(NCA) စာချုပ် (၈)နှစ်ပြည့်ပွဲနဲ့ စပ်လျဉ်းပြီး သုံးသပ်တင်ပြချက်

(NCA) စာချုပ် (၈)နှစ်ပြည့်ပွဲနဲ့ စပ်လျဉ်းပြီး သုံးသပ်တင်ပြချက်

မောင်ကျော်စွာ — ဒီတစ်ပတ်မှာတော့ ကေအိုင်စီပရိသတ်ကို (NCA)စာချုပ် (၈)နှစ်ပြည့်ပွဲနဲ့စပ်လျဉ်းပြီး ကြားသိတွေ့မြင်ရတာ တွေကို သုံးသပ်ပြီး တင်ပြလိုပါတယ်။

အပိုင်း ၃ပိုင်းခွဲပြီး တင်ပြပါရစေ။

ပထမပိုင်းမှာ (NCA) စာချုပ် (၈) နှစ်ပြည့်ပွဲ မတိုင်မီကာလ အခြေအနေကို ခြေဆင်းသဘော တင်ပြလိုပြီး ဒုတိယ ပိုင်းမှာတော့ (NCA) စာချုပ် (၈) နှစ်ပြည့်ပွဲမှာ ဘယ်သူတွေ တက်ရောက်ကြသလဲ၊ ဘယ်သူတွေ မတက်ရကြဘူး လဲ၊ (NCA)စာချုပ် (၈)နှစ်ပြည့်ပွဲ စင်မြင့်ပေါ်မှာ ဘယ်သူတွေ စကားပြောခွင့်ရသလဲ၊ ဘာတွေပြောကြရသလဲ။ တတိယ ပိုင်းမှာတော့ (NCA)စာချုပ် (၈)နှစ်ပြည့်ပွဲမှာ အကြမ်းဖက် (စကစ) စစ်အုပ်စု ထိပ်သီး မင်းအောင်လှိုင် ပြောတဲ့ မိန့်ခွန်းထဲက အချက်တချို့ကို သုံးသပ်ပြီး နိဂုံးချုပ်ပါ့မယ်။

ပထမပိုင်း (၁၀ ဩဂုတ် မှ ၁၂ အောက်တိုဘာထိ)

ဒီကာလတို ကလေးဟာ ပြီးခဲ့သော ဩဂုတ်လလယ်ကနေ စတင်ပြီး (NCA)စာချုပ်မှာ ပါဝင်လက်မှတ်ရေး ထိုး ထားကြတဲ့ (ABSDF – CNF – KNU) ၃ဖွဲ့ ပူးတွဲကြေညာချက်ထုတ်ပြန်တဲ့ (၁၂-၁၀-၂၀၂၃)နေ့အထိ ဖြစ်ပါတယ်။

အဲဒီကာလမှာ ဖြစ်ပေါ်လာတဲ့ အငြင်းပွားမှုက “(NCA)စာချုပ် ပျက်ပြယ်သွားပြီ” “မည်သည့်အချိန်မျှ ပျက် ပြယ်မှု မရှိဘဲ တည်တံ့နေမည့်စာချုပ်” ဆိုတဲ့ အငြင်းပွားမှုပါ။ ဒီအငြင်းပွားမှုဟာ အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစော တာဒိုမူး ပြောကြားရှင်းလင်းချက်တွေထဲက အချက်အလက်တစ်ခုအပေါ်ကနေ မြစ်ဖျားလာခံပါတယ်။

(၁၀-၈-၂၀၂၃)ရက်နေ့မှာ KNU-အမျိုးသားအစည်းအရုံးက သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်ပါတယ်။ ဒီသတင်းစာရှင်းလင်းပွဲက KNU-အမျိုးသားအစည်းအရုံး (၁၇)ကြိမ်မြောက် ကွန်ဂရက်အပြီး ပထမဦးဆုံး ရက် (၁၀၀) အတွင်း လုပ်ဆောင်ခဲ့မှုဆိုင်ရာ သတင်းစာရှင်းလင်းပွဲ ဖြစ်ပါတယ်။

