၂၀၂၄ ခုနှစ်မှာ ချင်းပြည်နယ်မှာသန်းခေါင်စာရင်း ကောက်နိုင်ပါ့မလား?? ချင်းပြည်နယ်မှာ လူဦးရေ ဘယ် လောက်ရှိမလဲ??

၂၀၂၄ ခုနှစ်မှာ ချင်းပြည်နယ်မှာသန်းခေါင်စာရင်း ကောက်နိုင်ပါ့မလား?? ချင်းပြည်နယ်မှာ လူဦးရေ ဘယ် လောက်ရှိမလဲ??

လာမည့်နှစ် ၂၀၂၄ ခုနှစ်မှာ အောက်တိုဘာလမှာ မြန်မာတနိုင်ငံလုံး ပြည်လုံးကျွတ်လူဦးရေနှင့် အိမ်အကြောင်း အရာ သန်းခေါင်စာရင်း ကောက်ယူမည်လို့ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီက ကြေညာထားပါတယ်။

မြန်မာတနိုင်ငံလုံးမှာ အထူးသဖြင့် ချင်းပြည်နယ်၊ ကယားပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ကချင်ပြည်နယ် နေရာအချို့နဲ့ ရှမ်းပြည်နယ် နေရာအချို့၊ ကရင်ပြည်နယ် နေရာအချို့မှာ မတည်ငြိမ်မူ၊ စစ်မက်ဖြစ်ပွားမူတို့ ကြောင့် သန်းခေါင်စာရင်းဘယ်လို ကောက်နိုင်မလဲဆိုတာ မေးခွန်းထုတ်စရာရှိပါတယ်။

အာဏာသိမ်းတဲ့ ၂ နှစ်ပြည့် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်ကိုင်း၊ မကွေး၊ ချင်းပြည်နယ်၊ ကရင်ပြည် နယ် မွန်ပြည်နယ်၊ တနင်္သာာရီတိုင်း ပဲခူးတိုင်း ပြည်နယ်နဲ့တိုင်း ၈ ခုက မြို့နယ် ၃၇ မြို့နယ်ကို စစ်အုပ်ချုပ်ရေး ကြေငြာခဲ့ပါတယ်။ ဒီ မတိုင်ခင်ကတော့ ချင်းပြည်နယ် မင်းတပ်နဲ့ ရန်ကုန်တိုင်းတွင်း ၆ မြို့နယ်မှာ စစ်အုပ်ချုပ် ရေး ကြေညာထားတာပါ။

အဲ့ဒီနောက် စစ်ကိုင်းတိုင်းအတွင်း သုံးမြို့နယ်ထပ်တိုးတဲ့အတွက် တနိုင်ငံလုံး စစ်အုပ်ချုပ်ရေး ကြေငြာခံထားရတဲ့ မြို့နယ် ၄၇ အထိ ရှိလာနေပါပြီ။မြန်မာနိုင်ငံမှာ မြို့နယ်ပေါင်း ၃၃၀ ရှိတဲ့အနက် အပြည့်အဝ ထိန်းချုပ်နိုင်တဲ့ မြို့နယ် ၁၉၈ မြို့နယ်သာရှိပြီး ကျန်တဲ့ မြို့ပေါင်း ၁၃၂ မြို့နယ်ကို လုံခြုံရေး တိုးမြှင့်လုပ်ဆောင်ရဖို့ ရှိတယ်လို့ ဗိုလ်ချုပ်မူးကြီးမင်းအောင်လှိုင်က အတိအလင်း ပြောကြားထားပါတယ်။

စစ်အုပ်ချုပ်ရေးမြို့နယ် ထပ်မံတိုးမြှင့်ကြေညာမှုကြောင့် ချင်းပြည်နယ်က မင်းတပ်၊တီးတိန်၊ တွန်းဇံ၊ ဖလမ်း၊ ကန်ပက်လက်၊ မတူပီ၊ ထန်တလန်၊ ဟားခါးမြို့နယ်များ ပါဝင်ပြီး ချင်းတပြည်နယ်လုံးနီးပါး စစ်အုပ်ချုပ်ရေး အောက် ကျရောက်နေပါတယ်။

