တောင်ငူဒေသ စစ်ရှောင်ပြည်သူ ၁,၀၀၀ ကျော် ဆေးဝါးနှင့် စားနပ်ရိက္ခာ အကူအညီလိုအပ်နေ

တောင်ငူဒေသ စစ်ရှောင်ပြည်သူ ၁,၀၀၀ ကျော် ဆေးဝါးနှင့် စားနပ်ရိက္ခာ အကူအညီလိုအပ်နေ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်တွင် ပြီးခဲ့သည့် နိုဝင်ဘာလ တတိယအပတ်အတွင်းက စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသော ကျေးရွာ(၅)မှ ဒေသခံစစ် ရှောင် ၁,၀၀၀ ကျော် စားနပ်ရိက္ခာနှင့် ဆေးဝါးများအကူအညီလိုအပ်နေကြောင်း ထိုစစ်ရှောင်များကို အကူအညီပေးနေသူများထံမှ သိရသည်။

တောင်ငူ(၄)မိုင်ရှိ စစ်ကောင်စီခြေလျင်တပ်ရင်း ခလရ-၃၉ အား တော်လှန်ရေးအင်အားစုများက ဝင်ရောက် တိုက်ခိုက်မှုပြုလုပ်ခဲ့သည့် နိုဝင်ဘာလ (၁၇)ရက်နှင့် (၁၈)ရက်နေ့တို့တွင် စစ်ကောင်စီတပ်က လေကြောင်း ပစ်ကူလာသဖြင့် တပ်ရင်းအနီးရှိ ကယားပြုံးချောင်း၊ ရှမ်းပြုံးချောင်း၊ ရေဆင်းကုန်းရွာ အပါအဝင် ကျေးရွာ (၅)ရွာမှ စစ်ရှောင်ထောင်နှင့်ချီ နေအိမ်စွန့်ခွာနေထိုင်ရပြီး နယ်မြေအခြေအနေ တည်ငြိမ်မှု မရှိသေးသဖြင့် ယခုအချိန်ထိနေရပ်ပြန်ရန် ခဲယဥ်းနေကြခြင်းဖြစ်သည်။

အိမ်ခြေ(၁၃၀)ရှိသော ရေဆင်းကုန်းရွာနှင့် အိမ်ခြေ (၁၂၀)စီရှိသော ကယားပြုံးချောင်း၊ ရှမ်းပြုံး ချောင်းရွာ အပါအဝင် ကျန်ကျေးရွာများရှိ လူဦးရေစုစုပေါင်း ၁,၀၀၀ကျော်အား ယာယီနေထိုင်နိုင်ရန် သာသနာပိုင်းမှ တာဝန်ရှိသူအချို့နှင့်နီးစပ်ရာဒေသခံများက အကူအညီပေးထားသော်လည်း စားနပ်ရိက္ခာနှင့် ဆေးဝါးများ ထောက်ပံ့မှု လိုအပ်နေသည်ဟု စစ်ရှောင်ကူညီပေးသူတစ်ဦးက ပြောသည်။

၎င်းက “ဒေသခံနဲ့အသင်းတော်ဘက်ကပဲ ယာယီနေဖို့စီစဥ်ပေးထားတာ  ဒီလူတွေအားလုံးကို အကူ အညီလုံလုံလောက်လောက်ပေးဖို့ဆိုတာက လုံလောက်မှုတော့ ဘယ်ရှိမှာလဲ၊ ရှိတာလေးနဲ့ပဲ ကျနော်တို့က အဆင်ပြေအောင်လုပ်ထားပေးတာပါ။ အခြေခံစားသောက်ကုန် ဆန်၊ ဆီ၊ ဆား၊ ငရုပ်၊ ကြက်သွန် နည်းနည်းပါးပါးလောက်ပဲ ကျ‌နော်တို့ ကူညီပေးနိုင်တယ်။ ဒီဘက်မှာအဓိကလိုတာကတော့ စားနပ်ရိက္ခာနဲ့ဆေးဝါးပါ။” ဟု အဆိုပါ စစ်ရှောင်ကူသူက ပြောသည်။