အဲဒီ သတင်းစာရှင်းလင်းပွဲမှာ KNU-ကရင်အမျိုးသားအစည်းအရုံး၊ အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာ ဒိုမူးက “NCA နဲ့ပတ်သက်လို့ ကျနော်တို့ လိုက်နာစရာ အကြောင်းမရှိတော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ NCA ရဲ့ နှလုံးသားဖြစ်တဲ့ အခန်း(၁) အခြေခံမူကို နင်းချေဖျက်ဆီးလိုက်တာက စစ်တပ် ဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့် NCA ရဲ့ အခန်း(၁)ဟာ NCA တစ်ခုလုံးရဲ့ နှလုံးသားဖြစ်ပါတယ်။ အဲဒါကို ဖျက်ဆီးလိုက်တဲ့အတွက် NCA ဟာ မရှိ တော့ပါဘူး။ အဲဒီအတွက်ကြောင့် ဒီ NCA ကို အသုံးပြုပြီးတော့ ကျနော်တို့ကို နိုင်ငံတကာ လှည့်စားခြင်း သော် လည်းကောင်း၊ ပြည်သူလူထုကို လှည့်စားခြင်းသော်လည်းကောင်း လုပ်တဲ့ကိစ္စက ကျနော်တို့နဲ့ ဘာမှမဆိုင်ဘူး ဆိုတာလေးကို ပြောကြားချင်ပါတယ်” စသဖြင့် ပြောဆိုခဲ့ပါတယ်။

ဒီလိုပြောဆိုပြီးတဲ့နောက် (၁၄-၉-၂၀၂၃)ရက်စွဲနဲ့ KNU-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၇)၊ ဘားအံ ခရိုင် ဥက္ကဋ္ဌပဒိုစောအောင်မော်ဧ လက်မှတ်ရေးထိုးထားတဲ့ “သက်ဆိုင်ရာတာဝန်ရှိသူများအားလုံး” သို့ လိပ်မူထားတဲ့ စာ ဆိုရှယ်မီဒီယာ၌ ထွက်ပေါ်ပြန့်နှံ့လာပါတယ်။

တပ်မဟာ(၇)၊ ဘားအံခရိုင် ဥက္ကဋ္ဌပဒိုစောအောင်မော်ဧ လက် မှတ်ရေးထိုး ထားတဲ့ စာထဲမှာပါတဲ့ အချက်တစ်ခု က KNU-ကရင်အမျိုးသားအစည်းအရုံး၊ အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစော တာဒိုမူး ပြောထားတဲ့အချက်နဲ့ ရှေ့နောက်မညီဘဲ ကွဲလွဲနေပါတယ်။

အဲဒီအချက်က “NCA စာချုပ်ကို KNU-ကရင်အမျိုး သားအစည်းအရုံးမှ တရားဝင်ပျက်ပြယ်ကြောင်း ထုတ်ပြန် ကြေညာခြင်းမရှိသည့်အပြင် နယ်မြေဒေသတည်ငြိမ်ရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ရရှိရေးကို အခြေခံလျက် ပြည်သူ့အကျိုးကိုရှေ့ရှု၍ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့်သာ အဖြေရှာလာနိုင်ကြရေးအတွက် ဆောင် ရွက်သွားမည်” ဆိုတာပါပဲ။

အဲဒီလို အထွေထွေအတွင်းရေးမှူးချုပ်နဲ့ ဘားအံခရိုင် ဥက္ကဋ္ဌတို့ရဲ့ ကွဲလွဲမှုကို အကြမ်းဖက်(စကစ)စစ်အုပ်စုက ခြေမြန်လက်မြန်ပဲ အသုံးချပါတယ်။ ဘားအံခရိုင်ဥက္ကဋ္ဌ ပဒိုစောအောင်မော်ဧ လက်မှတ်ရေးထိုးထားတဲ့စာထဲက အချက်အလက်တွေကို ကောက်နုတ်ဖော်ပြပြီး သတင်းအဖြစ်သော်လည်းကောင်း၊ သတင်းစာအာဘော်ထဲ တွင် လည်းကောင်း ထည့်သွင်းရေးသား ဖြန့်ထုတ်ပါတော့တယ်။