စက်တင်ဘာ ၁ ရက်က နေပြည်တော်မှာပြုလုပ်တဲ့နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေးမှာ ၂၀၂၄ ခုနှစ်မှာပြည်လုံးကျွတ်သန်း ခေါင်စာရင်း ကောက်ယူပြီးမှသာလျှင် လူဦးရေ စာရင်းထွက်လာမည်ဖြစ်၍ မဲစာရင်း ပြုစုနိုင်မည် ဖြစ်ကြောင်းနှင့် မဲစာရင်းများအပြည့်အဝကောက်ယူနိုင်ရေး ဆက်လက် ဆောင်ရွက်ရမည် ဖြစ် ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောကြားခဲ့ပါတယ်။

တနိုင်ငံလုံးအတိုင်းအတာနဲ့ သန်းခေါင်စာရင်း ကောက်ယူတာကို ၂၀၁၄ ခုနှစ်၊ ဧပြီလမှာ နောက်ဆုံး ပြုလုပ်ခဲ့ပါ တယ်။ ဒါဟာ နှစ်ပေါင်း ၃၀ အတွင်းမှာ ပထမဆုံးအကြိမ် ကောက်ယူခဲ့တာပါ။

မြန်မာနိုင်ငံမှာ ပြည်လုံးကျွတ်အဆင့် သန်းခေါင်စာရင်းကို ၁၉၇၃ ခုနှစ်နှင့် ၁၉၈၃ ခုနှစ် တို့မှာကောက်ယူခဲ့ပြီး နောက် အကြောင်းအမျိုးမျိုးကြောင့် နှစ်ပေါင်း (၃၀)ကျော်ကြာ ၂၀၁၄ ခုနှစ်မှသာ အောင်မြင်စွာ ကောက်ယူနိုင်ခဲ့ ပါတယ်။

၂၀၁၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းမှရရှိသော ကိန်းဂဏန်းအချက်အလက်များကို နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး အတွက် စီမံကိန်းများရေးဆွဲချမှတ်ရာတွင် အခြေခံအချက်အလက်များအဖြစ် အသုံးပြု ဆောင်ရွက်လျက်ရှိပါတယ်။

ဆယ်နှစ်အကြာမှာ အခုလို သန်းခေါင်စာရင်း နောက်ထပ်တကြိမ် ကောက်ယူဖို့ စစ်ကောင်စီဘက်က ကြိုးပမ်း လာတာ ဖြစ်ပါတယ်။ ၂၀၁၄ သန်းခေါင်စာရင်းအရဆိုရင် တနိုင်ငံလုံးလူဦးရေက ၅၁ သန်းကျော် ဖြစ်ပါတယ်။

အဲဒီအထဲက (လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်း) ၃၅ သန်းကျော်ဟာ ကျေးလက်မှာ နေထိုင်ကြတာ ဖြစ်ပါတယ်။ ၂၀၁၄ မှာ လုံခြုံရေးနဲ့ တခြားအခြေအနေ အမျိုးမျိုးတို့ကြောင့် ကောက်ယူလို့ မရခဲ့တဲ့ လူဦးရေက ၁.၂သန်း ရှိတယ်လို့ အရပ်ဘက်အဖွဲ့တွေရဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။

လွန်ခဲ့သည့် ၁၀ နှစ် ၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းကောက်ယူစဉ်က ချင်းပြည်နယ်မှာ လူဦးရေ  ၄၇၈,၈၀၁ ဦး ရှိပါတယ်။ နောက်ဆုံး update လူဦးရေစာရင်းကို ၂၀၂၀ ခုနှစ်တုန်းက ချင်းပြည်နယ်မှာအိမ်ခြေ (၉၆,၆၉၆)၊ အိမ်ထောင်စု (၉၆,၄၈၄)၊ ကျား (၂၅၅,၅၉၂)ဦး၊ မ (၂၆၄,၄၄၀)ဦး၊ ပေါင်း (၅၂၀,၀၃၂) ဦး နေထိုင် ကြပါတယ်လို့ ချင်းပြည်နယ်အစိုးရက စာရင်းထုတ်ပြန်ထားပါတယ်။

လူဦးရေနဲ့ အိမ်ထောင်စု သန်းခေါင်စာရင်းကို ကွန်ပျူတာ Software အကူအညီတွေနဲ့ လက်ကိုင်ဖုန်းတွေက တဆင့် ကောက်ယူနိုင်ဖို့ ပြင်ဆင်နေကြောင်းနဲ့ အဲဒီအတွက် ကျွမ်းကျင်တဲ့ နိုင်ငံတကာက အကြံပေးပညာရှင် တွေကို ဖိတ်ခေါ်ထားတယ်လို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနက ပြောပါတယ်။

