ကရင်နီပြည်အတွင်း ကုန်စည်လမ်းကြောင်းပိတ်၊ စစ်ဘေးရှောင်များ ရိက္ခာဆေးဝါး လိုအပ်

ကရင်နီပြည်အတွင်း ကုန်စည်လမ်းကြောင်းပိတ်၊ စစ်ဘေးရှောင်များ ရိက္ခာဆေးဝါး လိုအပ်

ကရင်နီပြည်ထဲတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး ကုန်စည်လမ်းကြောင်းများ ပိတ်ဆို့သွားသောကြောင့် စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာနှင့် ဆေးဝါးများ အရေးတကြီးလိုအပ်သည်။

၁၁.၁၁ စစ်ဆင်ရေးစတင်ပြီးနောက် တိုက်ပွဲများကြောင့် ကုန်စည်လမ်းကြောင်းများ ပိတ်ဆို့မှု ဖြစ်သွားသော ကြောင့် စားနပ် ရိက္ခာနှင့် ဆေးဝါးများ ပြတ်ကုန်ပြီဟု ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) အထွေထွေအတွင်းရေးမှူး ခူးပလုရယ်က ပြောသည်။

”ယေဘုယျပြောရရင် ဆေးဝါးနဲ့ရိက္ခာတော့တော်တော်လေးအခက်အခဲရှိတယ် လမ်းတွေအကုန်ပိတ်တယ် သယ်ရပြုရတာလည်း အဆင်မပြေဘူးပေါ့။ အဲဒါကြောင့် တချို့သော နေရာတွေမှာ ဆေးဝါးတွေ ရိက္ခာတွေ အလျင် မမှီဘူးပေါ့လေ။ ဒါပေမယ့် စစ်ရှောင်တွေကို ဦးစားပေးအစီအစဥ် တစ်၊ နှစ် ထားပြီးတော့ လုပ်ပေး နေ တယ်ပေါ့နော်။ ဆိုလိုတာက အရမ်းမလိုအပ်သေးတဲ့ နေရာတွေမှာဆို ဦးစားပေးအဆင့်တွေမှာ ချန်ထားပြီးမှ ပို ပြီးမှလိုတဲ့ နေရာတွေမှာ ပိုပြီးဦးစားပေးတဲ့ဟာမျိုးတွေပေါ့။ လောလောဆယ်ကတော့ လွိုင်ကော်မြို့နဲ့ အနီး တစ်ဝိုက်မှာ ဖြစ်တဲ့ အခါကျတော့ လူတွေက အုံနဲ့ကျင်းနဲ့ထွက်လာတယ်။ အဲဒီလို ထွက်လာတော့ ရုတ်တရက်ဆို လူတွေက ဆောင့်တက်လာတယ်။ ဒါကြောင့် မလို့ဆေးဝါးနဲ့ အခြေခံစားနပ်ရိက္ခာတွေ ဆန်နဲ့ရိက္ခာ ခြောက်တွေ ပေါ့ တော်တော်လေး လိုအပ်ချက်တွေကြီးလာတယ်ပေါ့နော်။”

လက်ရှိ ကရင်နီပြည်ထဲသို့ ကုန်စည်စီးဆင်းရာ လမ်းကြောင်းနှစ်ခုဖြစ်သော မိုးဗြဲ-လွိုင်ကော်လမ်းနှင့် တောင်ငူ-ယာဒို လမ်းကြောင်းနှစ်ခုလုံးမှာလည်း တိုက်ပွဲဖြစ်ပွားမှုကြောင့် ပိတ်ကုန်ပြီဟုဆိုသည်။ ထို့ကြောင့် လက်ရှိတွင် ကုန်စည်စီးဆင်းမှုများ လုံးဝရပ်တန့်သွားခြင်း ဖြစ်သည်။