အဲဒီနောက်မှာတော့ (၁၂-၁၀-၂၀၂၃)နေ့မှာတော့ NCA စာချုပ်မှာ ပါဝင်လက်မှတ်ရေးထိုးထားကြတဲ့ (ABSDF – CNF – KNU) ၃ဖွဲ့ ပူးတွဲကြေညာချက် ထုတ်ပြန်လာပါတယ်။ ၃ဖွဲ့ရဲ့ ပူးတွဲကြေညာချက်ထဲမှာလည်း (NCA) စာချုပ် အပေါ် မိမိတို့ဘက်က တိကျပြတ်သား ရှင်းလင်းတဲ့သဘောထားတာ ပါရှိမလာဘဲ “(NCA)စာချုပ် (၈)နှစ်ပြည့်ပွဲ” ကို အဓိကဦးတည် ဆန့်ကျင်ထားတာကိုသာ တွေ့ရှိရပါတယ်။

ကျန်တဲ့အချက်အလက်တွေက “တွေ့ဆုံဆွေးနွေးပွဲတွေ မတိုင်ခင်မှာ” မိမိရည်မှန်းချက်နဲ့ ရပ်တည်ချက်ကို တစ်ဖက်ကို အသိပေးတဲ့ “ဘုံနိုင်ငံရေးရည်မှန်းချက် – ဘုံနိုင်ငံရေး ဦးတည်ချက်များ”ကို သူတို့ ၃ဖွဲ့က တူညီစွာ စွဲကိုင်ထားကြောင်း ထုတ်ဖော်ကြေညာတာလို့ပဲ နားလည်ရပါတယ်။

ဒုတိယပိုင်း (ဘယ်သူတွေ တက်ရောက်ကြသလဲ/ ဘယ်သူတွေ မတက်ရောက်ကြဘူးလဲ) အကြမ်းဖက် (စကစ) စစ်အုပ်စုထိပ်သီး မင်းအောင်လှိုင်က သူ့ပွဲကို တက်ရောက်လာကြဖို့ ပြည်တွင်း ပြည်ပက သက်ဆိုင်သူများထံ တယ်လီဖုန်းနဲ့လည်း ဖိတ်တယ်၊ စာရေးပြီးလည်း ဖိတ်တယ်လို့ ဆိုပါတယ်။

သူတို့ ရုပ်သံသတင်းတွေ၊ သတင်းစာတွေထဲမှာ သက်ဆိုင်ရာ အဖွဲ့အစည်းအမည်၊ လူပုဂ္ဂိုလ်အမည်ကို အတိအ လင်း ထည့်သွင်းဖော်ပြမထားဘူးဆိုရင်တော့ မတက်ဘူးလို့ပဲ သုံးသပ်ရမှာပါ။ အကြောင်းပြချက် အမျိုးမျိုးက တော့ မကောင်းတတ်လို့ နည်းမျိုးစုံနဲ့ပေးကြမှာပါပဲ။

ဘယ်သူတွေ မတက်ဘူးလဲဆိုတော့ (NCA)စာချုပ်မှာ ပြည်ပအသိသက်သေအဖြစ် ပါဝင်လက်မှတ် ရေးထိုးကြတဲ့ ပြည်ပနိုင်ငံတွေ၊ အဖွဲ့အစည်းတွေအနက် “ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂနဲ့ ဂျပန်နိုင်ငံ” တို့ တက်ရောက်တာ မတွေ့မိ ပါဘူး။ တရုတ်၊ အိန္ဒိယနဲ့ ထိုင်းနိုင်ငံက ကိုယ်စားလှယ်တွေပဲ တက်ရောက်ပါတယ်။