၂၀၂၄ မှာ ကောက်ယူမဲ့ လူဦးရေနဲ့ အိမ်ထောင်စု သန်းခေါင်စာရင်းကို လက်ကိုင်ဖုန်းနဲ့ တက်ဘလက် (Tablet) တွေကို အသုံးပြုပြီး ကောက်ယူသွားမယ်လို့ လူဝင်မူကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနက မေလ ၂ ရက် နေ့စွဲနဲ့ ကြေညာထားပါတယ်။

 

ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရေးအကြို စမ်းသပ်ဆောင်ရွက်ချက်အဖြစ် ၂၀၂၃ ခုနှစ် အောက်တို ဘာလတွင် စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူမည်ဖြစ်ပြီး ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အထိ ပြည်လုံးကျွတ်လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူသွားမည်ဖြစ်ကြောင်း  လူဝင်မူကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနက ကြေညာထားပါတယ်။

ယခင်သန်းခေါင်စာရင်းများ ကောက်ယူခဲ့စဉ်က နိုင်ငံတကာအဖွဲ့အစည်းများ၏ နည်းပညာနှင့် ငွေကြေးဆိုင်ရာ အထောက်အပံ့များကို ရယူဆောင် ရွက်ခဲ့သော်လည်း ယခုဆောင်ရွက်မည့် ၂၀၂၄ ခုနှစ်၊ သန်းခေါင်စာရင်း ကောက်ယူမှုကို နိုင်ငံအတွင်းတွင် ရှိသည့် အစိုးရဌာနများ၊ အဖွဲ့အစည်းများ၏ စွမ်းအား၊ ပြည်သူလူထု၏     ပူးပေါင်း ပါဝင်မှုနှင့်ပင် အဓိက ဆောင်ရွက်ကြရမည်ဖြစ်ပြီး လိုအပ်သည့် ဘဏ္ဍာငွေများကိုလည်း     နိုင်ငံတော် ဘဏ္ဍာရန်ပုံငွေဖြင့်သာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗဟိုသန်းခေါင်စာရင်း ကော်မရှင် နာယက နိုင်ငံတော် စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဩဂုတ်လ ၂၂ မှာ ပြုလုပ်တဲ့ ဗဟိုသန်းခေါင်စာရင်း ကော်မရှင်၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှာ ပြောကြားခဲ့ပါ တယ်။

ချင်းပြည်နယ်မှာ သန်းခေါင်စာရင်း ဘယ်လို ကောက်မလဲဆိုတာနဲ့ ပတ်သက်ပြီး ချင်းပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဝင် ဝန်ကြီးဦးကျော်ငြိမ်းကို ဖုန်းဆက် မေးပေမယ့် ဖြေလို့မရသေးဘူးလို့ သူက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ အာဏာသိမ်းမူဖြစ်ပြီး နောက်ပိုင်း ပြည်သူတွေရဲ့ ဝင်ငွေ၊ အိုးအိမ်နဲ့ ပိုင်ဆိုင်မူတွေ အချက် အလက် အပြောင်းအလဲ အများကြီး ဖြစ်ပေါ်ခဲ့ပါတယ်။

၂၀၂၁ နိုင်ငံရေး ပြောင်းလဲမှုတွေ ဖြစ်ပေါ်ပြီးနောက်ပိုင်း တိုက်ပွဲတွေအကြားမှာ နိုင်ငံနဲ့အဝှမ်းမှာ လူနေအိမ် ၁ သိန်းနီးပါး မီးရှို့ဖျက်ဆီးခံရတယ်လို့ ISP Myanmar က ဖော်ပြထားပါတယ်။

၂၀၂၄ မှာ တနိုင်ငံလုံးအတိုင်းအတာနဲ့သန်းခေါင်စာရင်း ကောက်ယူနိုင်ခဲ့ရင် လူဦးရေနဲ့အိမ် အကြောင်းအရာ တွေမှာ ဘာတွေ ဆုံးရှုံးသွားသလဲဆိုတာ အချက်အလက် အမှန်ရနိုင်ပါ့မလား မေးစရာရှိပါတယ်။

