ပင်လောင်းမြို့နယ်ထဲက ကရင်နီစစ်ရှောင်၂သောင်းကျော်အတွက် ရိက္ခာသယ်ယူခွင့်မရ

ပင်လောင်းမြို့နယ်ထဲက ကရင်နီစစ်ရှောင်၂သောင်းကျော်အတွက် ရိက္ခာသယ်ယူခွင့်မရ

ကရင်နီပြည်တွင်းတိုက်ပွဲတွေကြောင့် ရှမ်းပြည်၊ ပင်လောင်းမြို့နယ်ထဲကိုရောက်ရှိနေတဲ့ ကရင်နီစစ်ဘေးရှောင် ၂သောင်းဝန်းကျင် အတွက် စားနပ်ရိက္ခာတွေ သယ်ယူခွင့်မရဘူးလို့ စစ်ရှောင်အရေး ကူညီသူတွေက ပြောပါတယ်။

စစ်ကောင်စီရဲ့စစ်ဆေးရေးဂိတ်တွေကနေ စားနပ်ရိက္ခာ သယ်ဆောင်လာတဲ့ ကားမှန်သမျှကို အဝင်အထွက် နှစ်ဘက်စလုံး ပေးမဖြတ်တာကြောင့် စစ်ရှောင်တွေ စားနပ်ရိက္ခာ ငတ်ပြတ်နေတဲ့ အနေအထားထိ ကြုံနေကြပြီလို့ ပင်လောင်းမြို့နယ်အတွင်း စစ်ရှောင်ကူညီသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။

“အခုချိန်ထိပေါ့နော် လမ်းအဝင်အထွက်တွေက ပိတ်နေတုန်းပဲပေါ့နော်။ ဒီဂိတ်တွေက ပိတ်နေ။ စားနပ်ရိက္ခာပါပြီဆို ပိုတောင်မှ ဆိုးတယ်ပေါ့နော်။ သယ်လို့တောင်မရဘူးပေါ့နော်။ ကြုံနေတဲ့ အခက်ခဲဆို နေထိုင်ဖို့ နေရာကအစ ဝတ်စားဖို့က အစပေါ့နော် ဒီစားသောက်ဖို့ကအစ အကုန်ပေါ့နော် ငတ်နေတဲ့ အနေအထားမှာ ရှိနေတယ်ပေါ့နော်” လို့ စစ်ဘေးရှောင်ကူညီသူတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီရဲ့ အထိုင် ဂိတ်တွေကနေ ကရင်နီပြည်ဘက်ကို ရိက္ခာတွေသယ်ယူခွင့်မရအောင် စစ်ကောင်စီက ပိတ်ဆို့ စစ်ဆေးမှုတွေပြုလုပ်နေတာကြောင့် ပင်လောင်းမြို့နယ်ထဲက စစ်ဘေးရှောင်တွေအတွက်လည်း ရိက္ခာသယ်ယူခွင့်တွေ ခက်ခဲနေကြတာဖြစ်တယ်လို့လည်း ဆိုပါတယ်။

လက်ရှိမှာ ပင်လောင်းမြို့နယ်ထဲက စစ်ရှောင်တွေအတွက် ရိက္ခာတွေကို တောလမ်းကနေ သယ်ယူပေးနေရပြီး လူဦးရေများတာကြောင့် ရိက္ခာသယ်ယူရေး အခက်အခဲရှိနေတယ်လို့လည်း ကူညီသူတွေကပြောပါတယ်။

“စားဖို့တောင် မရှိဘူး။  နေဖို့လဲ မရှိဘူး။  ဂိတ်က အခုထိ ဖြတ်မရဘူးဗျ။ သယ်လို့လဲမရဘူး။  တောလမ်း ဖြတ်လမ်းကနေသွားရတယ်။” လို့ စစ်ရှောင်ကူညီသူတစ်ဦးက ပြောပါတယ်။

ပင်လောင်းမြို့နယ်ထဲကိုရောက်ရှိနေတဲ့ စစ်ရှောင်တွေအများစုကတော့ ရက်ကြာတာနဲ့အမျှ ပါလာတဲ့ စားနပ်ရိက္ခာတွေကုန်ခမ်းလာသလို အသစ်ဝယ်ယူဖို့လည်း အခက်အခဲရှိနေကြတယ်လို့ သစ်ပင်ကောက်ကျေးရွာထဲကို ရောက်ရှိလာတဲ့ စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“ဆန်၊ဆီ၊ဆားက အဓိကပဲ ထင်တယ်နော်။ ကိုယ့်ဟာကိုယ် တစ်ချို့သယ်လာကြတယ်။ နောက် အဒေါ်တို့ထက် အရင်လာတဲ့သူဆို အခု ပြတ်နေကြပြီ။ နောက် ပြန်ဝယ်ဖို့ ဆိုလည်း ဓာတ်ဆီတွေလည်း ပြတ်ကြတော့ ပြန်ဖို့ အခက်ခဲရှိတယ်။ ဆန်တွေဘာတွေ အဲ့လိုမျိုး ညဉ်းသံကြားတယ်လေ အဒေါ်တို့က အစပေါ့နော်။ ”လို့ ပင်လောင်းမြို့နယ်ထဲက သစ်ပင်ကောက် ကျေးရွာထဲကို ရောက်နေတဲ့ စစ်ရှောင်အမျိုးသမီးတစ်ဦးက ဆိုပါတယ်။

လက်ရှိ ပင်လောင်းမြို့နယ်ထဲက ကျေးရွာ ၃၀ ကျော်မှာ စစ်ရှောင်တွေရောက်ရှိခိုလှုံနေပြီး လူဦးရေအားဖြင့် ၂သောင်းကျော် ရှိနေတယ်လို့ သိရပါတယ်။

Most read this week

October 18, 2024
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အရှေ့ဖက်ခြမ်းက ပွန်ချောင်းစစ်ရှောင်စခန်းမှာ ရေဘေးကြောင့်...
October 16, 2024
ရာဂီမုန်တိုင်း နောက်ဆက်တွဲကြောင့် ရေဘေးသင့်ခဲ့တဲ့ ကရင်နီလူထုတွေ ပြန်လည်ထူထောင်နိုင်ရေးအတွက်...
October 16, 2024
လွိုင်ကော်မှာ တက္ကသိုလ်ကျောင်းတွေ ပြန်လည်ဖွင့်လှစ်ဖို့ စစ်ကောင်စီက ဆောင်ရွက်နေလျက်ရှိပြီး...
October 15, 2024
မူဖိလစ်စတာ — တောင်သူဦးကြီးတွေရဲ့စပါးနဲ့ သီးနှံစိုက်ခင်းတွေကို ရာဂီ မုန်တိုင်းအရှိန်နဲ့...