AA က တိုက်ခိုက်မည်ကိုစိုးရိမ်၍ ပုဏ္ဏားကျွန်း ကွမ်းတောင်ဘူတာတွင် တပ်စွဲထားသည့် စစ်သား ၂၀ ခန့် တပ်ရုပ်ကာ ဆုတ်ခွာ

AA က တိုက်ခိုက်မည်ကိုစိုးရိမ်၍ ပုဏ္ဏားကျွန်း ကွမ်းတောင်ဘူတာတွင် တပ်စွဲထားသည့် စစ်သား ၂၀ ခန့် တပ်ရုပ်ကာ ဆုတ်ခွာ

ရက္ခိုင့်တပ်တော် ( AA) အရာရှိတစ်ဦးက ပုဏ္ဏားကျွန်းမြို့နယ်၊ ကွမ်းတောင်ရွာ အနီးရှိ မီးရထားဘူတာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်အရာရှိကို ဖုန်းဖြင့်ဆက်သွယ် မေးမြန်းပြီးနောက် စစ်ကောင်စီတပ်သား  ၂၀ ခန့်သည် တိုက်ခိုက်ခံရမည်ကို စိုးရိမ်၍ စခန်းကို ရုပ်သိမ်းကာ စစ်တွေမြို့ဘက်သို့ ဆုတ်ခွာ ထွက်ပြေးသွားကြောင်း သိရသည်။

နိုဝင်ဘာလ ၁၃ ရက် ယနေ့ မွန်းလွဲပိုင်းတွင် ရက္ခိုင့်တပ်တော်(AA) အရာရှိ တစ်ဦးက တပ်ဆုတ်မလား၊ အတိုက်ခံမည်လား၊ လက်နက်ချ အလင်းဝင်မည်လားဟု သတိပေး မေးမြန်းခဲ့ပြီးနောက် ၁၅ မိနစ်အတွင်း တပ်စွဲထားသည့်နေရာမှ စွန့်ခွာ ထွက်ပြေးသွားခြင်းဖြစ်သည်ဟု မျက်မြင်များက ပြောသည်။

ဒေသခံ မျက်မြင်တစ်ဦးက "သူတို့ထဲက အရာရှိကို AA အရာရှိက ဖုန်းနဲ့ လှမ်းဆက်တာ။ မင်းတို့ကို ငါတို့အားလုံးဝိုင်းထားပြီ။ မင်းတို့စဥ်းစားချိန် ၁၅ မိနစ်ပေးမယ်။ အတိုက်ခံမလား၊ လက်နက်ချမလား။ ၁၅ မိနစ်အတွင်း အကြောင်းပြန်ဖို့ AA က ပြောတာ။ သိပ်တောင်မကြာဘူး။ သူတို့ တပ်ဆုတ် ထွက်ပြေးကြတော့တာပဲ"ဟု ပြောသည်။

၎င်းတို့သည် စစ်တပ် ကားတစ်စီးနှင့် အရပ်သား ဟိုင်းဂျက်တစ်စီး တို့ဖြင့် စစ်တွေမြို့နယ်၊ အမြင့်ကျွန်းကျေးရွာအနီးရှိ စစ်ကောင်စီရဲစခန်းသို့ ဆုတ်ခွာ ထွက်ပြေးသွားကြခြင်းဖြစ်သည်ဟု သိရသည်။

ကျောက်ဖြူနှင့် ရမ်းဗြဲမြို့နယ်ရှိ ရဲစခန်း ၃ ခု မှ ရဲတပ်ဖွဲ့ဝင်များသည်လည်း ယနေ့ နိုဝင်ဘာ ၁၃ ရက်တွင် စခန်းကိုရုပ်ပြီး မိသားစုနှင့်အတူ ကားများဖြင့် မြို့ပေါ်သို့ ထွက်ပြေးသွားကြသည်ဟု သိရသည်။

၎င်းရဲစခန်းများမှာ ကျောက်ဖြူမြို့နယ်မှ စနဲမြို့မ ရဲစခန်း၊ ရမ်းဗြဲမြို့နယ် လေးတောင်တိုက်နယ်မှ သရက်ချိုစခန်းနှင့် ကျောက်ချောင်းတိုက်နယ်မှ အောင်လှပြင်ကျေးရွာ ရဲစခန်းတို့ဖြစ်ကြသည်။

ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာရဲစခန်းမှ စခန်းမှူးအပါအဝင် ရဲစခန်းတစ်ခုလုံးသည် ယနေ့ နံနက်က AA ထံ လက်နက်အပြည့်အစုံဖြင့် လက်နက်ချ အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။

အပေါက်ဝရဲစခန်းကို AA က လက်နက်ချလျှင်ချ၊ မချလျှင် တိုက်မည်ဟု သတိပေးခဲ့ပြီးနောက် အပေါက်ဝရဲစခန်းတစ်ခုလုံးမှ ရဲတပ်ဖွဲ့ ၂၆ ဦးသည်  လက်နက်ခဲယမ်းများကိုအပ်ကာ AA ထံသို့ အလင်းဝင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

Most read this week

October 22, 2024
တိုက်ပွဲပြင်းထန်နေသည့် ရခိုင်ပြည်၊ အမ်းမြို့နယ်ရှိ  ကျေးရွာ ၂ ရွာတွင် လက်နက်ကြီးကျည်များ...
October 21, 2024
ရခိုင်ပြည်မှ စစ်ကောင်စီ၏ အကြီးဆုံးရေတပ်စခန်းဖြစ်သည့် ကျောက်ဖြူ ဓည၀တီရေတပ်ဌာနချုပ် အနီးရှိ...
October 18, 2024
ရခိုင်ပြည်တွင် စပါးစျေးမရသည့်အပြင် ယခင်နှစ် စိုက်ပျိုးရာသီမှ ထွက်ရှိလာသော စပါးများကို ယခုနှစ်...
October 16, 2024
ရခိုင်ပြည်၊မောင်တောမြို့၊ နခခ(၅)တပ်ရင်းအား အာရက္ခတပ်‌တော် (AA)  နေစဉ်ရက်ဆက် ထိုးစစ်ဆင်...