ကြာအင်းဆိပ်ကြီးတွင် စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားအားလုံး ရပ်တန့်နေ

ကြာအင်းဆိပ်ကြီးတွင် စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားအားလုံး ရပ်တန့်နေ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်၊ တပ်မဟာ ၆ နယ်မြေရှိ ကြာအင်းဆိပ်ကြီးမြို့တွင် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာရုံးများ စီးနင်းတိုက်ခိုက်ခံရပြီးနောက် လက်ရှိတွင် အုပ်ချုပ်ရေးယန္တရားများအားလုံး ရပ်တန့်နေကြောင်း သိရှိရသည်။

ကြာအင်းဆိပ်ကြီးမြို့ရှိ စစ်ကောင်စီ၏ ရဲစခန်း၊ လဝကရုံး၊ သစ်တောရုံး၊ ထွေအုပ်ရုံးနှင့် မီးသတ်ရုံးစသည့် ဌာနဆိုင်ရာရုံးများကို ပြီးခဲ့သည့် ရက်သတ္တပတ်က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA မဟာ မိတ်ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်စီးနင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက် လက်ရှိတွင် အုပ်ချုပ် ရေး ယန္တရားများအားလုံး ရပ်တန့်သွားပြီဖြစ်ကြောင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့− SOF ၏ ပြန်ကြားရေး တာဝန်ခံ တစ်ဦးက ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်၏ စစ်စခန်းများကို ရိက္ခာ၊ လူအင်အားပို့ဆောင်နေသည့် စစ်ကြောင်းများကိုလည်း တော်လှန်ရေးတပ်ဖွဲ့များက ဖြတ်တောက်ထားနိုင်သောကြောင့် စစ်ကောင်စီတပ်ဖွဲ့များအနေဖြင့် ၎င်းတို့၏ အထိုင်ချစခန်းတွင်သာ နေထိုင်နေရကာ မြို့နှင့်နီးစပ်သည့် ကျေးရွာလမ်းပိုင်းများကိုလည်း KNLA ပူးပေါင်း တပ်ဖွဲ့က နယ်မြေစိုးမိုးထားသည်ဟု SOF ပြန်ကြားရေးတာဝန်ခံက ပြောသည်။

၎င်းက “ကြာအင်းဆိပ်ကြီးမြို့ရဲ့ တရားစီရင်ရေးတွေ ဘာမှမရှိတော့ဘူး။ သူတိုရဲ့နေတဲ့အထိုင်စခန်းမှာပဲ နေနိုင် တယ်။ တော်လှန်ရေးအင်အားစုတွေကတော့ ကြာအင်းဆိပ်ကြီးမြို့နယ်တစ်ခုလုံးမှရှိတဲ့ ကျေးရွာတွေရော၊ လမ်းတွေမှာရောက တော်လှန်ရေးတပ်ဖွဲတွေကပဲ စိုးမိုးထားတယ်။ သူတို့အနေနဲ့လည်း ဘာမှလုပ်လို့မရဘူး။ နောက်တစ်ခုက ကြာအင်းဆိပ်ကြီးမြို့နယ်ထဲမှာရှိတဲ့ မြို့ပေါ်က စခန်းတွေရော၊ နယ်စပ်လုံခြုံရေး အထိုင်စခန်း တွေရော အဲ့ဒီကိုလည်း သူတို့ စစ်ကြောင်းထိုးနိုင်တဲ့အနေအထားလုံးဝမရှိတော့ဘူး။ ” ဟု ပြောသည်။ ။

ပြီးခဲ့သည့် အောက်တိုဘာလ ၂၇ ရက်မှနိုဝင်ဘာလ ၂ ရက်နေ့အထိ ကြာအင်းဆိပ်ပြီးမြို့ပေါ်ရှိ စစ်ကောင်စီ တပ် ၏ စစ်ကြောင်းနှင့် ရဲစခန်းထွေအုပ်ရုံး၊ လဝကရုံး၊ သစ်တောရုံးနှင့် မီးသတ်ရုံးများကို တော်လှန်ရေးပူး ပေါင်း တပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်းတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဘက်မှ ၄၅ ဦးသေဆုံးခဲ့ကြောင်း SOF က သတင်းထုတ်ပြန်ထားသည်။

