ပြည်တွင်းစစ်ရေး ပြင်းထန်နေသော်လည်း မွတ်ဆလင်လက်ခံရေး စစ်ကောင်စီကြိုးပမ်းနေ

ပြည်တွင်းစစ်ရေး ပြင်းထန်နေသော်လည်း မွတ်ဆလင်လက်ခံရေး စစ်ကောင်စီကြိုးပမ်းနေ
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ခိုလှုံနေကြသော မွတ်ဆလင်ဒုက္ခသည်များ။ (ဓာတ်ပုံ - Dhaka Tribune)
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ခိုလှုံနေကြသော မွတ်ဆလင်ဒုက္ခသည်များ။ (ဓာတ်ပုံ - Dhaka Tribune)

မြန်မာနိုင်ငံတွင် ပြည်တွင်း နိုင်ငံရေးပဋိပက္ခများ မငြိမ်မသက်ဖြစ်နေသော်လည်း ဘင်္ဂလားဒေ့ရှ်ရောက် မွတ်ဆလင်ဒုက္ခသည်များကို ပြန်လည်လက်ခံရေးအတွက် စစ်ကောင်စီက ကြိုးပမ်းနေခြင်းမှာ နိုင်ငံတကာတွင် အမြင်ကောင်းအောင် ဟန်ပြလုပ်ဆောင်ခြင်းဟု မွတ်ဆလင်များနှင့် နိုင်ငံရေးသမားများက ရှုမြင်ကြသည်။

အောက်တိုဘာလ ၃၁ နှင့် နိုဝင်ဘာလ ၁ ရက်နေ့တို့တွင် ရခိုင်ပြည်နယ်စစ်ကောင်စီ လူမှုရေးဝန်ကြီး ဦးစောနိုင် ဦးဆောင်သောအဖွဲ့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တက္ကနက်မြို့သို့ ၂ ရက်ကြာသွားရောက်ခဲ့ကာ ဒုက္ခသည်များ အပါအဝင် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များနှင့် ပြန်လည်လက်ခံရေးကိစ္စရပ်များအား ဆွေးနွေးခဲ့ကြသည်။

“နေရပ်ပြန်ဖို့ ဘယ်လိုအစီစဉ်ရှိတယ်ဆိုတာကို သူတို့က ပြောခဲ့တယ်။ ဒါပေမယ့် ဒုက္ခသည်တွေရဲ့ စကားတွေကို နားမထောင်ခဲ့ဘူး။ သူတို့အစီစဉ်တွေကိုပဲ ချပြသွားတာ” ဟု ကူတူပါလောင်ဒုက္ခသည်စခန်းနေ ကိုအောင်မြိုင်က ပြောသည်။

မွတ်ဆလင်ဒုက္ခသည်များ နေရပ်ပြန်ရမည်ဆိုပါက နိုင်ငံသားအခွင့်အရေးပေးရန်၊ မူလနေရာတွင် ပြန်လည်နေရာ ချထားပေးရန်၊ လုံခြုံရေးအာမခံချက်ပေးရန် တို့ကို တောင်းဆိုနေကြသော်လည်း စစ်ကောင်စီက တစ်စုံတစ်ရာ ကတိပေးခြင်းမရှိဟု ဒုက္ခသည်များက ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံအတွင်း ရက္ခိုင့်တပ်တော်(AA) ပါဝင်သည့် ညီနောင်မဟာမိတ် (၃) ဖွဲ့က ၁၀၂၇ စစ်ဆင်ရေး ဆင်နွှဲကာ စစ်ကောင်စီတပ်စခန်းများကို သိမ်းပိုက်ခြင်းများ ဆက်တိုက်ရှိလာနေသည်။ ထို့ကြောင့် ရခိုင်ပြည်တွင်လည်း စစ်ရေးပဋိပက္ခများ ပြန်လည်ဖြစ်ပေါ်လာမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။

စစ်ကောင်စီက မွတ်ဆလင်များကို ပြန်လည်လက်ခံရေးအတွက် လုပ်ဆောင်နေသော်လည်း နေရပ်ပြန်နိုင်ရေးမှာ အလှမ်းဝေးနေဆဲဖြစ်သည်ဟု ဘင်္ဂလားဒေ့ရှ်ရောက် မွတ်ဆလင်ဒုက္ခသည်များက ပြောကြသည်။

“စစ်ကောင်စီက ထုံးစံအတိုင်း နိုင်ငံတကာက အမြင်ကောင်းအောင် ဟန်ပြလုပ်ပြနေတာ။ တကယ် သူတို့ကူညီချင်ရင် အခုလောက်ဆို ကျနော်တို့ နေရပ်ပြန်ပြီး အဆင်ပြေနေတာ ကြာပြီ” ဟု မွတ်ဆလင်ဒုက္ခသည် ကိုအောင်မြိုင်က ပြောသည်။

