ပလက်၀ နှုံးဘူးဗျူဟာကို ရက္ခိုင့်တပ်တော်မှ အပြီးသတ်သိမ်းပိုက်

ပလက်၀ နှုံးဘူးဗျူဟာကို ရက္ခိုင့်တပ်တော်မှ အပြီးသတ်သိမ်းပိုက်

ပလက်၀မြို့နယ် နှုံးဘူးဗျူဟာ အား ရက္ခိုင့်တပ်တော် ( AA)မှ  ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၀) ရက်နေ့၊ ည (၁၁) နာရီ (၄၅) မိနစ် အချိန်တွင် အပြီးသတ် သိမ်းပိုက်ရယူနိုင်ခဲ့ပြီဟု သတင်းထုတ်ပြန်သည်။

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၁) ရက်နေ့တွင်  ရက္ခိုင့်တပ်တော် (AA)က သတင်းထုတ်ပြန်ရာတွင်  အဆိုပါနှုံးဘူးဗျူဟာ  စခန်းအား  သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း၊  "နှုံးဘူး" ဗျူဟာမှူး အလောင်းအပါအဝင် စစ်ကောင်စီ အလောင်းအချို့နှင့် လက်နက်ခဲယမ်းအမြောက်အမြားတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သတင်းထုတ်ပြန်ရာတွင် ဖော်ပြသည်။   

ပလက်ဝမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ အခိုင်အမာစခန်းချထားသော ဗျူဟာကုန်း (၂) ခု ဖြစ်သည့် တရွန်အိုင်ဗျူဟာ နှင့် နှုံးဘူးဗျူဟာ စခန်းနှစ်ခုစလုံးတို့အား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၄) ရက်နေ့၌ ရှေ့ဆင့်နောက်ဆင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး "တရွန်အိုင်ဗျူဟာ ကုန်းတစ်ခုလုံးအား ထိုးစစ် (၂၁) ရက်အကြာ၊ ဒီဇင်ဘာလ (၄) ရက်နေ့၌ အပြီးသတ် သိမ်းပိုက် ရယူနိုင်ခဲ့ပြီးဖြစ်သည်။

နောက်ထပ် အပြီးသတ်သိမ်းပိုက်ရန် ကျန်ရှိနေသေးသော နှုံးဘူးဗျူဟာ အား ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၀) ရက်နေ့၊ ည (၁၁) နာရီ (၄၅) မိနစ် အချိန်တွင် ရက္ခိုင့်တပ်တော်မှ အပြီးသတ်သိမ်းပိုက် ရယူနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

နိုဝင်ဘာလ (၁၄) ရက်၊ နံနက် (၉) နာရီ (၂၅) မိနစ်မှ စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး ထိုးစစ် (၂၇) ရက်မြောက်အကြာမှ ဗျူဟာကုန်းတစ်ခုလုံးအား သိမ်းပိုက်ရယူနိုင်ခဲ့ခြင်းဖြစ်သည်။

ရန်သူသည် မိမိတို့၏ တစ်ရက်မျှရပ်နားခဲ့ခြင်းမရှိသော ထိုးစစ်အား လက်နက်ကြီးများ၊ လေကြောင်းပစ်ကူအမြောက်အမြားဖြင့် အပြင်းအထန် ခုခံခဲ့သော်လည်း မိမိတို့မှ ၎င်းဗျူဟာကုန်းစခန်းအား မရရအောင် အပြင်းအထန်တိုက်ခိုက်ခဲ့ပြီးနောက် ရယူနိုင်ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် တစ်ပိုင်းတစ်စ သိမ်းပိုက်ရန်ကျန်ရှိနေသေးသော စခန်းများကိုလည်း ဆက်လက် သိမ်းပိုက်ရယူနိုင်ရေးအတွက် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခဲ့သည်။

ပလက်ဝမြို့နယ်အတွင်း အခိုင်အမာ စခန်းချကာ ပြည်သူလူထုအား နှစ်ရှည်လများ ဒုက္ခပေးနေခဲ့သော နှုံးဘူး ဗျူဟာကုန်း စခန်းသိမ်းတိုက်ပွဲ အတွင်း အသက်၊ ခန္ဓာ၊ သွေး၊ ချွေးများစွာ ရင်းနှီး ပေးဆပ်ခဲ့ရသည့် အာရက္ခ စစ်သည်တော်များနှင့် ရဲရင့်ပြောင်မြောက်စွာ တိုက်ပွဲဝင်ခဲ့ကြသော အာရက္ခစစ်သည်တော်များ အားလုံးကို လေးနက်စွာဂုဏ်ပြု မှတ်တမ်း တင်အပ်ပါသည်ဟုလည်း  ရက္ခိုင့်တပ်တော်၊ သတင်းနှင့်ပြန်ကြားရေးမှ ဖော်ပြထားသည်။

October 18, 2024
ရခိုင်ပြည်တွင် စပါးစျေးမရသည့်အပြင် ယခင်နှစ် စိုက်ပျိုးရာသီမှ ထွက်ရှိလာသော စပါးများကို ယခုနှစ်...
October 16, 2024
ရခိုင်ပြည်၊မောင်တောမြို့၊ နခခ(၅)တပ်ရင်းအား အာရက္ခတပ်‌တော် (AA)  နေစဉ်ရက်ဆက် ထိုးစစ်ဆင်...
October 15, 2024
ရခိုင်ပြည် တောင်ဘက်အစွန်ဆုံး ဂွမြို့နယ်၏မြောက်ပိုင်းတွင် တိုက်ပွဲတွေပြင်းထန်နေသည့်အတွက်...
October 14, 2024
ရခိုင်ပြည်၊ တောင်ကုတ်မြို့မှ  စစ်ဘေးရှောင်သွားကြသည့်  နေအိမ်များ၏ လူဦးရေစာရင်းကို...