အာဏာသိမ်းပြီးနောက်ပိုင်း လွိုင်ကော်တွင် အဆောက်အဦး ၃၀၀ နီးပါး ပျက်စီး

အာဏာသိမ်းပြီးနောက်ပိုင်း လွိုင်ကော်တွင် အဆောက်အဦး ၃၀၀ နီးပါး ပျက်စီး

စစ်အာဏာသိမ်းစမှ ယခု ဒီဇင်ဘာလ ပထမပတ်အထိ ကရင်နီပြည် လွိုင်ကော်မြို့တွင် စစ်ကောင်စီတပ်၏ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် အဆောက်အအုံပေါင်း ၃၀၀ နီးပါး ပျက်စီးခဲ့သည်ဟု ကရင်နီလူမှု အသင်းအဖွဲ့များ ကွန်ရက် KCSN က ထုတ်ပြန်ပြောဆိုလိုက်သည်။

လွိုင်ကော်မြို့တွင် နိုဝင်ဘာလ ၁၁ ရက်နေ့ကစတင်၍ ဒီဇင်ဘာလ ပထမပတ်အထိ ကရင်နီ တော်လှန်ရေး ပူး ပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတို့အကြား တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပြီး စစ်တပ်၏ လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် လွိုင်ကော်မြို့က အဆောက်အအုံ အများအပြား ထိမှန်ပျက်စီးမှု ရှိခဲ့သည်ဟု ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက် KCSN က လက်ထောက်ညှိနှိုင်းရေးမှူး  ခူးရူဘီ က ပြော သည်။

“နှစ်ပါတ်အတွင်းဆို လေယာဥ်ကြောင့် ပိုပျက်စီးတာများတယ်လို့ ပြောလို့ရတယ်။ လေယာဥ်နဲ့ကြဲတာက ၁၀ ကြိမ် ၁၅ ကြိမ်မကဘူး။ ရာဂဏန်းကျော်လောက် ဒီနှစ်ပါတ်အတွင်းပဲ ဒါကြောင့်မလို့ လေယာဥ် ဗုံးသီး တွေကြောင့်ပဲ အဆောက်အအုံတွေ ပျက်စီးတာများတယ်လို့ ပြောလို့ရတယ်။”

စစ်ကောင်စီက လေကြောင်းမှ ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံးများ အသုံးပြုပြီး ပစ်ခတ်ခဲ့သည်ဟု ခူးရူဘီက ပြောသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ မှ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့အထိက လွိုင်ကော်မြို့တွင် အဆောက်အအုံပေါင်း ၁၉၉ လုံးပျက်စီးခဲ့ပြီး နိုဝင်ဘာလ ၂၀ ရက်နေ့မှ ဒီဇင်ဘာလ ၃ ရက်နေ့အထိ အဆောက်အအုံပေါင်း အလုံး ၁၀၀ ထပ်မံ ပျက်စီးသွားခဲ့သည်ဟု KCSN က ဆိုသည်။

ယခုတိုက်ခိုက်မှုက တော်လှန်ရေးအင်အားစုများကို စစ်တပ်အနေဖြင့် မတိုက်နိုင်တော့သည့် အနေအထား များကြောင့် ပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက်နေခြင်း ဖြစ်သည်ဟု ကရင်နီလူမှုအသင်းအဖွဲ့များ ကွန်ရက် တာဝန်ခံ ခူးကိုရယ် က ဆက်ပြောသည်။

“တော်လှန်ရေး အင်အားစုတွေကို သူတို့မနိုင်တော့ မှန်းသိတယ်။ ဒါကတစ်ပိုင်း တော်လှန်ရေးတွေကို သူတို့ ချေမှုန်းနိုင်ဖို့ အားအင်တွေကလည်း ချည့်နဲ့လာတယ်ဆိုတော့ သူတို့ရဲ့ပစ်မှတ်က ပြည်သူလူထုကို သွားဖြစ် တယ်။ ပြည်သူလူထု အများအပြား ခိုလှုံတဲ့ နေရာမှန်သမျှကို သူတို့က မဲပြီပေါ့။ ဘာသာရေး အဆောက် အအုံတွေ ကျောင်းတို့ ဆေးခန်းတို့ အဲ့မှာ ခိုလှုံနေတဲ့ လူတွေ အိုးမဲ့အိမ်မဲ့ ဖြစ်ကြတော့ အဲ့မှာပဲ သူတို့ ပစ်မှတ် ထားပြီး တိုက်ခိုက်လာတယ်ပေါ့နော်။”

ထို့အပြင် နိုဝင်ဘာလအတွင်း စစ်ဘေးရှောင်များ ခိုလှုံနေသော ဒီးမော့ဆိုမြို့နယ်ရှိ ဘုရားကျောင်းတစ်ဆောင် နှင့် လွိုင်ကော်မြို့ရှိ ခရစ္စတူးဘုရင်ဘုရားကျောင်းတို့လည်း တိုက်ခိုက်ခံခဲ့ရသည့်အပြင် လက်ရှိတွင်လည်း ခရစ္စတူးဘုရင်ဘုရားကျောင်းထဲ စစ်တပ်က ဝင်ရောက်တပ်စွဲထားသည်။