စစ်ကောင်စီသည် စစ်ရေး၊ နိုင်ငံရေး အကျပ်အတည်းဖြစ်နေချိန်တွင် မွတ်ဆလင်များ ပြန်လည်လက်ခံရေးကို စီစဉ်ဆောင်ရွက်နေသော်လည်း AA ၏ သဘောဆန္ဒမပါဘဲ လုပ်ဆောင်ပါက နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်လာနိုင်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးဖေသန်းက ပြောသည်။

“ပြန်လည်လက်ခံရေးနဲ့ပတ်သက်ပြီး ရခိုင်ပြည်သူရဲ့ စိတ်ဆန္ဒကလည်း အရေးကြီးတယ်။ ရခိုင်ကိုယ်စားပြု ပုဂ္ဂိုလ်တွေမပါဘဲ သူတို့သဘောနဲ့ လုပ်လို့တော့ မရဘူး။ ULA/AA ဘက်ကလည်း ပြောထားတာ ရှိတယ်။ ပြန်လည်လက်ခံရေးနဲ့ပတ်သက်ပြီး ကူညီဆောင်ရွက်ပေးမယ်ပေါ့။ အဲလိုမဟုတ်ဘဲ သူတို့သဘောနဲ့ လက်ခံရေးကို လုပ်တဲ့အခါ နောက်ဆက်တွဲပြဿနာတွေဖြစ်လာရင် ULA/AA ဘက်ကလည်း ဖြေရှင်းပေးမှာ မဟုတ်ဘူး” ဟု သူက ပြောသည်။

စစ်ကောင်စီအနေဖြင့် ပြန်လည်လက်ခံရေးအစီအစဉ်ကို  ဘင်္ဂလားဒေ့ရှ် - မြန်မာ နှစ်နိုင်ငံညှိနှိုင်းချက်အရ မွတ်ဆလင်ဒုက္ခသည်များအား မောင်တောမြို့နယ်အတွင်းရှိ ပြန်လည်လက်ခံရေးစခန်းများ၌ ထားရှိမည်ဖြစ်သည်။

သို့သော် ဘင်္ဂလားဒေ့ရှ်ရောက် မွတ်ဆလင်များမှာ မူလနေရာ၌ နေထိုင်နိုင်ရေးနှင့် နိုင်ငံသားဖြစ်ခွင့်ပေးရေး စသည့် အချက်များအား စစ်ကောင်စီမှ တာဝန်ယူဖြေရှင်းပေးမှ နေရပ်ပြန်မည်ဟု ပြောကြသည်။

“ဒုက္ခသည်တွေကို မြန်မာနိုင်ငံကို ပို့ပေးမယ်လို့ ပြောတယ်။ အရင်က ရခိုင်မှာ ကိုယ်နေခဲ့တဲ့နေရာတွေ မဟုတ်ဘဲ တခြားနေရာတွေမှာ စုပြီးထားမယ်လို့ပြောတယ်။ ဒါကို ကျမတို့ သဘောမကျကြဘူး။ ကိုယ်နေခဲ့တဲ့နေရာတွေကိုပဲ ပြန်လိုချင်နေကြတာ” ဟု ကူတူပါလောင်ဒုက္ခသည်စခန်းနေ အမျိုးသမီးတစ်ဦးက ပြောသည်။

၂၀၁၇ ခုနှစ်က မောင်တောဒေသတွင် ARSA က ရဲကင်းစခန်းများကို တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက် မြန်မာစစ်တပ်က နယ်မြေရှင်းလင်းရေးဆောင်ရွက်ရာတွင် မွတ်ဆလင် (၇)သိန်းကျော် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခဲ့ရကြောင်း နိုင်ငံတကာအဖွဲ့အစည်းများက ပြောဆိုထားသည်။

သို့သော်လည်း မြန်မာအာဏာပိုင်များက ၂၀၁၇ နောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားသည့် မွတ်ဆလင် အရေအတွက်မှာ ၅ သိန်းကျော်သာရှိကြောင်း ဆိုထားသည်။

October 22, 2024
တိုက်ပွဲပြင်းထန်နေသော မောင်တောမြို့နယ်အတွင်း စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးများဖြင့်...
October 22, 2024
မြန်မာနှင့် ထိစပ်နေသည့် ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းရေပြင်တွင် စစ်ကောင်စီသည် ရေကြောင်း...
October 21, 2024
ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ ဖားဝပ်ချောင်းကျေးရွာကို စစ်ကောင်စီက ယနေ့ (အောက်တိုဘာ ၂၁ ရက်)၊...
October 18, 2024
တိုက်ပွဲပြင်းထန်နေသည့် ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ အောင်မင်္ဂလာကျေးရွာကို အောက်တိုဘာ ၁၆ ရက်၊...