စစ်တွေတွင် နိုဝင်ဘာ ၂၁ ရက် တစ်နေ့တည်းအတွင်း ရဟန်းတော် တစ်ပါးအပါအဝင် အရပ်သား ၂၅ ဦး ဖမ်းဆီးခံရ

စစ်တွေတွင် နိုဝင်ဘာ ၂၁ ရက် တစ်နေ့တည်းအတွင်း ရဟန်းတော် တစ်ပါးအပါအဝင် အရပ်သား ၂၅ ဦး ဖမ်းဆီးခံရ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် နိုဝင်ဘာ ၂၁ ရက် တစ်နေ့တည်းအတွင်း  ရဟန်းတော် တစ်ပါး အပါအဝင် ဒေသခံ ၂၅ ဦးကို ဖမ်းဆီးခံရသည်ဟု ဒေသခံများက ပြောသည်။

နိုဝင်ဘာ ၂၁ ရက်  ည ၁၀ နာရီခန့်တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များက စစ်တွေမြို့ သုသာန် အနီးရှိ တေဇာရာမ(သရက်တော) ဘုန်းကြီးကျောင်းမှ ရဟန်းတော်တစ်ပါး၊ စစ်ဘေးရှောင် ၁၉ ဦး၊ ပတ္တမြား ဘုန်းကြီးကျောင်းတိုက်မှ ဒေသခံ ၂ ဦးနှင့် ရွာသာယာကျေးရွာမှ ဒေသခံ ၃ ဦးတို့ကို အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

ယင်းအထဲတွင် အသက် ၅၀ ကျော်အရွယ် အမျိုးသားများလည်း ပါဝင်ကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါ ဒေသခံများကို ယမန်နေ့ နိုဝင်ဘာ ၂၁ ရက်၊ ညဥ့်အချိန်က ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးရာတွင် စစ်ကောင်စီတပ်သားများ၊ ရဲတပ်ဖွဲ့ဝင်များ ပါဝင်ကာ စစ်ကား ၃ စီးဖြင့် လာရောက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ယင်းမတိုင်မီ ညဥ့် ၁၀ နာရီခန့်တွင်လည်း စက်ရုံစုရပ်ကွက်တွင် စက်သေနတ်များ ပစ်ဖောက် သွားခဲ့ကြောင်း ဒေသခံများကပြောသည်။

ယင်းအနီးအနားရှိ ဒေသခံအမျိုးသမီးတစ်ဦးက "စက်သေနတ်ပစ်တဲ့အသံတွေ အကျယ်ကြီး ကြားရတယ်။ ဘာကိုပစ်လို့ပစ်မှန်းမသိဘူး။ အိမ်အောက်မှာ ပုန်းပြီးနေနေခဲ့ရတယ်" ဟု ပြောသည်။

ထို့အပြင် စက်ရုံစုရပ်ကွက်ရှိ သတိပဋ္ဌာန်ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်သားများက ခြံနံရံကိုကျော်ပြီး ဝင်ရောက်စစ်ဆေးရာတွင် ဒေသခံ ၃ ဦးခန့် ကြောက်လန့်ကာ ထွက်ပြေးသဖြင့် ပစ်ခတ်မှု ဖြစ်ပွားခဲ့သော်လည်း ဒေသခံများမှာ လွတ်မြောက်သွားခဲ့သည်။

ထို့ကြောင့် အဆိုပါ သတိပဋ္ဌာန်ကျောင်းမှ လက်ထောက်တာဝန်ခံ ဦးပဇင်းတစ်ပါးကိုလည်း ယနေ့ နိုဝင်ဘာလ ၂၂ ရက်၊ နံနက်တွင် အမှတ် (၁) ရဲစခန်းသို့  ခေါ်ယူစစ်ဆေးနေသည်ဟု သတင်းရင်းမြစ်က ပြောသည်။

လက်ရှိတွင် စစ်ကောင်စီက ဖမ်းဆီးထားသည့် ဒေသခံနှစ်ဆယ်ကျော်ကို စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ရုံး(စရဖ)ရုံးတွင် ထိန်းသိမ်း စစ်ဆေးနေကြောင်း သိရသည်။

စစ်တွေမြို့တွင် နိုဝင်ဘာလ ၁၇ ရက်ကလည်း ကန်တော်ကြီးရပ်ကွက်မှ သားအဖနှစ်ဦးကို စစ်ကောင်စီမှ ဒေသခံများအားဖမ်းဆီးနေသည့် ဗီဒီယိုဖိုင်အား ရိုက်ကူးသည်ဟုဆိုကာ ၎င်းတို့၏နေအိမ်မှ စစ်ကောင်စီတပ်သားများက လာရောက်ဖမ်းဆီးသွားခဲ့သည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၅ ရက်က၊ စစ်ကား ၄ စီးစာအင်အားရှိသော စစ်ကောင်စီတပ်သားများသည် မင်းဂံရပ်ကွက်နှင့် ကန်တော်ကြီးရပ်ကွက်ရှိ ဒေသခံဆယ်ဦးထက်မနည်းကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ၎င်းတို့အနက် တစ်ချို့တဝက်မှာလည်း ပြန်လည်လွတ်မြောက်လာပြီး တချို့မှာလည်း ဖမ်းဆီးခံထားရဆဲဖြစ်ကြောင်း သိရသည်။ 

October 21, 2024
ရခိုင်ပြည်မှ စစ်ကောင်စီ၏ အကြီးဆုံးရေတပ်စခန်းဖြစ်သည့် ကျောက်ဖြူ ဓည၀တီရေတပ်ဌာနချုပ် အနီးရှိ...
October 18, 2024
ရခိုင်ပြည်တွင် စပါးစျေးမရသည့်အပြင် ယခင်နှစ် စိုက်ပျိုးရာသီမှ ထွက်ရှိလာသော စပါးများကို ယခုနှစ်...
October 16, 2024
ရခိုင်ပြည်၊မောင်တောမြို့၊ နခခ(၅)တပ်ရင်းအား အာရက္ခတပ်‌တော် (AA)  နေစဉ်ရက်ဆက် ထိုးစစ်ဆင်...
October 15, 2024
ရခိုင်ပြည် တောင်ဘက်အစွန်ဆုံး ဂွမြို့နယ်၏မြောက်ပိုင်းတွင် တိုက်ပွဲတွေပြင်းထန်နေသည့်အတွက်...