ရွှေကူမှာ ရွှေတူးဖော်တာတွေကြောင့် မြစ်ကမ်းနံဘေးမှာရှိတဲ့ ဒေသခံများရဲ့စိုက်ခင်းများပျက်စီးမှုပိုများလာ

ရွှေကူမှာ ရွှေတူးဖော်တာတွေကြောင့် မြစ်ကမ်းနံဘေးမှာရှိတဲ့ ဒေသခံများရဲ့စိုက်ခင်းများပျက်စီးမှုပိုများလာ

ကချင်ပြည်နယ် ရွှေကူမြို့အရှေ့ဘက် ဧရာဝတီမြစ်ကြောင်းပေါ်မှာ တရားမဝင်ရွှေတူးဖော်တာတွေ ပြန်ပြီးတူး‌ဖော်နေတာကြောင့် မြစ်ကမ်းနံဘေးကနေထိုင်တဲ့ ဒေသခံပြည်သူများရဲ့ စိုက်ခင်းပျက်စီးတာတွေပိုများလာနေတယ်လို့ ရွှေကူဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလလောက်ကစပြီး ရွှေကူဒေသတွင်းက လုပ်ငန်းရှင်တစ်ချို့အပါအဝင် တစ်ခြားဒေသက လုပ်ငန်းရှင်‌တွေဟာ ရွှေကူမြို့အရှေ့ဘက် ရေလှဲ၊မိုးစစ် စတဲ့ကျေးရွာတွေနဲ့အနီးဝန်းကျင် ဧရာဝတီမြစ် ကြောင်းပေါ်မှာ ရွှေဖောင်အစီးရေ ၂၀ လောက်နဲ့ ပြန်ပြီး တူးဖော်လာတာဖြစ်တယ်လို့ မိုးစစ်ကျေးရွာဒေသခံတစ်ဦးက ပြောပါတယ်။

''ခုပြန်တူးနေကြတယ် ရေလှဲ၊ မိုးစစ်တကြောတောက်လျှောက်ပါ့တူးနေတာ ရွှေဖောင်တွေကအပေါ်ဘက်လည်းရှိတယ် အောက်ဘက်လည်းရှိတယ်။ သူတို့တူးတာအကြောင်းမဟုတ်ဘူးဒေသခံတွေရဲ့ လယ်တွေ၊စိုက်ခင်းတွေဟာသူတို့ရွှေတူးလို့ ပျက်စီးနေပြီလေ။ ရေကြောင်းလည်းအရင်လိုလမ်းမရှင်းတော့ဘူး ကမ်းနဲ့နီးတဲ့နေရာတွေတချို့နေရာဆို နှုန်းတွေတင်ပြီးသဲတောင်တွေပေါ်နေတာ''လို့ ရွှေကူမြို့အရှေ့ဘက် မှာနေထိုင်တဲ့အမျိုးသားတစ်ဦးကပြောပါတယ်။

အဲ့ဒီရွှေတူးဖော်မှုကြောင့် ရွှေကူတစ်ဖက်ကမ်းက ရေလှဲ၊မိုးစစ်၊ စစ်တပ်စတဲ့ကျေးရွာတွေနဲ့ ရွှေကူမြို့အောက်ဘက်ကကျေးရွာနေပြည်သူတွေရဲ့ လယ်ယာမြေနှင့်စိုက်ခင်းတွေ ထိခိုက်ပျက်စီးတာ၊ကမ်းပါးပြိုကျတာ၊ စိုက်ခင်းနဲ့လယ်ခင်းတွေထဲရေသွယ်တဲ့ ရေနှုတ်မြောင်းပျက်စီးတာတွေဖြစ်ပေါ်နေပြီး စိုက်ခင်းတွေထဲ မသန့်ရှင်းတဲ့ရေဝင်ရောက်မှုနဲ့ရွှေတူးဖော်ရာကနေထွက်လာတဲ့ အမှိုက်တွေစိုက်ခင်းထဲဝင်ရောက်နေတာတွေကြောင့် ပြည်သူတွေအခက်အခဲ ဖြစ်နေရတယ်လို့သိရပါတယ်။

''သူတို့က ဒီဘက်ကမ်းကိုတော့မတူးဘူးဟိုဘက်ကမ်းကိုကပ်ပြီးတူးကြတာ ဟိုဘက်ကမ်းကတောင်သူတွေတွက်တော့ခက်ခဲတာပေါ့။ တချို့ရွှေဖောင်တွေဆို စိုက်ခင်းတွေနဲ့နီးနီးလေးတူးနေကြတာ သူတို့ရဲ့တစ်နပ်စားရွှေတူးတာအကြောင်းမဟုတ်ဘူး။တောင်သူတွေတစ်သက်လုံးလုပ်ကိုင်စားသောက် လာတဲ့စိုက်ခင်းတွေပျက်စီးနေတာ တချို့မြေပြိုလို့အခင်းတွေကပ်ပါသွားတာတွေရှိတယ်''လို့ မံဝင်းကျေးရွာနေအမျိုးသားတစ်ဦးကပြောပါတယ်။