ထို့အပြင် စစ်တပ်က ဒေသအတွင်း စားနပ်ရိက္ခာသယ်‌ဆောင်ရာတွင် အကန့်အသတ်ဖြင့်သာ ခွင့်ပြု ပေးထား သဖြင့် လွတ်ကင်းသည့်လမ်းကြောင်းရွေးချယ်ကာ အထောက်အပံ့ပြုလုပ်နေရကြောင်း ၎င်းက ဆက်လက်ပြောဆိုထားသည်။

အဆိုပါ ကယားပြုံးချောင်းနှင့်ရှမ်းပြုံးချောင်းရွာမှ ရွာသားများသည် ယခု နိုဝင်ဘာလ (၁၂)ရက်နေ့က ရွာအနီး နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်က ရွာရှိနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်းနှင့်လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ထိုနေ့ကတည်းက နေရပ်စွန့်ခွာနေကြရသည်။

အာဏာသိမ်းစစ်ကောင်စီက ၂၀၂၁ ခုနှစ်မှ ယခု ၂၀၂၃ ခုနှစ်အတွင်း တောင်ငူခရိုင်ရှိ ထန်းတပင်မြို့နယ်နှင့် သံတောင်ကြီးမြို့နယ်တို့တွင်လည်း လေကြောင်းတိုက်ခိုက်မှုအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်ခဲ့သော်လည်း တောင်ငူမြို့နယ်အတွင်းဖြစ်ပွားခဲ့သည်နှင့်ပတ်သက်၍ မှတ်တမ်းရယူနိုင်ရန်မှာ နယ်မြေအခြေအနေအရ လက်ရှိတွင် ခက်ခဲနေသည်ဟု ကရင်လူ့အခွင့်အရေးအဖွဲ့- KHRG ပြောခွင့်ရ စောနန္ဒဆူးက ပြောသည်။

“ပြီးခဲ့တဲ့ရက်ကဖြစ်ခဲ့တဲ့ကိစ္စကို ကျ‌နော်တို့လည်းကြားပါတယ်။ တောင်ငူခရိုင်ဘက်မှာ ကျနော်တို့ လူတွေရှိ တယ်ဆိုပေမဲ့ လောလောဆယ် အဲဒီဘက်ကို ကျနော်တို့လူတွေကိုယ်တိုင် စာရင်းသွားကောက်လို့မရသေးဘူး ၊ တိုက်ပွဲတွေဖြစ်နေတယ်။ စစ်ရေးအခြေအနေလည်းမကောင်းသေးတော့ မှတ်တမ်းပြုစုဖို့ သွားလာရေးမလုံခြုံ သေးလို့ပါ” ဟု ၎င်းက ကေအိုင်စီသို့ပြောသည်။

တောင်ငူခရိုင်တွင် စစ်တပ်အာဏာသိမ်းယူထားသည့် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လအထိ လေကြောင်းနှင့် လက်နက်ကြီးတိုက်ခိုက်မှု (၂၁)ကြိမ်ဖြစ်ပွားခဲ့ရာ ထိခိုက်သေဆုံးသူ (၂၄)ဦးထက်မနည်း ရှိနေသည်ဟု KHRG မှတ်တမ်းအရသိရသည်။

ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက်-KPSN ၏ ထုတ်ပြန်ချက်အရ တောင်ငူခရိုင်တွင် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ စုစုပေါင်းသုံးသောင်းရှစ်ထောင်ကျော်ရှိနေကြောင်း ဖော်ပြထားသည်။

October 22, 2024
စစ်ကောင်စီတပ်၏  မြဝတီမြို့တောင်ဘက် လေးကေ့ကော်ဒေသ စွယ်တော်အမြောက်ကုန်း အပါအဝင်စစ်စခန်း ၄ ခု...
October 21, 2024
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်၊ သေ့ဘောဘိုးဒေသ၊ ဘလယ်ဒိုကျေးရွာရှိ ကာကင်းစခန်း ၃ ခုကို ...
October 18, 2024
မြဝတီမြို့တောင်ဘက်ရှိ လေးကေ့ကော်မြို့သစ်အနီးရှိ  စစ်ကောင်စီ၏  စွယ်တော်ကုန်း  (...
October 16, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၇)နယ်မြေ၊ ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ်၊ ပေါင်ကျေးနယ်...