BGF ၏ တပ်ဖွဲ့ဝင်သစ် စုဆောင်းမှုကြောင့် ရွှေကုက္ကိုလ်ဒေသတွင်း နေထိုင်သူများအခက်ကြုံ

BGF ၏ တပ်ဖွဲ့ဝင်သစ် စုဆောင်းမှုကြောင့် ရွှေကုက္ကိုလ်ဒေသတွင်း နေထိုင်သူများအခက်ကြုံ

ကရင်ပြည်နယ်၊ မြဝတီမြို့မြောက်ဘက်၊ ရွှေကုက္ကိုလ်မြို့သစ်တွင် စစ်ရေးအရ နယ်မြေလုံခြုံရေး တိုးမြှင့်ချထားရန်အတွက် ဒေသပတ်ဝန်းကျင်ကျေးရွာ/ရပ်ကွက်များမှ ‌လူငယ်များအား နယ်ခြား စောင့်တပ်(BGF)က တပ်သားသစ်စုဆောင်းမှုများလုပ်ဆောင်နေမှုကြောင့် ဒေသအတွင်း နေထိုင်သူများ အခက်တွေ့နေကြရကြောင်း ဒေသခံများက ပြောသည်။

ယခင် အာဏာသိမ်းမှုမတိုင်ခင်က BGF ၏ တပ်သားသစ်စုဆောင်းမှုကို လူအစားထိုး အခကြေးငွေ ပေးဆောင်နိုင်သော်လည်း ယခုလပိုင်းအတွင်း စစ်တပ်က တော်လှန်ရေးတပ်ဖွဲ့ များနှင့် တိုက်ပွဲဖြစ်ရာ နေရာများတွင် အကျအဆုံးများနေသည့်အတွက် လူကိုယ်တိုင်စစ်သားစုဆောင်းပြီး စစ်တိုက်ရန် ခေါ်ယူ ခံနေရခြင်းကို  ရှောင်လွဲ၍မရသည့်အခြေအနေဖြစ်နေကြောင်း စစ်သားစုဆောင်းခံရသည့် မိသားစုဝင်တစ်ဦးက ယခုလို ပြောသည်။

“BGF က အခုကုက္ကိုလ်မှာ လက်ကုန်လူစုတယ်။ သူတို့က ရပ်ကွက်သားတွေရဲ့ စာရင်း သူတို့မှာ ရှိတယ်။ ဘယ်အိမ်က ဘယ်အသက်အရွယ်၊ လူဘယ်နှစ်ယောက်ရှိတယ်ဆိုတာသိတော့ အဲ့ဒီအိမ်တွေက လူငယ် တွေ BGF ထဲ လိုက်ရတယ်။ သင်တန်းတက်ရတယ်။ ဂိတ်စောင့်ရတယ်။ ရှေ့တန်းလိုက်ရတယ်။ အရင် ကလို လူမလိုက်ရင် လူစားထိုးခပေးလို့မရတော့ဘူး။ ဘယ်အိမ်က လူကအသက်ပြည့်နေပြီးလာခဲ့ဆိုပြီး လာခေါ်တာခံရတယ်။” ဟု ၎င်းဒေသခံက ကေအိုင်စီသို့ပြောသည်။

ထို့အပြင် လတ်တလောတွင် တပ်သားသစ်စုဆောင်း၍ မရသည့် အခြေအနေကြောင့် မြဝတီမြို့ လုံခြုံရေးယူနေရသည့် BGF တပ်ဖွဲ့များအနေဖြင့် အင်အားမရှိသည့်အတွက် ကြုံရာကျပန်း လုပ်ကိုင် နေထိုင်သူ အရပ်သားများအား နေ့စားခတစ်သောင်းကျပ်ပေးကာ ကင်းစောင့်၊ ဂိတ်စောင့်၊ ငွေကောက်ရ သည့် ဂိတ်များ၊ စခန်းများတွင် လက်နက်နှင့် ယူနီဖောင်းတပ်ဆင်ပေးကာ ခေါ်ယူနေရသည့် အခြေအနေတွင် ရှိနေကြောင်းလည်း မြဝတီမြို့ရှိ BGF နီးစပ်သူတစ်ဦးက ပြောသည်။