အဆိုပါ အခြေအနေများနှင့် ပတ်သက်၍ ခူးရူဘီက ယခုကဲ့သို့ သုံးသပ်ပြောဆိုသည်။

“လူထုခပ်များများက သူတို့ရဲ့ ခိုလှုံရာ ဘာသာရေး အဆောက်အအုံဖြစ်တယ်။ ဘုန်းကြီးကျောင်းပဲ ဖြစ်ဖြစ်၊ ခရစ္စယာန် နှစ်ခြင်းကျောင်း၊ ကက်သလစ်ကျောင်းပဲ ဖြစ်ဖြစ် ဆိုတော့ ဒီပြီးခဲ့တဲ့ ကက်သလစ် ဘုရား ကျောင်း နှစ်ကျောင်းစလုံးဟာ စစ်ရှောင်တွေ ရှိတဲ့နေရာဖြစ်တယ်။ ဘာသာရေး အဆောက်အအုံဖြစ်တယ်။ ဒီဘုရား ကျောင်းနှစ်ခုလုံးဟာ စစ်ရှောင်တွေရှိတဲ့ နေရာတွေဖြစ်တယ်။ ဒါကတော့ ဘယ်လိုမှ လက်ခံလို့ မရ တဲ့ အရာဖြစ်တယ်။ နိုင်ငံတကာ စစ်ရာဇဝတ်မှုကို ကျူးလွန်တာလို့ သတ်မှတ်လို့ရတယ်။”

လူနေအိမ်များ၊ အဆောက်အအုံများနှင့် စစ်ဘက်နှင့် မသက်ဆိုင်သည့် အရပ်ဘက်၊ ဘာသာရေး အဆောက် အအုံများကို စစ်ပွဲများထဲ ပစ်မှတ်ထား တိုက်ခိုက်နေခြင်းသည် လူသားမျိုးနွယ်များ အပေါ် ဆန့်ကျင်သော စစ်ရာဇဝတ်မှုကို ကျူးလွန်ခြင်း ဖြစ်သည်ဟု ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက်က တာဝန်ရှိသူများက ပြောသည်။

ခူးကိုရယ် က “ဘာသာရေးအဆောက်အအုံတွေ ပြည်သူတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်လာတဲ့ဟာကျ တော့ crime against humanity အဲ့ဒါကို သူတို့ချိုးဖောက်ရာရောက်တယ်ပေါ့နော်” ဟု ပြောသည်။

၁၁.၁၁ စစ်ဆင်ရေးထဲ စစ်တပ်က လေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်မှုများ ပိုမိုလုပ်ဆောင်နေပြီး လွိုင်ကော်မြို့ တွင် အဆောက်အအုံများစွာ ပျက်စီးခဲ့သည့်အပြင် ဒီးမော့ဆို ဘုရားကျောင်း ဗုံးကြဲတိုက်ခိုက်ခံရမှုထဲ၌လည်း အဆိုပါ ဘုရားကျောင်းတွင် ခိုလှုံနေသူ ပြည်သူ ၁၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

KCSN ၏ စာရင်းများအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၃ ဒီဇင်ဘာလ ၃ ရက်နေ့အထိ ကရင်နီ ပြည်က တိုက်ပွဲများထဲ အရပ်သားသတ်ဖြတ်ခံရသူ ၄၈၄ ဦး ရှိပြီဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူက အယောက် ၅၁၀ ရှိပြီ ဖြစ်သည်။

တပြည်နယ်လုံး၌ စစ်ရှောင်ဦးရေကလည်း ၂သိန်း ၈သောင်း ကျော်သွားပြီဟု KCSN က ဆိုသည်။ အဆိုပါ စာရင်းများမှာ KCSN အနေဖြင့် လက်လှမ်းမှီသလောက်သာ ကောက်ခံရရှိခဲ့ခြင်းဖြစ်ပြီး မြေပြင်၌ ထိုအရေ အတွက်ထက်ပိုများနိုင်သည်ဟု ဆိုသည်။

October 18, 2024
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့ အနောက်ဘက်ခြမ်းတွင် မိုးဦးရာသီမှ စတင်ဖြစ်ပွားခဲ့သည့် ရာသီတုပ်ကွေး...
October 18, 2024
ကချင်ပြည်၊ ဖားကန့်ဒေသက သတင်းထောက် ၂ ဦးကို ဖမ်းဆီးထားသည်ဆိုသည်မှာ ဟုတ်မှတ်သည်ဟု ကချင်လွတ်လပ်ရေး...
October 16, 2024
သတင်းနှင့် မီဒီယာ ကွန်ရက် ၊ ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၅ ရက်ကရင်နီပြည် ဖားဆောင်းမြို့နယ်နှင့်...
October 14, 2024
၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၄ ရက်။တနင်္သာရီတိုင်းရှိ  ရေဖြူတံတားစစ်ဆေးရေးဂိတ်...