၂၀၂၁ အာဏာသိမ်းမူပြီးနောက်ပိုင်း လက်နက်ကိုင် တော်လှန်ရေး အားကောင်းလာတဲ့ ချင်းပြည်နယ်မှာ တိုက်ပွဲ တွေအကြား ထန်တလန်တမြို့လုံး အိုးအိမ်တွေ၊ ဘုရားကျောင်းတွေ ထိခိုက်ပျက်စီးခဲ့သလို ကျေးရွာတချို့ လည်း မီးလောင်ပျက်စီးခဲ့ရသလို မလုံခြုံမူကြောင့် လူထု ၁ သိန်းကျော် အိုးအိမ်စွန့်ခွာခဲ့ရတယ်လို့ ချင်းအရပ်ဖက် အဖွဲ့ အစည်းတွေ က ထုတ်ပြန်ထားပါတယ်။

ချင်းပြည်နယ်မှာဘယ်လိုသန်းခေါင်စာရင်းကောက်မှာလဲ??

ချင်းပြည်နယ်မှာ မြို့တော်ဖြစ်တဲ့ဟားခါးမြို့ မှာ အစိုးရလုပ်ငန်း အဓိကလည်ပတ်နိုင်ကာ ဟားခါးမြို့ကို နိုင်ငံ ကူးလက်မှတ်လုပ်ဖို့ အတွက်သာ တခြားမြို့တွေက ခရီးသွားတွေ အဓိက လာရောက်ကြရာ မြို့တွင်း တည်ငြိမ်မူ ရှိတယ်လို့ သတ်မှတ်လို့ရပါတယ်။

ချင်းပြည်နယ်က တခြားမြို့တွေ ဖြစ်တဲ့ ဖလမ်း၊ တီးတိန်၊ တွန်းဇံ၊ မတူပီ၊ ပလက်ဝမြို့တွေမှာသာ မြို့တွင်း တည် ငြိမ်ကာ အစိုးရလုပ်ငန်းလည် ပတ်နိုင်ပြီး ထန်တလန်မြို့တိုက်ပွဲတွေအကြားမှာ မြို့ပျက်ဆီးနေပါတယ်။ ကန်ပက် လက်မြို့က မြို့ခံအများစုကတော့ တိမ်းရှောင်နေသလို မင်းတပ်မြို့မှာလည်း မြို့ခံအနည်းငယ်သာကျန်ပါတယ်။ ထန်တလန်၊ မင်းတပ်၊ ကန်ပက်လက်မြို့ ၃ မြို့ကတော့ အစိုးရလုပ်ငန်း မလည်ပတ်နိုင်သလို လူထုတွေလည်း မရှိဖြစ် နေပါတယ်။

၂၀၂၁  နောက်ပိုင်း လက်နက်ကိုင် တော်လှန်ရေးထဲ ရောက်သွားတဲ့ ချင်းလူငယ် ထောင်ချီ ရှိသလို မလုံခြုံမူနဲ့ အလုပ်အကိုင်ရှာဖွေလိုမူကြောင့် ချင်းပြည်နယ်ကနေ ရန်ကုန်မှာလာရောက် အခြေချ ပြောင်းရွှေ့ လာတဲ့ ချင်းလူ ငယ် ထောင်ချီရှိလာပါတယ်။

နိုင်ငံအတွင်း အလုပ်လက်မဲ့ ပြဿနာတွေကြောင့် နိုင်ငံခြားထွက် အလုပ်လုပ်ကိုင်သူ ချင်းလူငယ် ထောင်ချီ ရှိ လာပါတယ်။

အာဏာသိမ်းပြီး နောက်ပိုင်းကာလတွေထဲ ချင်းပြည်နယ်က ကျေးလက်တောရွာတွေမှာ ရှိတဲ့ ၅ နှစ်အောက် ကလေးငယ်တွေဟာ ကာကွယ်ဆေး လုံလောက်စွာမထိုးရ သေးတဲ့ ပြဿနာတွေနဲ့လည်း ကြုံတွေ့ နေရတယ်လို့ ကျန်းမာရေး ဝန်ထမ်းတချို့က ပြောပါတယ်။

ချင်းပြည်နယ်မှာ လက်ရှိပညာရေး ကျန်းမာရေး အပိုင်းတွေမှာ ဝန်ထမ်းအင်အား အလွန်နည်းပါးနေပြီး ကျောင်း အများစု မဖွင့်နိုင်တာကြောင့် ကျောင်းတက်သူ ကလေးငယ် အရေအတွက် လျော့ကျ နေပါတယ်။