၎င်းက “အခုက BGF လည်း အင်အား မရှိတော့ဘူး။ စစ်ကူလိုက်တယ်။ ရှေ့တန်းမှာ သေကြတယ်။ ထွက်ပြေးကြတယ်။ အခုဖားချောင်းဂိတ်၊ ကုန်သွယ်ရေးဇုန်ဂိတ်ဘက်တွေဆို အရင် အလုပ်ကြမ်းလုပ်တဲ့ကလေးတွေ အလုပ်မရှိတော့ ယူနီဖောင်းဝတ်ပြီး ဂိတ်စောင့်၊ ကင်းစောင့်တွေ တစ်နေ့ တစ်သောင်းနဲ့ လိုက်စောင့် ကြတာတွေ့ရတယ်။ အရင်က သူတို့ စစ်သား နဲ့ BGF ပဲ ကားတွေ ငွေတောင်းတာရှိတယ်။ အခုက သူတို့ ရှေ့မထွက်ဘူး။ နေ့စားငှားတဲ့ သူတွေပဲဂိတ်စောင့်ထားတယ်။” ဟု ကေအိုင်စီသို့ ပြောသည်။

ယခုလို BGF၏ တပ်သားသစ် စုဆောင်းမှုသတင်းများ နှင့်ပတ်သက်၍ မြဝတီအခြေစိုက် BGF တာဝန်ရှိသူများ၊ ရွှေကုက္ကိုလ်အခြေစိုက် BGF တာဝန်ရှိသူများအား ဆက်သွယ်မေးမြန်းသော်လည်း တုန့်ပြန်ဖြေကြားမှု မရှိသေးပေ။

ယခင်က BGF အနေဖြင့် တပ်သားသစ်စုဆောင်းရာတွင် ကျေးရွာတစ်ရွာလျှင် ၁၀‌ ဦးမလိုက်နိုင်ပါက တစ်ဦးစာအတွက် ကျပ်သိန်းလေးဆယ်ပေးဆောင်ရပြီး လူစားငှားပါက တစ်လဘတ်တစ်ထောင်ထည့် ဝင်ရသလို ရပ်ရွာကာကွယ်ရေးဟုအကြောင်းပြစုဆောင်းသော်လည်း ရှေ့တန်းစစ်မြေပြင်များသို့ ပို့ဆောင်ခံရကြောင်း၊ ထွက်ပြေးပါက လျော်ကြေးပေးဆောင်ရသလို ထွက်‌ပြေးသူများ၏ မိဘများခေါ်ယူ ရိုက်နှက်အပြစ်ပေးခံကြရလေ့ရှိကြောင်း ဒေသခံများက ပြောသည်။

လက်ရှိ မြဝတီမြို့ ပတ်ဝန်းကျင်၊ မယ်ထော်သလေးကျေးရွာ တရုတ်လောင်းကစားရုံ ပတ်ဝန်းကျင် နေရာ များနှင့် ရွှေကုက္ကိုလ်လောင်းကစားရုံ ဒေသပတ်ဝန်းကျင်နေရာများတွင် (BGF) နှင့် စစ်ကောင်စီတပ်များ အနေဖြင့် တော်လှန်ရေးပူးပေါင်းအဖွဲ့များ၏ လာရောက်မတိုက်ခိုက်ခံရရေး စစ်အင်အားဖြည့်တင်းမှုများ တိုးမြှင့်လုပ်ဆောင်နေကြောင်း အနီးအနားရှိ ဒေသခံများထံမှ သိရှိရသည်။

October 21, 2024
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်၊ သေ့ဘောဘိုးဒေသ၊ ဘလယ်ဒိုကျေးရွာရှိ ကာကင်းစခန်း ၃ ခုကို ...
October 18, 2024
မြဝတီမြို့တောင်ဘက်ရှိ လေးကေ့ကော်မြို့သစ်အနီးရှိ  စစ်ကောင်စီ၏  စွယ်တော်ကုန်း  (...
October 16, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၇)နယ်မြေ၊ ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ်၊ ပေါင်ကျေးနယ်...
October 16, 2024
တနင်္သာရီတိုင်းဒေသကြီး၊ ဘိတ်ခရိုင်၊ ပုလောမြို့နယ်၊ မီးလောင်ချောင်းကျေးရွာဘက်သို့...