(NCA)စာချုပ်မှာ ပါဝင်လက်မှတ်ရေးထိုးထားကြတဲ့ [(NCA)စာချုပ်ရဲ့ အဓိကဖက်လို့ ဆိုနိုင်တဲ့] တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း (EAO) ၁၀ ဖွဲ့ အနက် (ABSDF – CNF – KNU)တို့ ၃ဖွဲ့ မတက်ရောက်ပါဘူး။ ကျန်တဲ့ ၇ဖွဲ့ထဲမှာလည်း NMSP-မွန်ပြည်သစ်ပါတီက အဓိကတာဝန်ရှိသူတွေကိုလည်း ကျနော်တော့ မတွေ့မိပါဘူး။

‘ဝ’ အဖွဲ့နဲ့ မိုင်းလားအဖွဲ့တို့လည်း မတက်ပါဘူး။ KIO/KIA လည်း မတက်ပါဘူး။

လူပုဂ္ဂိုလ်အနေနဲ့တော့ ကြံ့ဖွံ့ပါတီက ဒုတိယသမ္မတ(ဟောင်း)တွေဖြစ်တဲ့ စိုင်းမောက်ခမ်းနဲ့ ဦးဉာဏ်ထွန်း၊ ပြည် သူ့လွှတ်တော် ဥက္ကဋ္ဌ(ဟောင်း) ဦးရွှေမန်းတို့ တွေ့ရပေမယ့်။ တကယ်တက်ရမယ့် သမ္မတဟောင်း ဗိုလ်/ဦးသိန်းစိန် တော့ မတွေ့မိပါဘူး။ တချို့က မင်းအောင်လှိုင်လုပ်ရပ်တွေကို သဘောမတူလို့ ဦးသိန်းစိန်က မတက်လေဟန် သုံး သပ်ကြပါတယ်။ ကျနော့်အမြင်ကတော့  ‘ကျန်းမာရေးကြောင့်’ လို့ပဲ ထင်ပါတယ်။ NCA ပွဲစားတွေ၊ အလံရှူး တွေ၊ တောခြောက်သူတွေကိုတော့ ဟိုတစ်ကွက် ဒီတစ်ကွက် ပြသရာမှာ ဖျပ်ခနဲ တွေ့ရပါတယ်။

(NCA)စာချုပ် (၈)နှစ်ပြည့်ပွဲမှာ (NCA)စာချုပ်မှာ လက်မှတ်ရေးထိုးထားသည့် ကရင်တိုင်းရင်းသားခေါင်းဆောင် စောမူတူးစေးဖိုးနဲ့ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်တို့နဲ့ တွဲပြီး မင်းအောင်လှိုင်က သူ့ကိုယ်သူ အစွံထုတ်ဟန်တူပါတယ်။

မင်းအောင်လှိုင်က သူ့ပွဲမှာ သူပဲ အရင်ဆုံး မိန့်ခွန်းပြောပါတယ်။ သူပြီးတော့မှ စောမူတူးစေးဖိုး၊ ဗိုလ်ချုပ်ကြီး ယွက်စစ်တို့က “ဂုဏ်ပြုစကား” ပြောခွင့်ရပါတယ်။ အဲဒီနောက်မှာ တရုတ်၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံက ပုဂ္ဂိုလ် ၃ဦးက အသီးသီး “ဂုဏ်ပြုစကား” ပြောကြားကြရပါတယ်။

အဲဒီနောက်မှာတော့ “(NCA)စာချုပ် လက်မှတ်ရေးထိုးခဲ့သည့် ပြည်တွင်းအသိသက်သေများ၏ ကိုယ်စား လှယ်” အဖြစ် ပြည်ထောင်စုဝန်ကြီး(အငြိမ်းစား) ဦးအောင်မင်းကို “ဂုဏ်ပြုစကား” ပြောစေပါတယ်။

စောမူတူးစေဖိုးကတော့ (စကစ)စစ်အုပ်စုက ကြိုတင် ရေးသားပေးထားတဲ့ မိန့်ခွန်းကိုပဲ တက်ရောက်ဖတ် ကြား သွားရရှာတဲ့ ပုံပါပဲ။ သူ့မိန့်ခွန်းထဲမှာ ကရင်ပြည်သူတွေရဲ့ ဆန္ဒနဲ့အသံ ပါရှိမလာတာကို သတိပြုမိပါတယ်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်ရဲ့ ပြောကြားချက်ထဲမှာတော့ အောက်ပါအချက် ၂ချက်တော့ သတိပြုမိပါတယ်။

