ရခိုင်တွင် တိုက်ပွဲစတင်သည်နှင့် စစ်ကောင်စီက ကုန်းလမ်း၊ ရေလမ်းများကို ပိတ်ဆို့

ရခိုင်တွင် တိုက်ပွဲစတင်သည်နှင့် စစ်ကောင်စီက ကုန်းလမ်း၊ ရေလမ်းများကို ပိတ်ဆို့
စစ်တွေမြို့နယ်၊ ကျောက်တန်းဂိတ်၌ ပိတ်မိနေသော ကားများအား နိုဝင်ဘာလ ၁၃ ရက်နေ့ နံနက်ပိုင်းက တွေ့ရစဉ်။ ဓာတ်ပုံ - Myint Mo Rakhine
စစ်တွေမြို့နယ်၊ ကျောက်တန်းဂိတ်၌ ပိတ်မိနေသော ကားများအား နိုဝင်ဘာလ ၁၃ ရက်နေ့ နံနက်ပိုင်းက တွေ့ရစဉ်။ ဓာတ်ပုံ - Myint Mo Rakhine

ရခိုင်ပြည်တွင် တိုက်ပွဲစတင်သည်နှင့် စစ်ကောင်စီက ကုန်းလမ်း၊ ရေလမ်းကြောင်းများကို ပိတ်ဆို့လိုက်သဖြင့် ကုန်တင်ကား၊ ခရီးသည်တင်ကားများနှင့် ရေယာဉ်၊ စက်လှေများမှာ သွားလာခွင့်ရပ်တန့်ခဲ့ရသည်။

ယနေ့နံနက်မှစ၍ စစ်ကောင်စီက ကုန်းလမ်းကြောင်းကို ပိတ်ဆို့လိုက်၍ ပြည်မဖက်မှလာသည့် ကုန်တင်ကား အစီးရေ ၄၀ ခန့်မှာ အမ်းဂိတ်နှင့် ကဇူးကိုင်းဂိတ်တွင် ပိတ်မိနေသည်ဟု ကားသမားများထံမှ သိရသည်။

“ရခိုင်ဖက်ကိုလာတဲ့ ကားတွေက ရောက်တဲ့နေရာမှာ ပိတ်မိနေတယ်။ ကျနော်တို့ဆိုရင် ကဇူးကိုင်းမှာ ပိတ်မိနေတယ်။ တခြားဂိတ်တွေမှာလည်း ရပ်နားထားရတယ်။ တိုက်ပွဲဖြစ်နေလို့ ဘာမှသွားခွင့်မပြုဘူး” ဟု ရန်ကုန် - စစ်တွေပြေးဆွဲနေသည့် ကုန်တင်ကားသမားတစ်ဦးက ပြောသည်။

ယင်းအပြင် ကျောက်တော်၊ မြောက်ဦး၊ မင်းပြားမြို့ အဝင်အထွက်ဂိတ်များကိုလည်း စစ်ကောင်စီက ပိတ်ထား၍ ရန်ကုန် - စစ်တွေကားလမ်းတစ်လျှောက်တွင် အဝေးပြေးကားများ၊ အိမ်စီးကားများနှင့် ဒေသတွင်း တာတိုခရီးသည်တင်ကားများ ရပ်တန့်ထားရပြီး ခရီးသည်ထောင်နှင့်ချီ ပိတ်မိနေကြောင်း သိရသည်။

ရိုးမမန္တလာ ခရီးသည်တင်ကားဂိတ်မှ တာဝန်ရှိသူတစ်ဦးက “အမ်းမှာ တစ်စီးပိတ်မိနေတယ်။ ဒီမနက်ပိုင်းက စစ်တွေကထွက်သွားတဲ့ ခရီးသည်တင်ကားတစ်စီး ကျောက်တော်ဂိတ်မှာ ပိတ်မိနေပါတယ်။ စစ်တွေကိုလာတဲ့ ကုန်တင်ကားတွေလည်း တခြားဂိတ်တွေမှာ အများကြီး ပိတ်မိနေပါတယ်။ ရောက်တဲ့နေရာမှာရပ်နေရတာ။ ဘယ်အချိန်သွားရမလဲတော့ မသိဘူး” ဟု ပြောသည်။

အလားတူ ရေလမ်းကြောင်းခရီးစဉ်များကိုလည်း ရပ်နားထားရန် စစ်ကောင်စီက အကြောင်းကြားလာသဖြင့် စစ်တွေ - ပေါက်တော - မင်းပြား၊ စစ်တွေ - မြောက်ဦး၊ စစ်တွေ - ရသေ့တောင် - ဘူးသီးတောင်- မောင်တော နှင့် ရခိုင်ပြည်တောင်ပိုင်းသို့ ပြေးဆွဲနေသည့် ခရီးစဉ်များကို ယနေ့နံနက်ပိုင်းမှစ၍ ဖျက်သိမ်းလိုက်ရကြောင်း ရွှေပြည်တန်အမြန်ရေယာဉ် တာဝန်ရှိသူထံမှ သိရသည်။

