ဖားအံ-မြဝတီလမ်းပိုင်းတွင် ကျွဲနွားတင်ကားများဖြင့် စစ်ကောင်စီတပ် လက်နက်ခဲယမ်းသယ်ဆောင်နေ

ဖားအံ-မြဝတီလမ်းပိုင်းတွင် ကျွဲနွားတင်ကားများဖြင့် စစ်ကောင်စီတပ် လက်နက်ခဲယမ်းသယ်ဆောင်နေ

စစ်ကောင်စီတပ်က ဖားအံအခြေစိုက် တပ်မ ၂၂ ကနေ မြဝတီမြို့ဘက် ပို့ဆောင်မည့် ကျွဲနွားတင်ကုန် ကားများဖြင့် ကျုံဒိုး၊ ကော့ကရိတ်၊ မြဝတီလမ်းပိုင်းရှိ စစ်တပ်စစ်စခန်းများကို လက်နက်ခဲယမ်း ပို့ဆောင် ခိုင်းမှုများ လုပ်နေသည်ဟု စစ်တပ်နှင့် နီးစပ်သည့် ကုန်ကားသမားသတင်းအရင်းအမြစ်က ပြောသည်။

စစ်တပ်နှင့် နီးစပ်သည့် ကုန်ကားသမားတစ်ဦးက “တပ်မ ၂၂ ထဲကို အဖွဲ့အစည်း နွားကား၊ ကျွဲကား၊ ဆိတ်ကားတွေ ဝင်တယ်။ အဲ့ကနေ ခဲယမ်းတွေ တင်တယ်။ ပြီးတော့ အဲ့လိုကျွဲကား၊ နွားကားတွေ လမ်း စစ်ဆေးရေးဂိတ်တွေ စစ်ဆေးတာမရှိဘူး။ ငွေပေးရတာလည်း မရှိဘူး။ ဂိတ်ကြေးပေးရတာ လည်းမရှိဘူး။ သူတို့တင်ပေးလိုက်တာကို ချရမယ့် စစ်တပ်ကို ချပေးရုံပဲ ”ဟု ပြောသည်။

ထို့အပြင် စစ်တပ်က စစ်ကူစစ်သားပို့ဆောင်ရာတွင်လည်း ဒေသခံအရပ်သား လိုင်းကားယာဉ်ငယ်များ ဖြင့် စစ်ကတုတ်များ၊ တပ်ရင်းများ၊ စစ်ဆေးရေးဂိတ်များသို့  သယ်ယူပို့ဆောင်ပေးနေမှုများလည်း ရှိနေကြောင်း ကုန်ကားသမားသတင်းအရင်းအမြစ်က ဖြည့်စွက်ပြောသည်။

လက်ရှိ ကော့ကရိတ်- မြဝတီ- ဖားအံအာရှလမ်းသစ်လမ်းပိုင်းတွင် ထိုင်း-မြန်မာကုန်စည်စီးဆင်းမှုမပြတ် ရှိနေပြီး စစ်တပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်း မဟာမိတ်တပ်များ ပြောက်ကျားတိုက်ပွဲများ ဖြစ်ပွားလေ့ရှိသော်လည်း ကားလမ်းယာယီလမ်းပိတ်ဆို့မှု စစ်တပ်နှင့် နယ်ခြား စောင့်တပ်-BGF ဂိတ်များ ငွေအဆမတန်တောင်းခံမှုများကြောင့် အခက်အခဲကြုံတွေ့ရကြောင်း ကုန်စည်သယ်ဆောင်သည့် ကုန်ကားယာဉ်မောင်းများ ပြောစကားအရ သိရပါသည်။

“အခု မြဝတီကားဆင်းမယ်ဆို စစ်တပ်နဲ့နီးစပ်တာ အပစ်ရပ်လက်နက်ကိုင်အဖွဲ့နဲ့ ထောက်ခံချက် လုပ် ထားရတယ်။ အဲ့လိုမှ မဟုတ်ရင် ကုန်ကားတစ်စီးကို ငွေသောင်းဂဏန်းကနေ သိန်းဂဏန်းအထိ ပေးရတယ်။ စစ်တပ်က သယ်ခိုင်းတာ ပိုပေးလုပ်ပေးရတာရှိတယ်။”ဟု မြဝတီ-ဖားအံ ခရီးသည်တင် ကားသေးမောင်းပို့ သူတစ်ဦးက ပြောသည်။

ထိုသို့ စစ်တပ်က ဖားအံ-မြဝတီလမ်းပိုင်းတစ်လျှောက် အရပ်သားကား၊ ကုန်စည်ကားများကို အသုံးပြု စစ်အင်အား ဖြည့်တင်းနေမှုရှိနေသည့်အပေါ် လမ်းအသုံးပြုသွားလာသူ၊ ကုန်စည်သယ်ဆောင်သူများ အနေဖြင့် KNLA ပူးပေါင်းတပ်ဖွဲ့များ ရှောင်တခင်စစ်ဆေးစဉ် စစ်တပ်လူနှင့် ပစ္စည်းများတွေ့ရှိပါက စစ်ဆေးအရေးယူခံရမည်ကို စိုးရိမ်နေကြရကြောင်း ထိုလမ်းပိုင်းကို ကားမောင်းနေကြသည့် ယာဉ်မောင်းများက ပြောသည်။

October 22, 2024
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA (ဗဟို)ဌာနချုပ်အနီးဝန်းကျင်ကို ယနေ့  (အောက်တိုဘာ ၂၂...
October 22, 2024
စစ်ကောင်စီတပ်၏  မြဝတီမြို့တောင်ဘက် လေးကေ့ကော်ဒေသ စွယ်တော်အမြောက်ကုန်း အပါအဝင်စစ်စခန်း ၄ ခု...
October 21, 2024
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်၊ သေ့ဘောဘိုးဒေသ၊ ဘလယ်ဒိုကျေးရွာရှိ ကာကင်းစခန်း ၃ ခုကို ...
October 18, 2024
မြဝတီမြို့တောင်ဘက်ရှိ လေးကေ့ကော်မြို့သစ်အနီးရှိ  စစ်ကောင်စီ၏  စွယ်တော်ကုန်း  (...