ကော့ကရိတ်တိုက်ပွဲကြောင့် မြဝတီနယ်စပ်ကုန်သွယ်ရေး ရပ်ဆိုင်းနေ

ကော့ကရိတ်တိုက်ပွဲကြောင့် မြဝတီနယ်စပ်ကုန်သွယ်ရေး ရပ်ဆိုင်းနေ

မြန်မာ - ထိုင်း နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းရှိ ကရင််ပြည်နယ်၊ ကော့ကရိတ်မြို့တွင် တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေသဖြင့် မြဝတီ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ ယာယီရပ်ဆိုင်းနေကြောင်း သိရသည်။

ဒီဇင်ဘာလ ၁ ရက်နေ့မှ ယနေ့ ဒီဇင်ဘာလ ၆ ရက်နေ့ထိ ကော့ကရိတ်မြို့နှင့် ရန်ကုန်- မြဝတီ အာရှလမ်းမတို့တွင် စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေပြီး ကော့ကရိတ် - မြဝတီ အာရှလမ်းမပေါ် ယာဉ်သွားလာခွင့်ကို ပိတ်ပင်ထားသည်။

“တိုက်ပွဲက အခုထိ ဖြစ်နေတုန်းပဲ။ နောက်ပြီး အာရှလမ်းမပေါ်မှာက တော်လှန်ရေးအဖွဲ့တွေ ရှိနေတာဆိုတော့ စစ်ဆေးတာက ရှိတယ်ပေါ့။ ဒါပေမဲ့ မြို့အနားမှာ စစ်တပ်နဲ့ BGF အဖွဲ့တွေက စစ်ဆေးတာလည်း မလွယ်ဘူး။ နှစ်ဖွဲ့စလုံးက အခြေအနေတင်းမာတဲ့ ပုံစံဖြစ်နေတော့ လမ်းမကို သွားခွင့်ပိတ်ထားတာ။ ဘယ်အချိန်မှ ပြန်ဖွင့်လာမလဲ မပြောတတ်ဘူး” ဟု ကော့ကရိတ်မြို့ခံ နယ်စပ်ကုန်သည်တစ်ဦးက ပြောသည်။

နယ်စပ်ကုန်သွယ်ရေး ရပ်တန့်နေသဖြင့် မြဝတီမြို့တွင် ပေါ်ဆန်းမွှေးဆန် တစ်အိတ်ကို ယခင်က ငွေကျပ် ၁၅၀, ၀၀၀ ကနေ လက်ရှိတွင် ငွေကျပ် ၂၀၀,၀၀၀ (ထိုင်းဘတ်ငွေ ၂၀၂၅)၊ ပဲဆီ ၁ ပိဿာကို ယခင်က ငွေကျပ် ၁၃,၀၀၀ ကနေ လက်ရှိတွင် ငွေကျပ် ၃၀,၀၀၀ကျပ် (ထိုင်းဘတ်ငွေ ၂၈၀ )နှင့် အခြား စားသောက်ကုန်များမှာလည်း ဈေးမြင့်တက်နေကြောင်း မြဝတီမြို့ရှိ စားသောက်ကုန်အရောင်းဆိုင်များထံက သိရသည်။

“တိုက်ပွဲက ဖြစ်နေတာပေါ့။ ဒါပေမဲ့ စစ်တပ်က အချိန်ဆွဲထားတာကပိုဆိုးတယ်။ ဘယ်ကုန်မှပို့မရဘူး။ မြဝတီမြို့ထဲမှာ ဆန်တွေဆီတွေက အကုန်ဈေးတက်နေတာ။ ဆန်တစ်အိတ်ကို ဘတ်နှစ်ထောင်ကျော်နေပြီ” ဟု မြဝတီမြို့မှ စားသောက်ကုန်အရောင်းဆိုင်ရှင်တစ်ဦးက ပြောသည်။

နယ်စပ်ကုန်သွယ်ရေးရပ်ဆိုင်းနေသဖြင့် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင်လည်း  မြန်မာပြည်မှ တင်ပို့နေသည့် အခြေခံစားသောက်ကုန်များ ဈေးနှုန်းမြင့်တက်နေကြောင်း မဲဆောက်မြို့ရှိ မြန်မာကုန်စုံဆိုင်ရှင်တစ်ဦးထံမှ သိရသည်။

လက်ရှိ၌ မြဝတီ - ကော့ကရိတ် အာရှလမ်းမကို သွားလာခွင့်ပိတ်ပင်ထားသဖြင့် လမ်းဟောင်းဖြစ်သည့် ထိုးကော့်ကိုး၊ ဗိုလ်တဲ လမ်းပိုင်းမှသွားမည်ဆိုလျှင်လည်း ကုန်ကားကြီးများသွားလာရန် လမ်းအဆင်မပြေကြောင်း ကုန်တင်ယာဉ်မောင်းများထံက သိရသည်။

ထိုင်း- မြန်မာနယ်စပ် မြဝတီနယ်စပ်ကုန်သွယ်ရေးဇုန်မှ ပြီးခဲ့သည့်၊ နိုဝင်ဘာလ ၂၅ ရက်နေ့မှ ဒီဇင်ဘာလ ၁ ရက် နေ့အထိ ပြည်တွင်းပို့ကုန် အမေရိကန်ဒေါ်လာ(၂၁.၀၀၃) သန်းနှင့် ပြည်ပသွင်းကုန် အမေရိကန်ဒေါ်လာ (၈၃.၅၃၉) သန်း စုစုပေါင်းကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၁၀၄.၅၄၂ )သန်း ဆောင်ရွက်နိုင်ခဲ့ကြောင်း စစ်ကောင်စီ၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အချက်အလက်အရ သိရသည်။

ပုံစာ - မြဝတီ - ကော့ကရိတ် အာရှလမ်းမတွင် တော်လှန်ရေးတပ်ဖွဲ့များ လုံခြုံရေးယူထားသည်ကို ဒီဇင်ဘာ ၅ ရက်နေ့က တွေ့ရစဉ်။ ဓာတ်ပုံ - CJ

Most read this week

October 18, 2024
တိုက်ပွဲပြင်းထန်နေသည့် ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ အောင်မင်္ဂလာကျေးရွာကို အောက်တိုဘာ ၁၆ ရက်၊...
October 16, 2024
ရခိုင်က မြို့နယ်အားလုံးတွင် ဖုန်းလိုင်း၊ အင်တာနက်လိုင်းများ လုံးဝပြတ်တောက်နေသောကြောင့် ဒေသအတွင်း...
October 15, 2024
ရခိုင်ဒေသကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှစ၍ စစ်ကောင်စီက လမ်းခရီးပိတ်ဆို့ထားသလို...
October 14, 2024
အမ်းမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ တိုက်ပွဲပြင်းထန်နေသည့်အတွက် ကျေးရွာပေါင်း ၁၀...