လိပ်သို-တောင်ငူလမ်းရှိ စစ်တပ်ဂိတ်များတွင် ဖာလာတင်ကုန်ကားများ ဂိတ်ကြေး အများအပြားပေးဆောင်ရ

လိပ်သို-တောင်ငူလမ်းရှိ စစ်တပ်ဂိတ်များတွင် ဖာလာတင်ကုန်ကားများ ဂိတ်ကြေး အများအပြားပေးဆောင်ရ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသဘက်မှ တောင်ငူမြို့သို့ ဒေသ ထွက် ဖာလာများ တင်ဆောင်ကာ ဖြတ်သန်းသွားလာသည့် မော်တော်ယာဥ်များသည် လမ်းတစ်လျှောက်ရှိ စစ်ကောင်စီတပ် ဂိတ်စခန်းများတွင် ဂိတ်ကြေးအဖြစ် ကျပ်ငွေ သောင်းချီပေးဆောင်နေရကြောင်း သံတောင်မြို့သတင်းအရင်းအမြစ်များမှ သိရသည်။

လိပ်သိုဘက်မှ တောင်ငူမြိုပေါ်တက်ရောင်းမည့် ဖာလာတင်မော်တော်ယာဥ်များသည် စစ်တပ်ဂိတ်စခန်းများဖြစ်သော လိပ်သို၊ ဇလဲ၊ ထုံးဘိုကြီး၊ ခုနှစ်မိုင်လမ်းခွဲ နှင့် တောင် ငူမြို့အဝင် စစ်တောင်းတံတားထိပ် စခန်းတစ်လျှောက်ရှိ ဂိတ်တိုင်းလိုလိုတွင် ဂိတ်ဖြတ်သန်းခများပေးဆောင်နေရခြင်းဖြစ်ပြီး သာမန်ခရီးသည်တင်ယာဥ်ထက် ပိုမို ကောက်ခံနေသည်ဟု မော်တော်ယာဥ်လုပ်သားများနှင့် နီးစပ်သူ သံတောင်မြို့ ခံအမျိုးသားတစ်ဦးက ပြောသည်။

၎င်းက “ဂိတ်တိုင်းပေးရသလိုဖြစ်နေတယ် လိပ်သိုဘက်ကနေ တောင်ငူစစ် တောင်းတံတားထိပ်အထိဆို ကြားမှာ ၅ ဂိတ်လောက်ရှိတာ။ ခရီးသည်ကားတွေ ဖြတ်ရင် တစ်ဂိတ်ကိုအနည်းဆုံး ဂိတ်ကြေးထောင်ဂဏန်းပဲ ရှိတာ ။ ဖာလာတင်လာလို့ စီးပွားရေးသမားမို့လို့ ဆိုပြီး ပိုကောက်တဲ့ပုံစံမျိုးပေါ့။ ဂိတ်စောင့်တဲ့လူကြီးပေါ်မှာ မူတည်ပြီး ပိုက်ဆံပေးရတယ်လေ” ဟု ပြောသည်။

သံတောင်ကြီးမြို့နယ်အတွင်း ယခုနှစ် ရာသီဥတု ပုံမှန်မရှိသဖြင့် ဖာလာအထွက်နှုန်း မကောင်းသည့် အခြေအနေတွင် စစ်ကောင်စီတပ်ဂိတ်စခန်းများမှ ဖာလာထွက်ချိန် အခွင့်ကောင်းယူ၍ ယခုလို အဆမတန်တောင်းခံနေခြင်းဖြစ်ရာ သိန်းနှင့်ချီ၍ ဂိတ်ကြေးတောင်းခံနေရသော အချို့ ဖာလာတင်မော်တော်ယာဥ်များလည်း ရှိနေသည်ဟု ဒေသခံများက ပြောပြသည်။

