တိုက်ပွဲများပြင်းထန်မှုကြောင့် ကော့ကရိတ်ရှိ လူနေအိမ်နှင့်ဈေးဆိုင်ခန်းပေါင်းရာချီပျက်စီး

တိုက်ပွဲများပြင်းထန်မှုကြောင့် ကော့ကရိတ်ရှိ လူနေအိမ်နှင့်ဈေးဆိုင်ခန်းပေါင်းရာချီပျက်စီး

ကရင်ပြည်နယ်၊ကော့ကရိတ်မြို့နယ်အတွင်း ဖြစ်ပွားနေသည့် နှစ်ဖက်တိုက်ပွဲ၏ အပြန်အလှန်ပစ်ခတ်မှု များကြောင့် ဒေသခံများ၏နေအိမ်များအပါအဝင် ဆိုင်ခန်းပေါင်းရာချီ ထိခိုက်ပြိုကျပျက်စီးသွားကြောင်း မျက်မြင်တွေ့ရှိသည့် ဒေသခံများကပြောသည်။

နိုဝင်ဘာလ ၃၀ရက်နေ့ ညကစ၍ ကော့ကရိတ်မြို့နယ်အတွင်း စစ်ကောင်စီ၊စစ်ကောင်စီလက်အောက်ခံ (BGF)တပ်များနှင့် ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်း တပ်တို့အကြား တိုက်ပွဲများစတင်ဖြစ်ပွားပြီး လက်နက်ကြီး လက်နက်ငယ် လေကြောင်းပစ်ကူများပါ အသုံးပြု တိုက်ခိုက် ခဲ့သောကြောင့် လူနေအိမ်များနှင့် စျေးဆိုင်ခန်းများကိုပါ ထိမှန်ပျက်စီး သွားကြောင်း ကော့ကရိတ်မြို့ခံ တစ်ဦးက ယခုလိုပြောသည်။

“မြို့ထဲမှာတော့ အိမ်တွေတော်တော်များများထိကုန်တယ်၊ အမှတ်(၇) အမှတ်(၃)က တချို့နေအိမ်တွေဆို အကုန် ပြိုကျမီးလောင်ကုန်တာ။ ဘာမှကို ရစရာမရှိတော့ဘူး။ မြို့ထဲက ဆိုင်ခန်းတွေရော အကုန်ထိ ကုန်တာ။ လက်နက်ကြီး ထိလို့ ပြိုကျ ပျက်စီးကုန်တာ ခန့်မှန်းချေ တစ်ရာကျော်လောက်ရှိမယ်” ဟု ကေအိုင်စီ သို့ပြောသည်။

အဆိုပါ ကော့ကရိတ်မြို့နယ် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ ခြေမြန်တပ်ရင်း(ခမရ-၅၇) က မြို့တွင်း နှင့် အနီးဝန်းကျင်ကျေးရွာများသို့ လက်နက်ကြီးဖြင့် နေ့စဉ်ပစ်ခတ်ခဲ့သလို လေကြောင်းဖြင့်လည်း ကျေးရွာများအတွင်းသို့ ပစ်ခတ်ခဲ့သောကြောင့် နေအိမ်များအပြင် ကလေးငယ်များပါဝင်သည့် အရပ်သား များပါ ဒါဇင်နှင့်ချီ ထိမှန်သေဆုံးခဲ့ကြောင်း ဒေသခံ များက ပြောသည်။

အမှတ်(၃)ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက”ကျနော်တို့ အိမ်ဘေးကအိမ်ရှေ့ကို လက်နက်ကြီး ကျတယ်။ ကလေး တစ်ယောက်ဆိုရင်သေတယ်။ သူတို့အိမ်လည်းပျက်သွားတယ်။ တချို့စစ်ဘေးရှောင်သွားတာမြန် လို့လူမရှိတော့တဲ့အိမ်တွေကို ထိတာအများကြီးပဲ”ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ နှစ်ဖက်တိုက်ပွဲ ပြင်းထန်မှုကြောင့် ကော့ကရိတ်မြို့တွင်းအပါအဝင် အနီးအနား ကျေးရွာ များမှ ဒေသခံများအနေဖြင့် ဘေးလွတ်ရာ နေရာဒေသများသို့ ပြောင်းရွှေ့ ခိုလှုံခဲ့ကြရပြီး စုစုပေါင်း စစ်ဘေးရှောင် နှစ်သောင်းနီးပါးရှိကြောင်း နီးစပ်သည့် စစ်ရှောင်ကူညီသူများ၏ ကောက်ယူထားသည့် စာရင်းများအရ သိရသည်။

ယခုလို တိုက်ပွဲများနေ့စဉ်ဖြစ်ပွားနေသည်အတွက်ကြောင့် ကော့ကရိတ်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် အခြေခံစားသောက်ကုန် ဈေးနှုန်းများ အဆမတန်ကြီးမားလာသလို နေရာဒေသအနှံ့ စစ်ဘေးရှောင်ကြရ သည့် စစ်ဘေးရှောင်များလည်း အရေးပေါ် လူသားချင်း စာနာထောက်ထားမှု အကူအညီများ လိုအပ် နေကြောင်း စစ်ရှောင်ကူညီသူများထံမှ သိရသည်။

October 18, 2024
မြဝတီမြို့တောင်ဘက်ရှိ လေးကေ့ကော်မြို့သစ်အနီးရှိ  စစ်ကောင်စီ၏  စွယ်တော်ကုန်း  (...
October 16, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၇)နယ်မြေ၊ ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ်၊ ပေါင်ကျေးနယ်...
October 16, 2024
တနင်္သာရီတိုင်းဒေသကြီး၊ ဘိတ်ခရိုင်၊ ပုလောမြို့နယ်၊ မီးလောင်ချောင်းကျေးရွာဘက်သို့...
October 15, 2024
သန်းခေါင်စာရင်းကောက်ယူပြီးနောက်ပိုင်း ရွေးကောက်ပွဲအကြိုဆိုင်ရာ လုပ်ငန်းစဉ်ကဏ္ဍများတွင်...