မုန်းမြို့ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် မိသားစုများအား ဖမ်းဆီးရမိထားကြောင်း KNLA ဌာနချုပ် ထုတ်ပြန်

မုန်းမြို့ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် မိသားစုများအား ဖမ်းဆီးရမိထားကြောင်း KNLA ဌာနချုပ် ထုတ်ပြန်

ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃) ညောင်လေးပင်ခရိုင် မုန်းမြို့တွင် ပြီးခဲ့သည့် ဒီဇင်ဘာလ(၂)ရက်နေ့မှ စတင်ဖြစ်ပွားခဲ့သော စစ်တပ်စခန်းများအား တိုက်ခိုက်သိမ်းပိုက်သည့် တိုက်ပွဲ အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်မိသားစု(၂၀)ဦးထက်မနည်းအား ဖမ်းဆီးရမိခဲ့ကြောင်း ကရင်အမျိုး သား လွတ်မြောက်ရေးတပ်မတော်-KNLA ဌာနချုပ်က ဒီဇင်ဘာလ(၅)ရက်‌ ‌ယမန်‌နေ့တွင် ထုတ်ပြန်ထားသည်။

KNLA နှင့် ပူးပေါင်းတပ်များ၏ ထိုစခန်းသိမ်းတိုက်ပွဲအတွင်း ပြည်သူလုထုအား ပစ်မှတ်ထားတိုက်ခိုက် နေသည့် စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခမရ-၅၉၉နှင့် ၅၉၀ တို့အပါအဝင် မုန်းမြို့ရဲစခန်းနှင့် တံတား ထိပ် ဂိတ်စခန်းတို့အား သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး တပ်ရင်းနှစ်ရင်းမှ စစ်တပ်မိသားစုဝင် (၂၀) ဦးထက်မနည်းကိုလည်း ဖမ်းဆီးရမိကာ KNLA ဘက်က ကောင်းမွန်စွာ ထိန်းသိမ်းစောင့် ရှောက်ထားကြောင်း ထိုထုတ်ပြန်ချက်တွင် ဖော်ပြထားခြင်းဖြစ်သည်။

ထို့အတူ သိမ်းဆည်းရမိသော စခန်းများတွင် KNLA ပူးပေါင်းတပ်က လက်ရှိအချိန်ထိ တပ်စွဲထားနိုင် သော်လည်း စစ်ကောင်စီဘက်က လေကြောင်းပစ်ကူမှုများ ရှိနေဆဲဖြစ်သလို မြို့အတွင်း နယ်မြေရှင်း လင်းရေး ဆက်လက်လုပ်ဆောင်နေဆဲဖြစ်သည်ဟု KNU တပ်မဟာ(၃) ပြန်ကြားရေးဘက်က ပြောသည်။

“နယ်မြေရှင်းလင်းရေးတော့ လုပ်နေတုန်းပဲ လေယာဉ်နဲ့လည်း လာပစ်နေတုန်းပါ။ မြို့နယ်ရုံးနဲ့ တပ်ရင်း ၈ ရုံးချုပ်ကိုလည်း လေယာဥ်သွားပစ်တယ်။ KNLA ဘက်က သိမ်းထားတဲ့စခန်းတွေမှာ ခုထိထိုင်တယ်။ သူတို့လူတွေ(စစ်တပ်)နဲ့လည်း တိုက်ပွဲဖြစ်နေတယ်” ဟု ပြန်ကြားရေးဘက်က တာဝန်ရှိသူတစ်ဦးက ကေအိုင်စီသို့ ဒီဇင်ဘာလ(၅)ရက်‌၊ ယမန်နေ့တွင် ပြောသည်။

၎င်းအပြင် စစ်ကောင်စီဘက်မှ တပ်ရင်းမှူးအဆင့်ရှိသူအရာရှိ အပါအဝင်တပ်ဖွဲ့ဝင်အများအပြား KNLA ပူးပေါင်းတပ်ထံသို့ လက်နက်ချအညံ့ခံခဲ့သလို နှစ်ဖက်ထိခိုက်မှုရှိသော်လည်း အသေးစိတ် မသိရှိရသေးကြောင်း ကေအဲန်ယူဘက်က ထုတ်ပြန်ပြောဆိုထားသည်။

သို့သော် ထိုစခန်းများအား KNLA ပူးပေါင်းတပ်များက ခေတ္တခဏ ဝင်ရောက်နေရာယူနိုင်ခြင်းဖြစ်ပြီး လက်ရှိတွင် စစ်ကောင်စီဘက်က ပြန်လည်သိမ်းပိုက်ထားနိုင်သလို စစ်တပ်မိသားစုဝင်များကိုလည်း လုံခြုံစိတ်ချရသော နေရာများသို့ ပြောင်းရွှေ့နေရာချထားပြီးဖြစ်သည်ဟု စစ်ကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့ဘက်က ဒီဇင်ဘာလ(၅)ရက်နေ့ ရက်စွဲဖြင့်ပင် ထုတ်ပြန်‌ထားသည်။

ထိုထုတ်ပြန်ချက်အပေါ် တပ်မဟာ(၃)ပြန်ကြားရေးဌာန၏တာဝန်ရှိသူတစ်ဦးက “အဲ့ဒီညနေက သူတို့(စစ်တပ်)လေယာဉ်တွေနဲ့ တရစပ်အများကြီးပစ်တော့  ကျမတို့ လူတွေက ခဏရှောင်လိုက်တာ စခန်းတွင်းက ပစ္စည်းတွေတော့ အကုန်သိမ်းပြီးသွားပြီ။  သူတို့ဂုဏ်သိက္ခာအတွက် စခန်းကိုရအောင်ပြန် လာယူတာ။ ပြီးတော့ လေယာဥ်ပေါ်ကဆင်းပြီး စခန်းရှေ့ဓာတ်ပုံရိုက်သွားတာပဲ။ ပုံထဲမှာပါတဲ့လူတွေက တယောက်မှ စစ်မြေပြင်မှာမရှိဘူး၊ ကျမတို့တပ်ဖွဲ့ဝင်‌တွေလည်း တစ်ယောက်မှ ပြန်မဆုတ်သေးပါဘူး” ဟု စစ်ကောင်စီဘက်က ပြောဆိုချက်ကို တုံ့ပြန်သည်။

အဆိုပါ တိုက်ပွဲကို KNLA တပ်မဟာ(၃)ဘက်မှ လက်အောက်ခံတပ်ရင်းများ၊ တပ်မဟာ(၁)နှင့်(၅)မှ တပ်ဖွဲ့ဝင်များ၊ ရိုးမစစ်ကြောင်း (၂),(၄),(၅)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်- BPLA ၊ Federal Win Drone နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-PDF များက ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု KNLA ဌာနချုပ်၏ ထုတ်ပြန်ချက်အရ သိရသည်။

October 18, 2024
မြဝတီမြို့တောင်ဘက်ရှိ လေးကေ့ကော်မြို့သစ်အနီးရှိ  စစ်ကောင်စီ၏  စွယ်တော်ကုန်း  (...
October 16, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၇)နယ်မြေ၊ ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ်၊ ပေါင်ကျေးနယ်...
October 16, 2024
တနင်္သာရီတိုင်းဒေသကြီး၊ ဘိတ်ခရိုင်၊ ပုလောမြို့နယ်၊ မီးလောင်ချောင်းကျေးရွာဘက်သို့...
October 15, 2024
သန်းခေါင်စာရင်းကောက်ယူပြီးနောက်ပိုင်း ရွေးကောက်ပွဲအကြိုဆိုင်ရာ လုပ်ငန်းစဉ်ကဏ္ဍများတွင်...