နောက်ထပ် လိပ်သိုဒေသခံတစ်ဦးကလည်း “ဂိတ်ထိုင်တဲ့သူတွေက တစ်ရက်တစ်ရက် လူလဲတော့ပေးရတာက အမှန်မရှိဘူး။ ဘယ်လောက်အထိတောင်လည်းဆိုတော့ ဖာလာတင်လာတဲ့ကားတချို့  ကျပ် ၅ သောင်းကနေ ၂သိန်းခွဲအထိ တောင်းခံရ တာရှိဖူးတယ်။ အနိမ့်ဆုံးကတော့ သောင်းနဲ့ချီပြီးပေးရတယ်။  ဖာလာစိုက်တဲ့ အချိန်တစ်ချိန်ပါပဲ။ အချို့ပွဲစားကုန်သည်တွေက ရွာတွေဘက်အထိ ဆင်းဝယ်တာရှိ တယ်လေ။ ဂိတ်ကြေးကတော့ ကုန်သည်တွေမပါတဲ့ ကားတွေဆိုရင် ကားသမား ကပေးရတယ်။ မူးလာရင် ရစ်ကြတာလည်း ရှိသေးတယ်။” ဟု ကေအိုင်စီသို့ ပြောသည်။

တောင်ပေါ်ဒေသဖြစ်သော သံတောင်ကြီးမြို့ဒေသခံများမှာ ကွမ်းသီး၊ ကော်ဖီ၊ ဒူးရင်း အစရှိသည့် ဥယျာဥ်ခြံစိုက်ပျိုးရေး လုပ်ကိုင်ကြပြီး အဓိကစီးပွားရေးလုပ်ငန်းအနေဖြင့် နှစ်စဥ် ဇွန်လမှ စတင်စိုက်ပျိုး၍ အောက်တိုဘာလအထိ ခူးဆွတ်၍ရသော ဖာလာစိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ကြသူများဖြစ်သည်။

စစ်အာဏာမသိမ်းခင်က သံတောင်ကြီးမြို့နယ်၏ ဖာလာပေါက်ဈေးမှာ တစ်ပိဿာလျှင် ငွေကျပ်သောင်းနှင့်ချီ ရရှိခဲ့သော်လည်း အာဏာသိမ်းပြီးနောက်တွင် ထောင်ဂဏန်းအထိ ကျဆင်းသွားသလို ယခုနှစ်တွင်လည်း ရာသီဥတုကြောင့် ဖာလာအထွက်နှုန်းက ယခင်နှစ်များကထက် ၃ ဆ ခန့် ပိုနည်းသွားသည်ဟု ဖာလာစိုက်တောင်သူများက ဆိုကြသည်။

ထို့အတူ ဒေသခံများသည် နယ်မြေမငြိမ်သက်မှုများကြောင့် နေအိမ်မှဖာလာခြံသို့ သွားရာလမ်းရှိ စစ်တပ်ဂိတ်စခန်းများ၏ စစ်ဆေးမှုအမျိုးမျိုးတွေ့ကြုံနေရခြင်းနှင့် လက်နက်ကြီးကျရောက်မည့်အန္တရာယ်ကြောင့် ခြံအတွင်း မနေထိုင်ရဲခြင်းတို့ဖြင့် စီးပွားရေးအခက်ကြုံနေရသည်။

ကရင်ပြည်နယ်မှ ထွက်ရှိသည့် ဖာလာများကို တောင်ငူနှင့် ရန်ကုန်ပွဲရုံများမှတဆင့် တရုတ်နိုင်ငံသို့ တင်ပို့ ရောင်းချကြပြီး ကရင်ပြည်နယ်ထဲတွင် ဖာလာစိုက်ပျိုး မြေဧက ၇၅,၀၀၀ ဧကရှိခဲ့ရာမှ ယခင်က ဖာလာစေ့ပိဿာချိန် နှစ်စဉ် ၂ သန်းဝန်းကျင် ထုတ်ရောင်းနိုင်ခဲ့ကြောင်း မြန်မာ့ချဉ်ပေါင်ဖာလာအဖွဲ့ ချုပ်က ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်တွင် ထုတ်ပြန်ထားသည်။

Most read this week

October 23, 2024
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ ဖားအံခရိုင်၊ တပ်မဟာ (၇) နယ်မြေအတွင်းရှိ ကရင်အမျိုးသား...
October 22, 2024
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA (ဗဟို)ဌာနချုပ်အနီးဝန်းကျင်ကို ယနေ့  (အောက်တိုဘာ ၂၂...
October 22, 2024
စစ်ကောင်စီတပ်၏  မြဝတီမြို့တောင်ဘက် လေးကေ့ကော်ဒေသ စွယ်တော်အမြောက်ကုန်း အပါအဝင်စစ်စခန်း ၄ ခု...
October 21, 2024
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်၊ သေ့ဘောဘိုးဒေသ၊ ဘလယ်ဒိုကျေးရွာရှိ ကာကင်းစခန်း ၃ ခုကို ...