– “မိမိတို့ ပြည်ထောင်စုကြီးဟာ လွတ်လပ်ရေးရပြီးကတည်းက ပြည်တွင်းစစ်ဖြစ်ပွားကာ တိုင်းပြည် မငြိမ်း မချမ်း ဖြစ်ခဲ့ရပါတယ်။ လက်ရှိကာလမှာလည်း နိုင်ငံရေးအကျပ်အတည်းနဲ့ ရင်ဆိုင်နေရသည့်အပြင် စီးပွား ရေးနှင့် လူမှုရေးကဏ္ဍ များမှာလည်း ဘက်ပေါင်းစုံ အခက်အခဲများကို ပြည်သူလူထုတစ်ရပ်လုံး ဒုက္ခများစွာ ရင်ဆိုင်နေရပါတယ်။ ယနေ့ တိုင်းပြည်ဟာ စစ်ရေးပဋိပက္ခရဲ့ နောက်ဆက်တွဲအကျိုးဆက်များကို ရင်ဆုံကြုံ တွေ့နေရပြီး တိုင်းပြည်ရဲ့ ဘက်ပေါင်းစုံ အကျပ်အတည်းကို ပိုမိုပြီး ဆိုးရွားသထက် မဆိုးရွားလာစေရန် ဝိုင်း ဝန်းပြီး အဖြေရှာကြရမည့် အချိန်ရောက်ပြီလို့ တိုက်တွန်းနှိုးဆော်လိုပါတယ်။

– သူ့မူကိုယ်မူ အသေစွဲကိုင်နေကြမယ်ဆိုရင် လက်ရှိ နိုင်ငံရေးအကျပ်အတည်းကို ကျော်လွှားနိုင်မှာ မဟုတ်ပါ ဘူး။ ကြိုတင်စည်းကမ်းသတ်မှတ်ချက်များ မပါရှိတဲ့ ဆွေးနွေးညှိနှိုင်းခြင်းကသာ ပြည်ထောင်စုကြီးရဲ့ ထွက်ရပ် လမ်း ဖြစ်ပါတယ်။ နိုင်ငံတကာမိသားစုကြီးကိုလည်း မိမိတို့တိုင်းပြည်ရဲ့ အကျပ်အတည်းကိုပါဝင်ပြီး အဓိပ္ပါယ် ပြည့်ဝတဲ့ နိုင်ငံရေး ဆွေးနွေးပွဲများဖြင့် ဆွေးနွေးအဖြေရှာသွားနိုင်ရေး ပံ့ပိုးကူညီကြဖို့ အဆိုပြုတိုက်တွန်း လိုက် ပါတယ်။

ပြည်ပအသိသက်သေတွေ ကိုယ်စား ပြောဆိုကြတဲ့ (တရုတ်၊ အိန္ဒိယ၊ ထိုင်း)နိုင်ငံတို့က ကိုယ်စားလှယ်တွေရဲ့ အဓိက အလေးထား ပြောကြားချက်ကတော့ ညှိနှိုင်းဆွေးနွေး အဖြေရှာကြဖို့ဆိုတာကို မိမိအကျိုးစီးပွား အထိုင် ပေါ်ကနေ သံတမန်ဆန်ဆန် ပြောကြားသွားကြတဲ့ သဘောမျိုးပါပဲ။ သိပ်ထွေထွေထူးထူး မပါရှိပါဘူး။

