ရခိုင်တွင် စစ်မျက်နှာပြန်ပွင့်လာနိုင်၍ နယ်ဘက်မှ ဒေသခံများ ဗုံးခိုကျင်းများ တူးနေရ

ရခိုင်တွင် စစ်မျက်နှာပြန်ပွင့်လာနိုင်၍ နယ်ဘက်မှ ဒေသခံများ ဗုံးခိုကျင်းများ တူးနေရ

ရခိုင်တွင် စစ်မျက်နှာပြန်ပွင့်လာနိုင်သည့်အတွက် နယ်ဘက်မှ ဒေသခံပြည်သူများမှာ နေအိမ်များအတွင်း ဗုံးခို ကျင်းများနှင့် အကာအကွယ်များ ကြိုတင်လုပ်ဆောင်နေကြရပြီဟု ဒေသခံများက ပြောသည်။

ရက္ခိုင့်တပ်တော်(AA)၊ တအာန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)နှင့် မြန်မာအမျိုးသား ဒီမိုက ရက်တစ် မဟာမိတ် တပ်မတော် (MNDAA) တို့သည် စစ်ကောင်စီတပ်များအား  ၁၀၂၇ စစ်ဆင်ရေးဖြင့် ပူးတွဲ ဆင်နွှဲတိုက်ခိုက်လျက်ရှိနေသည်။

အဆိုပါ စစ်ဆင်ရေးတွင် ရက္ခိုင့်တပ်တော်(AA)လည်း ပါဝင်နေ၍ ရခိုင်တွင် စစ်မျက်နှာ ပြန်ပွင့်လာနိုင်သည့် အတွက် နယ်ဘက်ရှိ ဒေသခံပြည်သူများ အနေဖြင့် ဗုံးခိုကျင်းနှင့် အကာအကွယ်များကို ကြိုတင်ပြင်ဆင်နေခြင်း ဖြစ်သည်ဟု ပုဏ္ဏားကျွန်းမြို့နယ်မှ ဒေသခံတစ်ဦးက ပြောသည်။

“ဗုံးခိုကျင်းတွေကတော့ ဟိုအရင်ကတည်းက တူးခိုင်းထားတာတွေရှိတယ်ပေါ့နော်။ အခုလည်း ပြည်မဘက်က စစ်ဆင်ရေးတိုက်ပွဲတွေကြောင့် ဘယ်လိုတွေဖြစ်လာမလဲဆိုတာတော့ မပြောတတ်ဘူး။ ဗုံးခိုကျင်းတွေတူးကြ တယ်။ လုံခြုံအောင်ပြင်ဆင်ကြတယ်။ ပြီးတော့ သဲအိတ်တို့၊ ကျောက်အိတ်တို့ကို အကာအကွယ်တွေအဖြစ် လုပ်နေကြတာတွေတော့ရှိတယ်” ဟု ပြောသည်။

စစ်မျက်နှာ ပြန်ပွင့်လာနိုင်၍ ပုဏ္ဏားကျွန်းမြို့နယ် အတွင်းရှိ ခမောင်းတော၊ ယိုးတရုတ်၊ အစရှိသည့် ကျေးရွာ အများအပြားနှင့် ကျောက်တော်မြို့နယ်အတွင်းရှိ ကန်စောက်၊ ပန်းဖဲချောင်း၊ ချောင်းတူစသည့် ကျေးရွာ အများ အပြားမှ ဒေသခံများသည် တိုက်ပွဲများ ပြန်ဖြစ်မည်ကို စိုးရိမ်သည့်အတွက် ဗုံးခိုကျင်းနှင့် အကာအကွယ်များကို ကြိုတင်လုပ်ဆောင်ထားကြခြင်း ဖြစ်သည်။