ဝေးလံခေါင်ပါးပြီး လူနေကျဲပါးတဲ့ ချင်းပြည်နယ်မှာ မြို့နယ် ၉ မြို့နယ်နဲ့ ကျေးရွာ ၁၃၅၅ ရွာရှိတဲ့အနက် ရွာ အများစုဖက်ကို သွားလာရတာ ခက်ခဲကာ ၂၀၂၁ နောက်ပိုင်း အစိုးရက မြို့ပေါ်တွေကိုသာ အုပ်စိုးနိုင်ပြီး ကျေးရွာ တွေမှာတော့ မအုပ်စိုးထားနိုင်တဲ့ အခြေအနေမှာ ဘယ်လိုလူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်မလဲဆိုတာ အထူးစိန်ခေါ်ချက် ဖြစ်နေပါတယ်။

လာမယ့် နှစ် ၂၀၂၄ မှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက် ယူမူဟာ မတည်ငြိမ်တဲ့ ပြည်နယ်/တိုင်း တချို့ဒေသတွေမှာတော့ မြေပြင်ဆင်း ကောက်ယူဖို့ အခက်အခဲများစွာ ရှိနေပါတယ်။

လူနေကျဲပါးပြီး တောတောင် ထူထပ်တဲ့ ချင်းပြည်နယ်မှာတော့ ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းကို မြို့ပေါ် နေ လူဦးရေစာရင်းတွေကိုပဲ အဓိကထား ကောက်ခံရမယ့် အနေအထားဖြစ်ပြီး ကျေးလက်နေ ပြည်သူ လူထုဦး ရေကိုတော့ အရင်က အချက်အလက်ကိုသာ အခြေခံပြီး ခန့်မှန်းရယူဖွယ်ရှိ နေတယ်လို့ ချင်းပြည်နယ်က အရပ် ဖက် အဖွဲ့အစည်း ခေါင်းဆောင်တချို့က ပြောပါတယ်။

၂၀၂၀ ခုနှစ်တုန်းက ချင်းပြည်နယ်မှာ အိမ်ခြေ (၉၆,၆၉၆)လုံး၊ အိမ်ထောင်စု (၉၆,၄၈၄)စု၊ ကျား (၂၅၅,၅၉၂)ဦး၊ မ (၂၆၄,၄၄၀)ဦး၊ ပေါင်း (၅၂၀,၀၃၂) ဦး နေထိုင်တယ်လို့ ချင်းပြည်နယ်အစိုးရက စာရင်းထုတ်ပြန် ခဲ့ပါတယ်။

၂၀၂၁ အာဏာသိမ်းပြီးနောက် နိုင်ငံရေးဖြစ်စဉ် အပြောင်းအလဲနောက်မှာ မလုံခြုံမူကြောင့် ချင်းပြည်နယ်မှာ လူဦးရေ ဘယ်လောက် လျော့သွားသလဲ၊ ၂၀၂၄ ခုနှစ် မှာ ချင်းပြည်နယ်မှာသန်းခေါင်စာရင်းကော ကောက်နိုင်ပါ့ မလား ချင်းပြည်နယ်မှာ လူဦးရေဘယ်လောက် နေထိုင်ကြပါသလဲ အိမ်ခြေ ဘယ်လောက်ရှိပါသလဲ အချက် အလက်ကော အမှန်တရားနဲ့ နီးစပ်မလား စောင့်ကြည့်ရမှာပါ……

October 11, 2024
ယခု ၂၀၂၄ ခုနှစ်အတွင်းတီးတိန်မြို့နယ်နှင့် တွန်းဇံမြို့နယ်တို့မှာ ဘိန်းစိုက်ပျိုးမှု...
October 10, 2024
ချင်းပြည်နယ် ဖလမ်းမြို့နယ်မှာ စစ်ကောင်စီတိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်သေဆုံးတာတွေ...
October 7, 2024
ချင်းပြည်နယ်က မြို့နယ်အများစုမှာ ဆက်သွယ်ရေးဖုန်းလိုင်းဖြတ်တောက်ထားလို့...
October 2, 2024
ချင်းပြည်နယ်ဟားခါးမြို့မှာ ဆိုင်ကယ်တစ်စီးကို အမျိုးသား ၂ ဦးစီးလာတာမျိုးတွေ့ရင် စစ်ကောင်စီတပ်က...