မင်းတို့ချင်း အခုလို ကြာရှည်ကြာများ တိုက်ခိုက်နေကြတော့ ငါတို့အတွက် ပိုပြီး တွက်ခြေကိုက်တာပေါ့ကွာ ဆို တဲ့ ပကတိဖြစ်ရပ်ကိုတော့ ဘယ်သံတမန်ကမှ ပြောမှာမဟုတ်ပါဘူး။ မင်းတို့ချင်း တိုက်ကြခိုက်ကြလို့ ငါတို့ နယ်နိမိတ်ထဲ ကျွံဝင်လာတဲ့ စစ်ဘေး ဒုက္ခသည်တွေကိစ္စ၊ မူးယစ်ဆေးနဲ့ အခြားရာဇဝတ်မှုခင်းဆိုင်ရာ ကိစ္စတွေ ကိုတော့ ဒီလိုစင်မြင့်ပေါ်မှာ အိမ်ရှင်မျက်နှာ ပျက်အောင် ဘယ်သံတမန်က ထည့်ပြောမှာလဲ။

ပြည်ထောင်စုဝန်ကြီး (အငြိမ်းစား) ဦးအောင်မင်းက ဘာတွေပြောသလဲ ကြည့်ကြပါအုံးစို့။

တကယ်တော့ ဗိုလ်/ဦးအောင်မင်းဟာ ၂၀၀၈ အခြေခံဥပဒေကျုံးထဲ/ NCA ပိုက်ကွန်ထဲ ပါဝင်လာအောင် အဖွဲ့ အစည်းအမျိုးမျိုး၊ လူပုဂ္ဂိုလ်အသီးသီးကို ပရိယာဝေဝုစ်မျိုးစုံ၊ အပေးအကမ်းမျိုးစုံနဲ့ ပါဝင်လာအောင် အရေးပါ တဲ့ အခန်းကနေ သိမ်းသွင်းမြှူဆွယ်ခဲ့တဲ့ စစ်အုပ်စုရဲ့ တကယ့်ဇာတ်ကောင်တစ်ကောင်ပါပဲ။ သူကတော့ သူတို့ ဘယ်လို လှည့်စား ကျုံးသွင်းခဲ့ပုံတွေကို ပြန်ပြီး ချေးခြောက်ရေနှူးပြတာနဲ့ မင်းအောင်လှိုင်ရဲ့ (၁၀-၉-၂၀၂၃) လား ရှိုးခရီးမှာ ပြောတဲ့အထဲ က (စကစ)စစ်အုပ်စုက အဓိက ထုတ်ဖော်လိုတဲ့အချက် ၂ချက်ကိုပဲ ပြန်လည် ပဲ့တင်ထပ် တာပါ။ အောင်မင်းပြောတဲ့ လိုရင်း ၂ချက်ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

– “ကမ္ဘာ့ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာမှ အသိသက်သေများ၊ ပြည်တွင်းအသိသက်သေများ ရှေ့မှောက်တွင် ခမ်းနားထည်ဝါစွာ လက်မှတ်ရေးထိုးခဲ့ကြတယ်။ (Union Accord)အဖြစ် ပြည်ထောင်စုလွှတ်တော်က အတည် ပြုပေး ထားသည့် သမိုင်းဝင်စာချုပ်ဖြစ်ပြီး မည်သည့်အချိန်မှ ပျက်ပြယ်မှုမရှိ တည်ရှိနေမည့်စာချုပ် ဖြစ်တယ်။

– တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ NCA စာချုပ်ပေါ်တွင်သာ ခိုင်ခိုင်မာမာ ရပ် တည်ဆောင်ရွက်သွားမည်ဖြစ်တယ်။”

တတိယပိုင်း (မင်းအောင်လှိုင် ဘာတွေပြောသလဲ)

သုံးသပ်တင်ပြချက် သိပ်ကိုရှည်လျားသွားနိုင်တာမို့ မင်းအောင်လှိုင်ပြောသွားတဲ့ မိန့်ခွန်းထဲက လိုရင်းအချက် တချို့ကိုပဲ ကွက်ပြီး သုံးသပ်တင်ပြပါ့မယ်။

