ဖားအံခရိုင်အတွင်း စစ်ရှောင်ဦးရေတိုးလာသောကြောင့် နေထိုင်မှုနှင့် စားနပ်ရိက္ခာပိုမို လိုအပ်လာ

ဖားအံခရိုင်အတွင်း စစ်ရှောင်ဦးရေတိုးလာသောကြောင့် နေထိုင်မှုနှင့် စားနပ်ရိက္ခာပိုမို လိုအပ်လာ
Photo: KIC
Photo: KIC

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသောကြောင့် ဒေသခံပြည်သူ လူထုများ အနေဖြင့် ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၇)နယ်မြေ၊ ဖားအံခရိုင်အတွင်းသို့ ထောင်နှင့်ချီ၍ ဝင်ရောက်ခိုလှုံလာကြပြီး စစ်ရှောင်ဦးရေဆက်တိုးလာသောကြောင့် နေထိုင်မှုနှင့် စားနပ်ရိက္ခာလိုအပ်ချက်များ ပိုမိုမြင့်တက်လာကြောင်း စစ်ရှောင်ကူညီသူများကပြောသည်။

ကေအဲန်ယူ တပ်မဟာ(၆) နယ်မြေဖြစ်သည့် ကော့ကရိတ်မြို့နယ်တွင် စစ်ကောင်စီ၊ နယ်ခြားစောင့်(BGF) ပူးပေါင်းတပ် နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ပူးပေါင်းတပ်ဖွဲ့တို့အကြား ဒီဇင်ဘာ လ ၁ ရက်နေ့မှစ၍ တိုက်များပြင်းထန်ခဲ့ပြီး ယနေ့ အချိန်ထိ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုများ ရှိနေသော ကြောင့် ဒေသခံပြည်သူများမှ နီးစပ်ရာ တပ်မဟာ(၇)နယ်မြေတွင်းသို့ ထောင်နှင့်ချီ၍ နေ့စဉ် ထွက်ပြေးခိုလှုံ လာကြခြင်းဖြစ်သည်ဟု စစ်ရှောင်ကူညီသူတစ်ဦးက ယခုလိုပြောသည်။

၎င်းက”အခုကျနော်တို့ဘက်ကို ရောက်လာတာက တစ်ရက်တစ်ရက် ပိုများလာတယ်။ စစ်တပ်က အမြဲ လက်နက်ကြီးနဲ့ပစ်နေတာကို။ ဘယ်သူမှ မနေရဲတော့ဒီဘက်ပဲ အကုန်ပြေးလာနေကြတာ။ တချို့လူတွေဆို အဝတ်တစ်ထည်နဲ့ပဲရောက်လာတာ။ တဖြေးဖြေးနဲ့စစ်ရှောင်တွေများလာတော့ စားဝတ်နေရေးအတွက် အကူအညီလိုအပ်နေတယ်” ဟု ကေအိုင်စီသို့ပြောသည်။

တိုက်ပွဲကြောင့် ကော့ကရိတ်မြို့နယ်အတွင်း ကျေးရွာများမှ ဒေသခံ (၁၅,၀၀၀) ကျော်ခန့် ထွက်ပြေးတိမ်း ရှောင်နေရပြီး ဖားအံခရိုင်အတွင်းရှိ နဘူး၊ပိုင်ကျုံနှင့် ဒုံရင်း စသည့်မြို့နယ်များသို့ ထွက်ပြေးတိမ်းရှောင် လာသူ (၈,၀၀၀) ကျော်ရှိကြောင်း စစ်ရှောင်ကူညီသူများ၏ စာရင်းများအရ သိရပြီး စစ်ဘေးရှောင် များ အတွက် စားနပ်ရိက္ခာနှင့် နေရာထိုင်းခင်း အဓိကလိုအပ်ကြောင်း  စစ်ရှောင်ကူညီသူများကဆိုသည်။