ထို့ကြောင့် ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းတွင် ခိုလှုံနေသော စစ်ရှောင်ဦးရေ ၆၀၀၀ ကျော် အပါအဝင် အသစ် ထပ်မံ ရောက်လာသည့် လွိုင်ကော်မှ စစ်ရှောင်များအတွက် စားနပ်ရိက္ခာ ပြတ်လပ်မှုနှင့် ရင်ဆိုင်နေရသည်ဟု စစ်ဘေးရှောင်များကို ကူညီပေးနေသော ကယောလူငယ်အစည်းအရုံး (KwYO) အဖွဲ့တာဝန်ရှိသူ ကိုမိုက်ကယ်က ပြောသည်။

”ဘာမှမရှိတာ အကုန်လုံးကုန်နေပြီ ဘာမှမရှိတော့ဘူး။ အဲ့ဒါဘယ်လိုလုပ်ကြမလဲ မိုးကာတွေလည်း မရှိ စားစ ရာတွေလည်း မရှိ။ ပြီးရင် ဆေးဝါးတွေလည်း လုံလောက်မှု မရှိ မျိုးစုံပါပဲ။ ကုန်ပစ္စည်းတွေလည်း ပြတ်ပြီ လောလောဆယ် ဓာတ်ဆီတွေတောင် မရတော့ဘူး။ လောလောဆယ် တောင်ငူလမ်းလည်း ပိတ်ထားတယ်။ အဲ့ဘက်မှာလည်း တိုက်ပွဲဖြစ်နေတော့ ပိတ်ထားတယ်။ သူတို့မှာ ဘာမှမပါလာဘူး တချို့ကလည်း အိတ်တစ် လုံးနဲ့ ဒီအတိုင်းပဲ ပြေးလာကြတယ်။ အမျိုးအိမ်မှာ လိုက်နေ အဲလိုမျိုးပေါ့။ တစ်ခါတစ်လေ သူတို့ အဝတ် အစားတွေ လာတောင်းရင်မရှိဘူးလေ ဘာမှမရှိဘူး။”

ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်း ဟိုယာအုပ်စုတစ်ခုတည်းမှာပင် လူဦးရေ ၂၁၆ ဦး အိမ်ထောင်စု ၅၆ စု ထပ်မံ ရောက်ရှိနေပြီး ထပ်ရောက်လာအုံးမည့် စစ်ရှောင်များလည်း ရှိနေသေးသည်ဟု ကိုမိုက်ကယ်က ပြောသည်။

ပြည်နယ်အတွင်းရှိ စစ်ရှောင်များအား စာနာသောအားဖြင့် လူသားချင်းစာနာ ထောက်ထားမှု လုပ်ငန်းများ အတွက် လမ်းများကိုဖွင့်ထားပေးဖို့ လိုအပ်ပြီး နိုင်ငံတကာဘက်ကလည်း ကူညီပံ့ပိုးပေးကြဖို့ လိုအပ်သည်ဟု ခူးပလုရယ်က ဆက်ပြောသည်။

“လူသားချင်း စာနာထောက်ထားတဲ့ လုပ်ငန်းနဲ့ ပတ်သက်ပြီး နိုင်ငံတကာရဲ့ အကူညီတွေကလည်း ပိုလိုအပ်နေ တယ်။ အထူးသဖြင့်ကတော့ နယ်စပ်ဖြတ်ကျော် အကူအညီတွေလည်း ပိုပြီးတော့မှ လိုအပ်နေတယ်ပေါ့နော်။ စစ်ကောင်စီဘက်ကလည်း အကူအညီတွေ မရောက်ဖို့အတွက် ပိတ်ဆို့တားဆီးမှုတွေ လုပ်တယ်။ ဒါက မဖြစ် သင့်ဘူးပေါ့နော်။ လူသားချင်းစာနာ ထောက်ထားမှုဆိုတာက အားလုံးက နားလည်ပေးရမယ့်ဟာမျိုးတွေ ခွင့်ပြု ပေးရမယ့်ဟာမျိုးတွေ ဖြစ်တယ်ပေါ့နော်။ ဒါကြောင့်မို့လို့ လူသားချင်းစာနာ ထောက်ထားတဲ့ အကူညီတွေက စကစ အပါအဝင် နိုင်ငံတကာအသိုင်းဝန်းတွေကစ ဒါကို ဖွင့်ပေးဖို့ လိုတယ်ပေါ့နော်။”

