သိမ်းဆည်းရမိတဲ့ လေယာဉ်ပစ်လက်နက်တွေကို လေကြောင်းရန်ကာကွယ်ဖို့ အသုံးပြုသွားမယ်လို့ MNDAA ပြော

သိမ်းဆည်းရမိတဲ့ လေယာဉ်ပစ်လက်နက်တွေကို လေကြောင်းရန်ကာကွယ်ဖို့ အသုံးပြုသွားမယ်လို့ MNDAA ပြော
ဓာတ်ပုံ-The Kokang/TNLA
ဓာတ်ပုံ-The Kokang/TNLA

ရှမ်းမြောက်တိုက်ပွဲအတွင်း ညီနောင်မဟာမိတ် ၃ ဖွဲ့ကနေ သိမ်းဆည်းရမိတဲ့ လေယာဉ်ပစ်လက်နက်တွေကို လေကြောင်းရန်ကာကွယ်ဖို့ အသုံးပြုသွားမယ်လို့ ၁၀၂၇ စစ်ဆင်ရေးမှာ ပါဝင်နေတဲ့ ကိုးကန့်အဖွဲ့ MNDAA ပြောခွင့်ရ လီကျာဝင်းက သံလွင်တိုင်းမ်ကို ပြောပါတယ်။

သီတင်းပတ်ကျော်ကြာလာတဲ့ ရှမ်းမြောက်ဒေသက ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်စခန်းကနေ လေယာဉ်ပစ်လက်နက်ကြီးတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ညီနောင်မဟာမိတ် ၃ ဖွဲ့က နိုဝင်ဘာ ၅ ရက်နေ့မှာ ထုတ်ပြန်ထားတာပါ။

စစ်ဆင်ရေး ၁၀ ရက်တာအတွင်း စစ်ကောင်စီရဲ့ စစ်ရေးအရ အရေးပါတဲ့ တပ်စခန်းအကြီး အငယ်တွေ၊ ရဲဘက်အုပ်ချုပ်ရေးဘက်ဆိုင်ရာ စခန်းတွေနဲ့ သူတို့ရဲ့ ပြည်သူ့စစ်စခန်းတွေအပါအဝင် တပ်စခန်းပေါင်း ၁၂၀ ကျော် သိမ်းပိုက်ခဲ့ပြီလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် မြေပြင်စစ်ဆင်ရေးမှာ အသုံးပြုတဲ့ တင့်ကားကြီးတွေ ဟောင်ဝစ်ဇာလက်နက်ကြီးတွေ၊ လေယာဉ်ပစ်လက်နက်ကြီးတွေနဲ့ စစ်လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

ညီနောင်မဟာမိတ် ၃ ဖွဲ့ကနေ သိမ်းဆည်းရမိတဲ့ စစ်ကောင်စီတပ်စခန်းထဲက လေယာဉ်ပစ်လက် နက်ကြီးရဲ့ အရေအတွက်နဲ့ အမျိုးအစားကို အသေးစိတ်မဖော်ပြထားပါဘူး။

MNDAA ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းက လေယာဉ်ပစ်လက်နက်ဟာ ၁၄ ဒသမ ၅ အမျိုးအစားတွေ ဖြစ်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အရည်အသွေးနဲ့ မော်ဒယ်လ်ကိုတော့ ကျွန်တော်လည်း အတည်မပြုပေးနိုင်ပါဘူးဗျ။ ဒါပေမယ့် ကျွန်တော်ခန့်မှန်းတာတော့ ၁၄.၅ (လေယာဉ်ပစ်စက်သေနတ်) ဖြစ်လောက်ပါတယ်ဗျ။ (လေယာဉ်ပစ်လက်နက်ကြီး) ရထားရင်တော့ သုံးမှာပေါ့ဗျာ”လို့ သူက ဆိုပါတယ်။

၁၀၂၇ စစ်ဆင်ရေးစတင်တဲ့ ရက်ကစပြီး ဒီကနေ့အထိ တပ်စခန်းတွေ တစ်ခုပြီးတစ်ခု ဆက်တိုက် အသိမ်းခံနေရတဲ့ စစ်ကောင်စီဟာ မြေပြင်တိုက်ပွဲမှာ အရေးနိမ့်လာနေတာကြောင့် လက်နက်ကြီးနဲ့ လေကြောင်းပစ်ကူတွေကို ပိုမိုအသုံးပြုနေရတာပါ။

ရှမ်းမြောက်က စစ်ရေးပြင်းထန်တဲ့ ဒေသတွေအပါအဝင် တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ကျေးရွာတွေကိုလည်း စစ်ကောင်စီက လက်နက်ကြီးနဲ့ လေကြောင်းပစ်ကူတွေကို အသုံးပြုတိုက်ခိုက်မှုကြောင့် လူနေအိမ်တွေနဲ့ ကလေးသူငယ်အပါအဝင် အရပ်သားထိခိုက်သေဆုံးတာတွေလည်း ရှိနေပါတယ်။

၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီကနေ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အ မျိုးသမီးနဲ့ ကလေးသူငယ်အပါအဝင် သေဆုံးသူ ၁၈ ဦး ရှိပြီး ၄၄ ဦး ထိခိုက်သူဒဏ်ရာရရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကနေ ထုတ်ပြန်ထားပါတယ်။

ညီနောင်သုံးဖွဲ့ကနေ သိမ်းဆည်းရရှိခဲ့တဲ့ ၁၄ ဒသမ ၅ စက်သေနတ်တွေဟာ ဂျက်ဖိုက်တာလေယာဉ်အထိ မပစ်ခတ်နိုင်ပေမယ့် ရဟတ်ယာဉ်တွေကိုတော့ သေချာပစ်နိုင်ရင် ထိရောက်တယ်လို့ CDM လေတပ် တပ်ကြပ်ကြီးဇေယျက သုံးသပ်ပါတယ်။

“ညီနောင်သုံးဖွဲ့ကနေ ရထားတဲ့ 14.5 စက်သေနတ်က တကယ်တော့ ခေတ်စခနစ်အရဆို အပြည့်အဝကြီး ကာကွယ်လို့မရဘူး။ ဘာလို့ဆို လက်ရှိသုံးနေတဲ့ ဖိုက်တာတွေကို ဒီကောင်နဲ့ လိုက်ပစ်ဖို့ ခက် ခဲတယ်။ တစ်လက်ထဲဆိုတော့ ခက်ခဲဆိုတာပေါ့။ ဗုံးကြဲတဲ့အချိန်မှာ အနည်းဆုံး ၃/၄ လက်လောက်နဲ့ ပွိုင့်ထိုင်ပြီးပစ်မယ်ဆိုရင်တော့ ထိရောက်မှုတော့ နည်းနည်းရှိနိုင်တာပေါ့။ ဖိုက်တာတွေ‌ကိုတော့ ဒီလောက်ကြီး ခြိမ်းခြောက်နိုင်ဖို့က သိပ်မရှိဘူး။ ဒါပေမယ့် လက်ရှိသူတို့ (စကစ) အဓိက ထောက်ပံ့ပို့ဆောင်ရေးသုံးနေတဲ့ Mi 17 လိုမျိုးဆိုရင် ပစ်လို့ရတယ်။ နောက် Mi 35 ရဟတ်ယာဉ်တွေဆို ဒီကောင်နဲ့ သေချာစနစ်တကျ သေချာချိန်ပစ်နိုင်ရင် ထိရောက်တယ်”လို့ သူက ဆိုပါတယ်။

လက်ရှိမှာတော့ ညီနောင်မဟာမိတ် ၃ ဖွဲ့အပါအဝင် PDF ပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ကြား ရှမ်းမြောက်သာမက စစ်ကိုင်းမှာလည်း မြေပြင်ထိတွေ့တိုက်ပွဲ ပြင်းထန်နေသလို စစ်ကောင်စီဘက်က စစ်ဘက်ဆိုင်ရာစခန်းတွေနဲ့ အုပ်ချုပ်ရေးဆိုင်ရာရုံးတွေ လက်လွှတ်ခံရမှု တိုးလာနေတာပါ။

နိုဝင်ဘာ ၆ ရက်နေ့မှာလည်း ရှမ်းမြောက်ရှိ ကွမ်းလုံဘက်မှာ တိုက်ပွဲပြင်းထန်နေပြီး ကိုးကန့်ခရိုင်ထဲက တုန်ရှမ်းနဲ့ ရှင်းဝမ်းဒေသရှိ စစ်ကောင်စီတပ်စခန်း ၃ ခုကို ထပ်မံသိမ်းပိုက်ရရှိခဲ့တယ်လို့ MNDAA ကနေ သိရပါတယ်။

အလားတူ နောင်ချိုမြို့နယ် ဂုတ်ထိပ်အနီးတဝိုက်နဲ့ ရွှေညောင်ပင်ရွာအနီးက စစ်ကောင်စီတပ်စခန်း နှစ်နေရာကို တအာင်းတပ်မတော် TNLA ၊ မန္တလေး PDF ပူးပေါင်းတပ်ဖွဲ့က နိုဝင်ဘာ ၆ ရက်နေ့ မနက်ပိုင်းမှာ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

October 23, 2024
ပဲခူးတိုင်း ဒိုက်ဦးမြို့နယ် ဒိုက်ဦးအကျဉ်းထောင်မှာ သောက်သုံးရေ ပြတ်လပ်မှုဖြစ်ပေါ်နေပြီး ချိုးရေ...
October 23, 2024
ခုခံတော်လှန်စစ်တွေကို တောက်လျှောက်ရင်ဆိုင်နေရတဲ့ စစ်ကောင်စီက စစ်မှုထမ်းသင်တန်းသားတွေကို...
October 22, 2024
မွန်ပြည်နယ်တောင်ပိုင်းနဲ့ ဆက်စပ် ထားဝယ်ဒေသဘက်မှာ စစ်ကောင်စီက နယ်မြေထိန်းချုပ်ဖို့...
October 21, 2024
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် အောက်ရေဖြူကျေးရွာအုပ်စုထဲကို စစ်ကောင်စီတပ်တွေစစ်ကြောင်းထိုး...