ဦးစွာအားဖြင့် မင်းအောင်လှိုင် ဝန်ခံပြောကြားထားတဲ့ အချက်ကနေ စပါမယ်။

– “ကျွန်တော်တို့နိုင်ငံမှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို သုံးသပ်ကြည့်ရင်လည်း လွတ်လပ်ရေးရပြီးခါစ လက်နက် ကိုင်ပဋိပက္ခများ ဖြစ်ပေါ်ခဲ့တဲ့ အခြေအနေမျိုးဖြစ်နေတာလည်း တွေ့ရှိရပါတယ်။”

မင်းအောင်လှိုင်က သူကြုံနေရတဲ့ အခြေအနေက ၁၉၄၈ – ၄၉ခုနှစ် ကာလတဝိုက်မှာ ဝန်ကြီးချုပ်ဦးနု (ဖဆပလ အစိုးရ) ကြုံရတဲ့အဖြစ်မျိုးကို ရည်ညွှန်းတယ်နဲ့ တူပါတယ်။ အဲဒီကာလအခြေအနေတွေကို ထိုစဉ်က ပြည် တွင်းပြည်ပ စာနယ်ဇင်းတွေက “ရန်ကုန်အစိုးရ”လို့ ကင်ပွန်းတပ်ခဲ့ကြတယ် မဟုတ်လား။ အခုလည်း မင်းအောင် လှိုင် တို့ “အိမ်စောင့်အစိုးရ”ဟာ “နေပြည်တော် အစိုးရ”လို့ နာမည်ပေးရအောင် ဖြစ်နေပြီလား။ ဒါမှမဟုတ် (စကစ) စစ်အုပ်စုကို တောင်ပေါ်မြေပြန့်မကျန် အင်အားစုအသီးသီးက ဝိုင်းတိုက်တာကို ခံနေရတဲ့ လက်ရှိအနေ အထားကို နဲနဲချဲ့ကား ဖော်ပြတာများလား။ တောင်ပေါ်မြေပြန့် အင်အားစုများကလည်း လိုအပ်တဲ့ အတိုင်းအတာ တစ်ခုအထိ စုစည်းညီညွတ်၊ ချိန်ကိုက်လှုပ်ရှား တိုက်ခိုက်နေနိုင်သေးတာတော့လည်း မဟုတ်သေးပါဘူး။ သက်ဆိုင်ရာဒေသနဲ့ နယ်ပယ်အလိုက် သူတမျိုး/ငါတဖုံနဲ့ ကိုယ့်လမ်းကိုယ်သွားနေကြတုန်းပါ။

နောက်တစ်ချက်ကတော့ “NCA စာချုပ်နဲ့ ၂၀၀၈ အခြေခံဥပဒေ အဆက်အစပ်ဆိုင်ရာကိစ္စ”ပါပဲ။ မင်းအောင် လှိုင်က အခုလို ပြောတယ်။

– NCA စာချုပ်ဟာ နိုင်ငံတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား ကတိကဝတ်ပြု သဘောတူညီချက် သဘောတူစာချုပ် ဖြစ်ပါတယ်။ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကတော့ နိုင်ငံတော်နဲ့ နိုင်ငံသူ၊နိုင်ငံသား တိုင်း ရင်းသားပြည်သူလူထု တစ်ရပ်လုံးအကြား အာမခံချက်ပေးထားတဲ့ ဥပဒေဖြစ်ပါတယ်။ အဖွဲ့အစည်း ၂ခုအကြား သဘောတူ ညီချက် ကတိကဝတ်ဟာ နိုင်ငံသူ၊နိုင်ငံသား တိုင်းရင်းသားပြည်သူလူထုအားလုံးအပေါ်မှာ ထားရမယ့် သဘောတူညီ ချက်၊ အာမခံချက်ပြုထားတဲ့ ဥပဒေအပေါ်မှာ လွှမ်းမိုးဖို့ မသင့်ပါဘူး။

– ဆိုလိုတာက NCA ကို အလေးအနက်ထားရမှာဖြစ်ပေမယ့် NCA စာချုပ်ကနေတစ်ဆင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင် ရေးအတွက် ဆောင်ရွက်ရာမှာ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များအတိုင်း ဆောင်ရွက်သွားကြ ရမှာ ဖြစ်ပါတယ်။

