ကချင်ပြည်နယ်တွင်းရှိ လီဆူတိုင်းရင်းသားများအား ပြည်သူ့စစ်တပ်သားသစ်အဖြစ် စုဆောင်း

ကချင်ပြည်နယ်တွင်းရှိ လီဆူတိုင်းရင်းသားများအား ပြည်သူ့စစ်တပ်သားသစ်အဖြစ် စုဆောင်း
Lisu National Development Party (Dulay Party)  By – အမိုး
Lisu National Development Party (Dulay Party) By – အမိုး

ကချင်ပြည်နယ်အတွင်းနေထိုင်တဲ့ လီဆူတိုင်းရင်းသားတွေအားလုံး တစ်အိမ်တစ်ယောက်နှုန်း ပြည်သူ့စစ်လုပ်ဖို့ စာရင်းလာသွင်းရမှာဖြစ်ပြီး သတ်မှတ်ချိန်ထိစာရင်းသွင်းတာမရှိရင် နေအိမ်အထိလာရောက်စုဆောင်းသွားမှာဖြစ်တယ်လို့ ပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်းကပြောပါတယ်။

အာဏာသိမ်းစစ်တပ်လက်အောက်ခံဖြစ်တဲ့ ရွှေမင်းပြည်သူ့စစ်တပ်ဖွဲ့ဟာ အောက်တိုဘာလ ၃၀ ရက်နေ့ ရက်စွဲဖြင့် ပြည်သူ့စစ်လုပ်ဖို့ တပ်သားအသစ်စုဆောင်းမယ့်အကြောင်း ထုတ်ပြန်ချက်တစ်စောင်ထုတ်ထားပြီး နိုဝင်ဘာလ ၉ ရက်ကနေ ၂၂ ရက်နေ့စာရင်းလာသွင်းကြဖို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ဒီတပ်သားစုဆောင်းတာနဲ့ပတ်သက်ပြီး ကချင်ပြည်နယ် ဝိုင်းမော်မြို့ကနေစတင်ပြီးတော့ လီဆူလူမျိုးတွေနေထိုင်တဲ့ ဒေသတစ်ခုပြီးတစ်ခုမှာ လုပ်ဆောင်သွားမယ်လို့ ဦးရွှေမင်းက KNG ကိုအခုလို ပြောပါတယ်။

“အဓိကကတော့ ဝိုင်းမော်မှာစမယ် ဒါပေမဲ့ ဝိုင်းမှော်မှာလည်း ကျနော်တို့က အဓိကလီဆူတွေကိုပဲ ပြောတာ ဖြစ်တယ် အခြားသောညီနောင်တိုင်းရင်းဘယ်လူမျိုးကိုမှပြောတာမရှိဘူး။ ဒါပေမဲ့ ဝင်လာလို့ကတော့ ဘယ်တိုင်းရင်းသားမဆိုလက်ခံတယ်။ ကျနော်တို့လီဆူကိုအခြေခံပြီးလုပ် တာဖြစ်တယ်။ ဝိုင်းမော်ပြီးရင် ဥပမာ–မြစ်ကြီးနားတွေရှိမယ် ကျနော်တို့လီဆူတွေနေတဲ့နေရာ အများကြီးပဲ ပူတာအို၊ ခေါင်လန်ဖူး၊ ချီဖွေ၊ ဆော့လော်တို့ တော်တော်များပါတယ် တစ်ဆင့်ပြီးတစ်ဆင့်လုပ်သွားဖို့ဖြစ်တယ်။”

ဒါ့အပြင် စစ်မှုထမ်းဖို့ခေါ်ယူတဲ့ထဲမှာ လူငယ်တွေကို အဓိကထားပြီး စုဆောင်းသွားမှာဖြစ်သလို အသက်ကြီးရင့်သူတွေကိုလည်း လိုအပ်တယ်လို့ ဦးရွှေမင်းကဆက်ပြောပါတယ်။

“အဓိကကတော့ လုပ်နိုင်ကိုင်နိုင်တဲ့သူပေါ့ဗျာ။ တစ်ချို့ဆို အသက် ၅၀ အထိ လုပ်နိုင်ကိုင်နိုင်သူတွေ ရှိတယ်။ တစ်ချို့ကျတော့ အသက်အရွယ်နဲ့မဆိုင်ပဲ ကျန်းမာရေးချို့တဲ့သူရှိတယ် အဲ့တော့ အသက်ကတော့ လူငယ်ကို အဓိကထားပါမယ် သို့သော် လူကြီးလည်းလိုအပ်တာဖြစ်တယ်။

ဥပမာ– ရေနွေးတည်နိုင်တဲ့သူက ရေနွေးတည်မယ်၊မီးမွှေးနိုင်တဲ့သူကမီးမွှေးပေးမယ် နောက်ပြီး ကင်းစောင့် ပေးနိုင်သူကကင်းစောင့်ပေးမယ် အမျိုးသားရေးအတွက် သူတစ်ခုဆောင်ရွက်ပေးနိုင် ရင် ကျနော်တို့က အသိမှတ်ပြုပြီးဆောင်ရွက်မယ်။ အားလုံးက လည်း အဲ့အတိုင်းကို သဘောတူညီ ထားတာဖြစ်ပါတယ်။”