ကြာအင်းဆိပ်ကြီးမြို့ပေါ်နှင့် မြို့အနီးအနားဝန်းကျင် တိုက်ပွဲဖြစ်စဉ်ကြောင့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်း ရှောင်နေရသည့် ဒေသခံပြည်သူများမှာ လတ်တလောတွင် တိုက်ပွဲအခြေအနေကိုစောင့်ကြည့်၍ အသွား အပြန်ပြုလုပ်နေရသည်ဟု မြို့ခံတစ်ဦးက ကေအိုင်စီသို့ ယခုလို ပြောသည်။

“တိုက်ပွဲနည်းနည်းပြန်ငြိမ်နေပေမယ့် အိမ်ကိုပြန်လို့မရဲသေးဘူး။ ညဘက်လက်နက်ကြီးကလည်း ထုနေတော့ မိသားစုကို ပြန်ပို့လို့မရဲဘူး။ အခြေအနေကြည့်ပြီး အိမ်မှာလိုအပ်တာပြန်ယူလိုက်၊ ပြန်လာရှောင် နေလိုက်ပဲ လုပ်နေရတယ်။ မပေါက်ဘဲကျန်နေတဲ့ လက်နက်ကြီးတွေရှိနေသေးတယ်။ ချက်ချင်းတိမ်းရှောင် ရတာဆိုတော့ လိုအပ်တာတွေတော့ရှိတာပေါ့”ဟု ထိုမြို့ခံက  ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့နှင့် အနီးအနားတဝိုက်တွင် KNLA မဟာမိတ် ပူးပေါင်းတပ်နှင့်် စစ်ကောင်စီတပ်များအကြား စစ်ရေးတင်းမာနေဆဲဖြစ်သလို မြို့အတွင်းသို့ အသွားအလာယာဉ်၊ ကုန်စည်စီးဆင်းမှုများကလည်း နည်းပါး လာသည့်အတွက် အခြေခံစားသောက်ကုန်များကို စျေးပိုပေး၍ ဝယ်ယူစားသုံးနေကြရသည်ဟု ဒေသခံများက ပြောသည်။

အလားတူ ယခုရက်ပိုင်းတွင် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်(တပ်မဟာ-၆ နယ်မြေ ) ကြာအင်း ဆိပ်ကြီးမြို့နယ်ရှိ ခုတ်ခွားစခန်း၊ ကွီလုံတိုင်စခန်း၊ ကော့ကရိတ်မြို့ရှိ စစ်ကောင်စီဌာနဆိုင်ရာရုံးနှင့် မြဝတီမြို့ နယ်ရှိ ကနဲလေး စစ်ကောင်စီတပ်စခန်းများကိုလည်း KNLA တော်လှန်ရေးမဟာမိတ်ပူးပေါင်း တပ်ဘက်မှ ဝင်ရောက်တိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိသည်ဟု သိရှိရသည်။

Most read this week

October 23, 2024
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ ဖားအံခရိုင်၊ တပ်မဟာ (၇) နယ်မြေအတွင်းရှိ ကရင်အမျိုးသား...
October 22, 2024
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA (ဗဟို)ဌာနချုပ်အနီးဝန်းကျင်ကို ယနေ့  (အောက်တိုဘာ ၂၂...
October 22, 2024
စစ်ကောင်စီတပ်၏  မြဝတီမြို့တောင်ဘက် လေးကေ့ကော်ဒေသ စွယ်တော်အမြောက်ကုန်း အပါအဝင်စစ်စခန်း ၄ ခု...
October 21, 2024
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်၊ သေ့ဘောဘိုးဒေသ၊ ဘလယ်ဒိုကျေးရွာရှိ ကာကင်းစခန်း ၃ ခုကို ...