လူငယ်များအား တပ်တော်ထဲတာဝန်ထမ်းဆောင်ရန် ဖိတ်ခေါ် ရခြင်းမှာ ရခိုင်ပြည်ကို ပိုမိုထိရောက်စွာကာကွယ်ရန်အတွက်ဟု ဦးခိုင်သုခဆို

လူငယ်များအား တပ်တော်ထဲတာဝန်ထမ်းဆောင်ရန် ဖိတ်ခေါ် ရခြင်းမှာ ရခိုင်ပြည်ကို ပိုမိုထိရောက်စွာကာကွယ်ရန်အတွက်ဟု ဦးခိုင်သုခဆို

ရခိုင်လူငယ်များအား တိုင်းပြည်တာဝန်ထမ်းဆောင်နိုင်ရန် ရက္ခိုင့်တပ်တော် (AA)မှ   ဖိတ်ခေါ်ရခြင်းမှာ ရခိုင်လူငယ်များအနေဖြင့်  ရခိုင်ပြည်ကို ယခုထက်ပိုပြီး ထိထိရောက်ရောက် ကာကွယ်နိုင်ဖို့ အတွက်ဟု ရက္ခိုင့်တပ်တော် ပြောခွင့်ရသူ ဦးခိုင်သုခက နိရဉ္စရာသတင်းဌာနသို့ ပြောဆိုသည်။

"ရခိုင်ပြည်နဲ့ ရခိုင်နိုင်ငံသားတွေကို ကာကွယ်ဖို့ အထူးအရေးကြီးတဲ့ ကာလဖြစ်တယ်။ ဒါကြောင့်မလို့ ရခိုင်ပြည်ရဲ့ လုံခြုံရေး၊ အနာဂတ်တည်တံ့ရေး၊ ပြည်သူတွေကို အခုထက်ပိုပြီး ကာကွယ်နိုင်ဖို့ အတွက်ဆိုရင် လူငယ်တွေအနေနဲ့ အခုလိုအပ်နေတဲ့ ကာကွယ်ရေးပိုင်းတွေမှာ တာဝန်ထမ်းဆောင်ဖို့ အထူးအရေးကြီးတာပေါ့နော်။ ကျနော်တို့က အမျိုးကိုချစ်ပါတယ်လို့ အော်နေရုံလောက်နဲ့တော့ မပြီးဘူးဗျ။ ကျနော်တို့ရဲ့ ရခိုင်ပြည်သူတွေကို ထိထိရောက်ရောက်ကာကွယ်နိုင်ဖို့အတွက် အရေးကြီးတယ်။ ဒါကြောင့်ကျနော်တို့ရဲ့ လူငယ်တွေအားလုံး၊ တာဝန်ထမ်းနိုင်တဲ့လူတွေအားလုံးဟာ အခုချိန်မှာ ရခိုင်ပြည်ကာကွယ်ရေးကိစ္စတွေမှာ ဝင်ရောက်တာဝန်ထမ်းဆောင်ဖို့ အထူးအရေးကြီး ပါတယ်" ဟု ၎င်းကပြောဆိုသည်။

ဒီဇင်ဘာ ၅ ရက်နေ့က ရက္ခိုင့်တပ်တော်မှ ထုတ်ပြန်သည့် သတင်း ထုတ်ပြန်ချက်တွင် ရက္ခိုင့်တပ်တော်မှ သိမ်းထားသော ရန်သူ့စခန်းကုန်းများ၊ ရန်သူစွန့်လွှတ်ထားခဲ့သော နယ်စပ်စခန်းများ အပြင် ဆက်လက်သိမ်းယူရန် လျာတားထားသော ဗျူဟာစခန်းများအား သိမ်းပြီးနောက် ရရှိလာမည့် စခန်းများအားလုံးကို ကာကွယ် စောင့်ရှောက်ရန်အတွက် အာရက္ခတိုင်းပြည် အပေါ် အမှန်တကယ် ချစ်မြတ်နိုးပြီး ကာကွယ်စောင့်ရှောက်ကြမည့် " Defenders of Our Fatherland အာရက္ခစစ်သည် တော်သစ်များ လိုအပ်လျက်ရှိနေပါကြောင်း ဖော်ပြထားသည်။

မောင်တော ဒေသခံတစ်ဦးက "အေအေက သိမ်းထားတဲ့ စစ်တပ်စခန်းတွေနဲ့ စစ်တပ်က စခန်းစွန့်ခွာသွားတဲ့ နယ်ခြားစောင့် စခန်းတွေမှာ နေရာချထားဖို့ တပ်သားအင်အားတွေ ထပ်လိုပါတယ်။ စစ်တိုက်နေတဲ့ စစ်သားတွေက အဓိက ရှေ့တန်းထွက်ရတဲ့အတွက် စခန်းတွေမှာ အထိုင်ချနေလို့ မရပါဘူး။ ဒီနေရာတွေမှာ ဝင်ရောက်တာဝန် ထမ်းဆောင်ဖို့ အင်အား အများအပြားလိုနေပါတယ်။ လူငယ်တွေအများအပြားကတော့ တပ်တော်ထဲကို ဝင်ဖို့ သွားနေကြတယ်လို့ သိရပါတယ် ဟု ဒီပြောဆိုသည်။  

အကြမ်းဖက် မြန်မာစစ်ကောင်စီတပ်သည် ရက္ခိုင့်တပ်တော် ( AA)နှင့် နိုဝင်ဘာ ၁၃ ရက်နေ့ စတင်တိုက်ပွဲဖြစ်ပွားသည့်နေ့ကစပြီး သယ်ယူပို့ဆောင်ရေး လမ်းကြောင်းများကို ပိတ်ဆို့ပြီး ရိက္ခာဖြတ်တောက်ခြင်း၊   အရပ်သား ပြည်သူများ နေထိုင်သည့် ကျေးရွာများကို လက်နက်ကြီးများဖြင့် တမင်ပစ်ခတ်ခြင်း၊ ကျေးရွာများအတွင်းသို့ ဝင်ရောက်ပြီး မီးရှို့ခြင်းများကို ဆက်တိုက်ဆိုသလို ပြုလုပ်နေသဖြင့် ရခိုင်လူထုအကြား မကျေနပ်မှုများ အထူးတိုးပွားလျှက်ရှိသည်ဟု ရခိုင်ဒေသခံများက ပြောကြားသည်။

Most read this week

October 18, 2024
ရခိုင်ပြည်တွင် စပါးစျေးမရသည့်အပြင် ယခင်နှစ် စိုက်ပျိုးရာသီမှ ထွက်ရှိလာသော စပါးများကို ယခုနှစ်...
October 16, 2024
ရခိုင်ပြည်၊မောင်တောမြို့၊ နခခ(၅)တပ်ရင်းအား အာရက္ခတပ်‌တော် (AA)  နေစဉ်ရက်ဆက် ထိုးစစ်ဆင်...
October 15, 2024
ရခိုင်ပြည် တောင်ဘက်အစွန်ဆုံး ဂွမြို့နယ်၏မြောက်ပိုင်းတွင် တိုက်ပွဲတွေပြင်းထန်နေသည့်အတွက်...
October 14, 2024
ရခိုင်ပြည်၊ တောင်ကုတ်မြို့မှ  စစ်ဘေးရှောင်သွားကြသည့်  နေအိမ်များ၏ လူဦးရေစာရင်းကို...