လက်ရှိရွှေတူးနေတဲ့ တရားမဝင်ရွှေဖောင် အစီး ၂၀ ထက်မနည်းရှိနေပြီး အဲ့ဒီရွှေဖောင်တွေဟာ စစ်ကောင်စီတပ်ကို အခွန်ဆောင်ပြီး တူးဖော်နေတာလို့ ရွှေကူမြို့နေအမျိုးသားတစ်ဦးက KNGကိုအခုလိုပြောပါတယ်။

''ဟိုနေ့ကလည်းအဲ့ရွှေဖောင်တွေဘက်ကို လက်နက်ကြီးတွေပစ်တယ် သူတို့မပေးအယူ မတည့်တဲ့ခါမျိုးမှာတော့ အဲ့လိုပစ်တာခတ်တာတွေရှိတယ် ရွှေဖောင်တွေကိုမီးရတာတွေထိရှိတယ်''လို့ ပြောပါတယ်။

ရွှေကူမြို့နယ်မှာ ငဘတ်ဝကျေးရွာအနီးမှာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်နောင်းပိုင်းမှစပြီး ရွှေတူးဖော်ခွင့်ကို ရပ်နားထား‌ခဲ့ပေမယ့် စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ၂၀၂၁ ဇွန်လကနေစပြီး ရွှေဖောင်စီးရေ ၁၅၀ လောက်နဲ့ ပြန်လည်တူးဖော်လာကြတာဖြစ်ပါတယ်။

အဲဒီ ရွှေတူးဖော်သူတွေဟာ ဒေသခံတွင်းက လုပ်ငန်းရှင် ၄၀ ရာခိုင်းနှုန်းခန့်ပါဝင်ပြီး တစ်ခြားဒေသကလာရောက်တူးဖော်သူ ပိုမိုများတယ်လို့လည်း ရွှေကူဒေသခံတွေကပြောပါတယ်။

ဒါပေမယ့် မကြာခနဆိုသလို ရွှေတူးဖော်နေသူတွေကို စစ်တပ်ဘက်က စစ်ကြောင်းထိုးလာချိန် ဖမ်းဆီးခံရတာအပြင်  ရွှေတူးဖော်တာတွေကို ဆက်လက်မပြုလုပ်ဖို့ မြို့လှ PDF တပ်ဖွဲ့တွေကလည်း ၂၀၂၁ ခုနှစ်မှာ တားမြစ်စာထုတ်ပြန်တာတွေ ရှိခဲ့ပါတယ်။

"ရွှေကူနားတစ်လျှောက်မြစ်ကြောင်းမှာက အခြေနေတော်တော်ဆိုးလာပြီ တားလည်း ခနဘဲ နည်းနည်းငြိမ်သွားပြီဆိုရင် ပြန်တူး‌ကြပြီ " လို့ ရွှေကူမြို့ခံတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ဒီနှစ် စက်တင်ဘာ ၁၈ ရက်နေ့ ကလည်း ရွှေကူမြို့ ဧရာဝတီမြစ်ရေပျံဆိပ်မှာဆိုက်ကပ်ထားတဲ့ ရွှေတူးမော်တော် အစီး ၄၀ ကျော်ကို စစ်ကောင်တပ်ကဖမ်းဆီး မီးရှို့ဖျက်ဆီးပြီး မော်တော်ပိုင်ရှင် အပါအဝင် ၁၅ ဦးထက်မနည်းကို ဖမ်းဆီးခဲ့ပါသေးတယ်။

Most read this week

September 20, 2024
မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းကနေ စစ်လက်နက်ရိက္ခာဖြည့်တင်းဖို့ဆန်တက်လာတဲ့...
September 19, 2024
ဖားကန့်မြို့ ဆိုင်းတောင်တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင် ၄...
September 17, 2024
ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ဆိုက်ကပ်ထားတဲ့ စစ်သင်္ဘော ဗန်းမော်ဘက်ကို ဆန်တက်လာချိန်...
September 16, 2024
ရှမ်းပြည်မြောက်ပိုင်း မုံးကိုးမြို့နယ် မုံးပေါ်ဒေသမှာ KIO/KIA နဲ့ MNDAA လက်နက်ကိုင်နှစ်ဖွဲ့ကြား...