ ခြိမ်း ခြောက်ထားပါတယ်။

October 19, 2024
မွန်ပြည်နယ် မိုးစပါးရိတ်သိမ်းချိန်ကာလ  အချိန်မီစပါးရိတ်သိမ်းနိုင်ဖို့အတွက်...
October 15, 2024
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ ဒုစစ်ခေါင်းဆောင် ညွှန်ကြားချက်ကြောင့်...
October 14, 2024
မွန်ပြည်နယ် ရေးမြို့နယ် အစင်ကျေးရွာ ပင်လယ်ပြင်က ငါးဖမ်းလှေတွေနဲ့ ကျားဖောင်တွေမှာ ဝမ်းပျက်ဝမ်း...