မန္တလေးတိုင်းဒေသကြီး နှင့် စစ်ကိုင်းတိုင်းဒေသကြီးအစပ် ထီးချိုင့်မြို့ပေါ် တိုက်ပွဲအတွင်းမှာ ခရီးသည်တင်ကားနှင့် ကုန်တင်ကားများ ဆယ်နှင့်ချီ တိုက်ပွဲအတွင်း ပိတ်မိနေဆဲဖြစ်တယ်လို့ ခရီးသည်တွေဆီကနေ စုံစမ်းသိရပါတယ်။
“ အခုက ထီးချိုင့်တစ်ဖက်ကမ်းက ဘုန်းကြီးကျောင်းမှာ ဝပ်နေရတယ်။ အဲ့မှာ ဘုန်းကြီးကျောင်းမှာရှိတဲ့ ထမင်းတွေကို စားတာပါ့လေ။ ခရီးသည်တင်ကားလိုင်းက (၄)လိုင်းက လေးစီး ၊ တခြားကုန်တင်ကားတွေကောအများကြီးပဲ” လို့ ပိိတ်မိနေတဲ့ ခရီးသည်တစ်ဦးဆီက သိရပါတယ်။
နိုဝင်ဘာလ (၈)ရက်နေ့ မနက်ပိုင်းမှာ တိုက်ပွဲမဖြစ်ပွားမှီ ထီးချိုင့်မြို့အနီးရောက်ရှိလာတဲ့ ခရီးသည်တင်ကားတွေက ရှေ့မဆက်နိုင်ပဲ ဧရာဝတီမြစ် တစ်ဖက်ကမ်း မြတောင်ကျေးရွာမှာ သွားရောက်ခိုလှုံနေရတာဖြစ်တယ်လို့ ၎င်းထံကနေသိရပါတယ်။
မန္တလေး၊ရန်ကုန်မှ မြစ်ကြီးနားကို သွားမည့် ရွှေကချင်၊ ဘုရင်၊ တက်နေလင်း၊ Highclass စတဲ့ကားလိုင်းလေးခု နဲ့ ကုန်တင်ယာဉ် ဆယ်နှင့်ချီ ပိတ်မိထားတာဖြစ်တယ်လို့ သိရပါတယ်။
ခရီးသည်တင်ကားတွေက ပြန်လှည့်ပြန်ဖို့ မှိုင်းအန္တရာယ်ကြောင့် PDF တွေက ပြန်မလှည့်ခိုင်းသလို စစ်ကောင်စီကလည်း တိုက်ပွဲကြောင့် ရှေ့ဆက်မသွားဖို့ တားထားကြတယ်လို့ စုံစမ်းသိရပါတယ်။
လတ်တလော ပိတ်မိသူ နှစ်ရာနီးပါးရှိနေပြီး စားသောက်ရေးတွေ ပျက်လပ်လာနိုင်တယ်လို့ ခရီးသည်တွေနဲ့ ယာဉ်လိုင်းတာဝန်ရှိသူတွေက ပြောဆိုပါတယ်။
မနေ့က စတင်ပြီး ထီးချိုင့်မြို့ကို PDF နှင့် မဟာမိတ်များက မြို့သိမ်းတိုက်ပွဲဆင်နွဲနေတယ်လို့ သတင်းထွက်ပေါ်ပြီး တိုက်ပွဲပြင်းထန်ခဲ့တာလည်းဖြစ်ပါတယ်။
အင်းတော်မြို့နယ် ပကဖက အင်းတော်-ထီးချိုင့်-တကောင်းလမ်းပိုင်းကို ဒီနေ့ကစတင်ပြီး ယာဉ်သွားလာမှုတွေကို တိုက်ပွဲတည်ငြိမ်သွားသည်အထိပိတ်ထားမယ်လို့ ကြေညာထားပါတယ်။