နဘူးမြို့နယ်သို့ စစ်ရှောင်လာသူ တစ်ဦးက “ဒီကနယ်ခံတွေလည်း တတ်နိုင်သလောက်တော့ ကူညီပေးနေ တယ်။ ရေရှည်ဆိုရင် ဘယ်တတ်နိုင်ပါ့မလဲ။ လက်ရှိက ကော့ကရိတ်မှာ ဘာဆိုင်မှမရှိတော့ဘူး။ အကုန် ကြေမွသွားပြီး။ ဆိုင်တွေကအစ အကုန်ပိတ်ထားရတယ်။ ဘယ်သူမှမနေရဲတော့ဘူး။ ရှိသမျှလူတွေလည်း အကုန်ဒီဘက်ပြေးလာနေရတယ်” ဟု ကေအိုင်စီ သို့ပြောသည်။

‌ကေအဲန်ယူ ဖားအံခရိုင်အတွင်းသို့ စစ်ဘေးရှောင်လာသော ပြည်သူများအား နယ်မြေခံအဖွဲ့အစည်းများနှင့် စစ်ဘေးရှောင်ကူညီနေသူများ ပူပေါင်း၍ လိုအပ်ချက်များကို ကူညီလှူဒါန်းပေးနေသော်လည်း လတ်တလော တွင် အရေးပေါ်အတွက်သာ ကူညီထားနိုင်သေးပြီး ရေရှည်အတွက် လူသားချင်းစာနာထောက်ထားမှု အကူ အညီများ ဆက်လက်လိုအပ်နေဦးမည်ဖြစ်ကြောင်းလည်း နယ်မြေခံ တာဝန်ရှိသူများက ပြောသည်။

ယခုလို စစ်ရှောင်များအတွက် စားနပ်ရိက္ခာ လိုအပ်ချက်ရှိနေချိန် ကော့ကရိတ်မြို့နယ်အတွင်း စစ်ကောင်စီ ဂိတ်စခန်းအချို့မှ စားသောက်ကုန် သယ်လာသည့် ယာဉ်များကို အဓမ္မ ငွေကြေး ကောက်ခံမှုများရှိနေသလို လမ်းပိုင်းများကို ဖြတ်သန်းသွားလာခွင့်မပေးသေးကြောင်းလည်း ယာဉ်မောင်းများက ဆိုသည်။

ယမန်နေ့အထိ ကော့ကရိတ်မြို့နယ်အတွင်း နှစ်ဖက်တိုက်ပွဲ ဆက်လက်ဖြစ်ပေါ်နေပြီး မြဝတီမြို့အနီး မဲကနယ် ဘက်တွင်လည်း နှစ်ဖက်တိုက်ပွဲများ ဖြစ်ပေါ်နေကာ စစ်ကောင်စီဘက်မှ လက်နက်ကြီးများ ဖြင့် မြို့တွင်း နှင့် ကျေးရွာများဘက်သို့ ပစ်မှတ်ထား ပစ်ခတ် တိုက်ခိုက်နေကြောင်း ဒေသခံများက ပြောသည်။

October 18, 2024
မြဝတီမြို့တောင်ဘက်ရှိ လေးကေ့ကော်မြို့သစ်အနီးရှိ  စစ်ကောင်စီ၏  စွယ်တော်ကုန်း  (...
October 16, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၇)နယ်မြေ၊ ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ်၊ ပေါင်ကျေးနယ်...
October 16, 2024
တနင်္သာရီတိုင်းဒေသကြီး၊ ဘိတ်ခရိုင်၊ ပုလောမြို့နယ်၊ မီးလောင်ချောင်းကျေးရွာဘက်သို့...
October 15, 2024
သန်းခေါင်စာရင်းကောက်ယူပြီးနောက်ပိုင်း ရွေးကောက်ပွဲအကြိုဆိုင်ရာ လုပ်ငန်းစဉ်ကဏ္ဍများတွင်...