ဦးရွှေမင်းပြည်သူ့စစ်ဟာ စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ ၂၀၂၁ ခုနှစ် နိုဝင်ဘာလကနေ စပြီးဝိုင်မော်မြို့နယ် ဝူယာန်ရွာနားမှာ စစ်ဆင်ရေးဂိတ်တွေဖွင့်ပြီး ဝူယာန်ပြည်သူ့စစ်အဖြစ်ရပ်တည်နေတာဖြစ်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်နဲ့ပူပေါင်းပြီးတော့ ကေအိုင်အေတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တွေအကြားဖြစ် တဲ့ တိုက်ပွဲအတွင်း ပါဝင်တိုက်ခိုက်နေတဲ့အဖွဲ့လည်းဖြစ်ပါတယ်။

အခုလို ဦးရွှေမင်းပြည်သူ့စစ်က လီဆူအမျိုးသားတွေကို တစ်အိမ်တစ်ယောက် မဖြစ်မနေစစ်မှုထမ်း ရမယ်ဆိုတဲ့ ထုတ်ပြန်ချက်ကြောင့် ဒေသခံတွေအကြားဝေဖန်မှုတွေလည်းမြင့်တက်နေပါတယ်။

တစ်ဖက်မှာတော့ အဲ့ဒီထုတ်ပြန်ချက်နဲ့ ဦးရွှေမင်းပြည်သူ့စစ်ရဲ့တပ်သားသစ်စုဆောင်းဖို့ လုပ်ရပ်ဟာ လီဆူလူမျိုးတွေ အတွက် သတင်းဆိုးတစ်ခုဖြစ်တယ်လို့ လီဆူအနုပညာရှင် ကိုယော်တီဖာက ပြော ပါတယ်။

“ကျနော်တို့ လီဆူလူမျိုးအတွက် သတင်းဆိုးတစ်ခုဟုတ်တယ် လီဆူလူမျိုးတွေကိုတစ်နေရာရာမှ ထိုးကျွေး ဖို့ပြင်ဆင်ထားတာ ဥပမာ–သူတစ်ယောက်ထဲသေရမှာကိုမသေရဲလို့ သူနဲ့အတူလာပြီး အသေခံဖို့ အဲ့လိုဆွဲသွင်း တာလို့ပဲမြင်တယ် အဲ့ဒီဟာကို သူတို့ကြေညာသလောက်တော့ သူတို့လုပ်လို့ မရဘူး သူတို့ဝိုင်းမော်ကစမယ် အထူးသဖြင့် မြစ်ကြီးနားတို့မှာပေါ့ သူတို့ဝေးတဲ့နေရာတွေတော့ မရဘူး သေချာတာတော့လုပ်မယ် စစ်တပ်နဲ့ တွဲပြီးအတင်းအဓမ္မလုပ်မှာလို့ မြင်တယ် ဒါတော့သူတို့ လွန်လွန်းတယ်လို့မြင်တယ် ဒူးလေးပါတီအင်အားနဲ့တော့ ကချင်ပြည်နယ်တစ်ခုလုံးကိုတော့ ဘာမှ လုပ်လို့မရဘူး ”

လက်ရှိကချင်ပြည်နယ်အတွင်းမှာတော့စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တွေ အကြား စစ်ရေးတင်းမာမှုတွေရှိနေသလို ကေအိုင်အေဌာနချုပ်ရှိရာ လိုင်ဇာအနီးတစ်ဝှိုက်မှာရှိတဲ့ စစ်တပ်စခန်းတွေတစ်ခုပြီးတစ်ခု လက်လွတ်နေရပြီး စစ်တပ်ဟာအဖက်ဖက်ကနေ အထိနာနေတာလည်းဖြစ်ပါတယ်။

စခန်းသိမ်းတိုက်ပွဲတွေအပြင် နမ်ဆန်ယန်ဘက်က စစ်ကူသွားတဲ့ စစ်ကောင်စီတပ်ဘက်က အကျအဆုံးတွေလည်းများပြားနေသလို အထိနာလာတဲ့အတွက် စစ်ကောင်စီဘက်ကလူအင်အား  ဖြည့်တင်းဖို့ အခုလို တပ်သားသစ် စုဆောင်းမှုတွေလုပ်လာတာလို့ ဒေသခံတွေက သုံးသပ်နေကြပါတယ်။

ဒါ့အပြင်တစ်ဖက်မှာတော့ အင်အားကျဆင်းလာတဲ့ စစ်တပ်က ပြည်သူ့စစ်တွေကို အဓိက အသုံးပြု လာတာကြောင့် ပြည်သူတွေအနေနဲ့ ပြည်သူ့စစ်အဖွဲ့တွေမှာ မပါဝင်ကြဖို့ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၅ ရက်နေ့ ကချင်လွတ် လပ်ရေးအဖွဲ့ KIO ၆၃ နှစ်ပြည့် အထိမ်းအမှတ်နေ့မှာ ဥက္ကဋ္ဌ ဗိုလ်ချုပ် ကြီး အင်ဘန်လပြောဆိုခဲ့ပါတယ်။

Most read this week

September 20, 2024
မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းကနေ စစ်လက်နက်ရိက္ခာဖြည့်တင်းဖို့ဆန်တက်လာတဲ့...
September 19, 2024
ဖားကန့်မြို့ ဆိုင်းတောင်တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင် ၄...
September 17, 2024
ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ဆိုက်ကပ်ထားတဲ့ စစ်သင်္ဘော ဗန်းမော်ဘက်ကို ဆန်တက်လာချိန်...
September 16, 2024
ရှမ်းပြည်မြောက်ပိုင်း မုံးကိုးမြို့နယ် မုံးပေါ်ဒေသမှာ KIO/KIA နဲ့ MNDAA လက်နက်ကိုင်နှစ်ဖွဲ့ကြား...