ကျောက်တော်မြို့နယ်မှ ဒေသခံတစ်ဦးက “ဒေသခံတွေအနေနဲ့တော့ ဒီဗုံးခိုကျင်းတူးပြီး ကာကွယ်ရတာပဲ ရှိတာ လေ။ တချို့ရွာက ရွာသားတွေဆို လုံခြုံမယ်လို့ထင်ရတဲ့ တခြားရွာတွေကို ပစ္စည်းတွေပြောင်းရွေ့ထားတယ်။ တစ်ခုခုဆို ချက်ချင်းပြောင်းရွေ့လို့ရအောင်ပေါ့။ တချို့တွေကျတော့လည်း မဖြစ်သရွေ့ အရေးတယူ မလုပ်ကြ တာလည်း ရှိတယ်။ ပေါ့ပေါ့ပျက်ပျက်နဲ့ပေါ့” ဟု ပြောသည်။

ထို့အပြင် ရခိုင်တွင် စစ်မျက်နှာပြန်ပွင့်၍ တိုက်ပွဲများ ဖြစ်ပွားလာပါက ယခင်ကထက် ပိုမိုပြင်းထန်သည့် တိုက် ပွဲများ ဖြစ်လာနိုင်သလို ဒေသခံပြည်သူများအနေဖြင့်လည်း အထူးဂရုစိုက်ကြရန်လိုအပ်သည်ဟု နိုင်ငံရေး လေ့လာသုံးသပ်သူများက သုံးသပ်ပြောဆိုထားသည်။

ကျောက်တော်မြို့နယ်မှ ဒေသခံတစ်ဦးက “ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ တိုက်ပွဲတွေထပ်ဖြစ်လာရင် တစ်ခါ တည်း အဆုံးသတ် တိုက်ပွဲတွေ ဖြစ်စေချင်တယ်။ ဘာလို့လဲဆိုတော့ ဟိုဟာစိုးရိမ်ရ၊ ဒီဟာစိုးရိမ်ရနဲ့ နေရမယ့် တူတူ လာမယ့်ဘေးကို ကြိုတင်ပြီး ရင်ဆိုင်လိုက်တာက အကောင်းဆုံးလို့ထင်တယ်။ အဆုံးသတ် တိုက်ပွဲဖြစ်ရင် တော့ ပိုကောင်းတာပေါ့” ဟု ပြောသည်။

ရခိုင်တွင် ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့သည် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အပစ် အခတ် ရပ်စဲရေးကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလက ရပ်စဲခဲ့သည်။

သို့သော်လည်း စစ်ကောင်စီက ရခိုင်တွင် စစ်အင်အားဖြည့်တင်းခြင်း၊ ရိက္ခာဖြည့်တင်းခြင်းအပြင် စစ်ရေးလှုပ်ရှား မှုများနှင့် လက်နက်ကြီးများ စမ်းသပ်ပစ်ခတ်ခြင်းများကို မကြာခဏ ဆိုသလို စစ်တပ်က လုပ်နေသည်။

ရခိုင်ရှိ ကုန်းလမ်း၊ ရေလမ်းတို့တွင်လည်း စစ်ကောင်စီက ယခုအချိန်ထိ စစ်ဆေးမှုများကို တင်းတင်းကျပ်ကျပ် ပြုလုပ်နေဆဲဖြစ်ကာ အချိန်ကြာမြင့်စွာ စစ်ဆေးခြင်းကြောင့် ဒေသခံတချို့ အသက်သေဆုံးသည်အထိ ရှိခဲ့သည်။

October 23, 2024
တိုက်ပွဲအပြင်းအထန် ဖြစ်ပွားပြီးနောက် ဂွမြို့နယ်၊ ကြွေချိုင် ယာယီအထိုင် စစ်စခန်းကို...
October 22, 2024
တိုက်ပွဲပြင်းထန်နေသည့် ရခိုင်ပြည်၊ အမ်းမြို့နယ်ရှိ  ကျေးရွာ ၂ ရွာတွင် လက်နက်ကြီးကျည်များ...
October 21, 2024
ရခိုင်ပြည်မှ စစ်ကောင်စီ၏ အကြီးဆုံးရေတပ်စခန်းဖြစ်သည့် ကျောက်ဖြူ ဓည၀တီရေတပ်ဌာနချုပ် အနီးရှိ...
October 18, 2024
ရခိုင်ပြည်တွင် စပါးစျေးမရသည့်အပြင် ယခင်နှစ် စိုက်ပျိုးရာသီမှ ထွက်ရှိလာသော စပါးများကို ယခုနှစ်...