နယ်စပ်တလျှောက်ရှိ အိမ်နီးချင်းနိုင်ငံများကလည်း စစ်ရှောင်များအတွက် လက်တွေ့ကျသည့် ကူညီထောက်ပံ့မှု များ လုပ်ဆောင်နိုင်ရေး လမ်းကြောင်းများကို ဖွင့်ပေးသင့်သည်ဟု ခူးပလုရယ်က ဆက်ပြောသည်။

“အထူးသဖြင့် အိမ်နီးချင်း နိုင်ငံတွေက ဒီထက်ပိုပြီး လက်တွေ့ကျတဲ့ ကူညီမှုတွေ ထောက်ပံမှုတွေကို ဖွင့်ပေး ရ မယ်။ ပြီးရင် သူတို့ ကိုယ် တိုင် လမ်းကြောင်းရှာဖွေပေးဖို့ လိုအပ်တယ်ပေါ့။ အဲဒါမှပဲ ကျနော်တို့ စစ်ရှောင်တွေ ပြည်သူလူထုတွေ အတွက် က လိုအပ်တဲ့ အကူညီတွေကို ရနိုင်မယ်ပေါ့။ ဒါမှမဟုတ် လူထုတွေအတွက်က စိုးရိမ် စရာ ဖြစ်တယ်ပေါ့။”

ကရင်နီပြည်နယ်ထဲတွင် ကုန်စည်လမ်းကြောင်းများ ပိတ်သွားသည့်အပြင် ဖုန်းလိုင်း၊ အင်တာနက်လိုင်းများပါ မရတော့သောကြောင့် မြေပြင်က စစ်ရေးအခြေအနေနှင့် စစ်ရှောင်များ၏ အခြေအနေများ အချိန်နှင့်တပြေးညီ သိရှိရနိုင်ရေး အခက်အခဲဖြစ်နေသည်ဟု ကူညီပေးနေသူများက ဆိုကြသည်။

ကရင်နီပြည်နယ်ထဲတွင် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုနှင့် စစ်ကောင်စီတို့အကြားက ၁၁.၁၁ စစ်ဆင်ရေး တိုက်ပွဲများ ကြောင့် နိုဝင်ဘာလ ၁၁ ရက်နေ့ မှ ၁၉ ရက်နေ့အထိ လွိုင်ကော်မြို့က လူဦးရေ လေးသောင်းခွဲကျော် စစ်ရှောင်ခဲ့ ရသည်ဟု ကရင်နီလူ့အခွင့်အရေး ကွန်ယက် KHRG ၏ စာရင်းများအရ သိရသည်။

ဓါတ်ပုံ - ပုံဟောင်း (Karenni Humanitarian Team-KHT)

Most read this week

October 21, 2024
တနင်္သာရီတိုင်း ဒေသကြီးအတွင်းမှ မြိတ်၊ တနင်္သာရီနှင့် ပုလောမြို့နယ်များတွင် MPT ဖုန်းလိုင်းနှင့်...
October 21, 2024
ချင်းပြည်နယ်၊ ပလက်ဝဒေသထဲက စစ်ဘေးရှောင်၂၀၀၀၀ ခန့်အတွက် စားနပ်ရိက္ခာနှင့် ဆေးဝါး အကူအညီများ...
October 19, 2024
ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် PNLO က အဖွဲ့ နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာ၊ တွဲဖက်...
October 18, 2024
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့ အနောက်ဘက်ခြမ်းတွင် မိုးဦးရာသီမှ စတင်ဖြစ်ပွားခဲ့သည့် ရာသီတုပ်ကွေး...