“ရွှေပြည်တန်မထွက်ဖို့ သူတို့(စစ်ကောင်စီ)က ဖုန်းဆက်ပြီးပြောလာတယ်။ ဒါကြောင့် မထွက်ဘဲ ရပ်နားလိုက်တယ်။ ဒီနေ့ပို့ဆောင်မယ့် ကုန်ပစ္စည်းတွေကိုလည်း ပြန်ပေးဖို့အတွက် ပိုင်ရှင်တွေကို အကြောင်းကြာထားတယ်” ဟု ၎င်းကပြောသည်။

စစ်ကောင်စီက ရေလမ်းကြောင်းကို ပိတ်ဆို့ထားသဖြင့် ပေါက်တော - စစ်တွေ ပြေးဆွဲနေသော ခရီးသည်တင်စက်လှေများမှာလည်း ပြန်လှည့်လာခဲ့ရကြောင်း စက်လှေမောင်းသူများထံမှ သိရသည်။

ရခိုင်ပြည်အတွင်း ကုန်းလမ်း၊ ရေလမ်းခရီးသွားလာမှုကို ပိတ်ဆို့လိုက်သည့်အတွက် စားသောက်ကုန်များ ပြတ်လပ်ကာ ဈေးနှုန်းမြင့်တက်လာမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။

ကုန်ပစ္စည်းပြတ်လပ်မည်စိုးရိမ်သဖြင့် ယနေ့နံနက်ပိုင်းက စစ်တွေမြို့တွင်းရှိ ဈေးဆိုင်များတွင် ဆန်၊ ဆီ၊ ဆား စသည့် အခြေခံစားသောက်ကုန်များ၊ လူသုံးကုန်နှင့် ဆေးဝါးများကို အလုအယက် ဝယ်ယူနေကြကြောင်း သိရသည်။

“စစ်တွေဈေးကြီးမှာတော့ တိုးမပေါက်အောင် စားသောက်ကုန်ပစ္စည်းတွေ ဝယ်ယူနေကြပါတယ်။ ဈေးနှုန်းကတော့ ပုံမှန်အတိုင်းပဲ ရှိပါသေးတယ်။ ကျမတောင် ဆန်ဝယ်ဖို့သွားတာ လူများလို့ ဝယ်လို့မရခဲ့ဘူး” ဟု စစ်တွေမြို့မှ ဒေါ်ချိုချိုက ပြောသည်။

ရခိုင်ပြည်တွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့မှစ၍ နှစ်ဖက်နားလည်မှုဖြင့် အပစ်အခတ်ရပ်စဲခဲ့သည်။

ယနေ့ နိုဝင်ဘာလ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် ရသေ့တောင်မြို့နယ် အငူမော် - မောင်တောကားလမ်းရှိ ချိန်ခါလိန်နှင့် ဒုံးပိုက် နယ်ခြားစောင့်စခန်းကို AA က ဝင်တိုက်ခိုက်ခဲ့ပြီးနောက် တကျော့ပြန်တိုက်ပွဲ ပြန်လည်စတင်လာခဲ့သည်။

AA ပါဝင်သော ညီနောင်မဟာမိတ်သုံးဖွဲ့ကလည်း ၁၀၂၇ စစ်ဆင်ရေးကို တစ်နိုင်ငံလုံးအနှံ့ ဆင်နွှဲသွားမည်ဟု ကြေညာထားသဖြင့် ရခိုင်ဒေသတွင် စစ်ကောင်စီနှင့် AA တို့ကြား တိုက်ပွဲပြင်းထန်လာနိုင်ပြီး တိုက်ပွဲနယ်မြေလည်း ကျယ်ပြန့်လာနိုင်ကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်ထားကြသည်။

Most read this week

October 22, 2024
တိုက်ပွဲပြင်းထန်နေသော မောင်တောမြို့နယ်အတွင်း စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးများဖြင့်...
October 22, 2024
မြန်မာနှင့် ထိစပ်နေသည့် ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းရေပြင်တွင် စစ်ကောင်စီသည် ရေကြောင်း...
October 21, 2024
ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ ဖားဝပ်ချောင်းကျေးရွာကို စစ်ကောင်စီက ယနေ့ (အောက်တိုဘာ ၂၁ ရက်)၊...
October 18, 2024
တိုက်ပွဲပြင်းထန်နေသည့် ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ အောင်မင်္ဂလာကျေးရွာကို အောက်တိုဘာ ၁၆ ရက်၊...