– ဒါ့ကြောင့်လည်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ ထင်မြင်ချက်၊ ယူဆချက်၊ လိုလားချက်တွေ ကို တူညီ ဆန္ဒများအဖြစ် စုစည်းဆွေးနွေးနေတာ ဖြစ်ပါတယ်။ ဒီအထဲက အခြေခံဥပဒေကို ပြင်ဆင်ရမယ့် အချက်များ ပါလာရင် နောင်ဖြစ်ပေါ်လာမယ့် လွှတ်တော်အသီးသီးကတစ်ဆင့် အဆုံးအဖြတ်ကို ခံယူဆောင် ရွက်သွားရမှာပဲ ဖြစ်ပါတယ်။

မင်းအောင်လှိုင်ရဲ့ ဒီပြောဆိုချက်က ပထမအချက်အနေနဲ့ ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေးဟာ ငါတို့ စစ်အုပ် စုရဲ့မူအတိုင်းပဲ ပြင်ဆင်နိုင်ခွင့်ရှိမယ်။ အခြားနည်းလမ်းနဲ့ ပြင်ဆင်ခွင့်မရှိဘူးလို့ ယတိပြတ်ပြောလိုက်တာပါ။ ဒုတိယအ ချက်အနေနဲ့ လွှတ်တော်ထဲဝင်ပြီးမှသာ အခြေခံဥပဒေပြင်ဆင်ရေး လုပ်ဆောင်လို့ရမယ်။ “လွှတ်တော်ပြင်ပနည်း”နဲ့ NCA မှာ ရရှိလာတဲ့အတိုင်း ၂၀၀၈ အခြေခံဥပဒေကို အရင်ပြင်ပြီးမှ အထွေထွေ ရွေး ကောက်ပွဲ ပြုလုပ်ဆိုတဲ့ နည်းလမ်း ကို စစ်အုပ်စုက လက်မခံဘူးလို့ အပြတ်ပြောတာပါ။ တနည်းအားဖြင့် ဒီချုပ် ပါတီနဲ့ အခြားပါတီတွေ ဆောင်ရွက်ခဲ့ဖူးတဲ့ “ဝင် – ပြင် လမ်းကြောင်း”ထဲ နောက်တစ်ကြိမ် ပြန်ပြီးထိုးထည့် တာပါ။ လောလောလတ်လတ် ခဲမှန်ဖူးပြီးသားမို့ အကျယ်တဝင့် သုံးသပ်မပြတော့ပါ။

ကျနော်တို့အင်အားစုတွေက “စစ်အုပ်စု – စစ်အစိုးရ – စစ်အာဏာရှင်စနစ်နဲ့ ၂၀၀၈ အခြေခံဥပဒေ အကုန်အ စင် ဖျက်သိမ်းရေး” ဆိုတဲ့ နိုင်ငံရေးအဆင့်ကို တက်လှမ်းသွားနေကြပြီမို့ “၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေးဆိုတဲ့ အရေးနိမ့်ခဲ့ပြီးဖြစ်သောလမ်းဟောင်း”ကို နောက်တစ်ကြိမ် ထပ်ပြီးပြန်လျှောက်ဖို့ အကြောင်းမရှိတော့ဘူးလို့ ယူဆပါ တယ်။

အခြားတစ်ချက်ကတော့ “နယ်မြေဒေသ အခြေခံတဲ့ဖက်ဒရယ်” နဲ့ “ကွန်ဖက်ဒရေးရှင်း” ကိစ္စတို့ပါပဲ။ သူ့အ ပြောကို မူရင်းအတိုင်း အရင်ဆုံး ကောက်နုတ်ဖော်ပြပါ့မယ်။

– တိုင်းရင်းသားလူမျိုးစုများ များပြားလှတဲ့ ကျွန်တော်တို့နိုင်ငံအနေနဲ့ ဖက်ဒရယ်စနစ်ကို ကျင့်သုံးရာမှာ လူမျိုးကို အခြေခံ တဲ့ ဖက်ဒရယ်စနစ်ထက် နယ်မြေဒေသကိုအခြေခံတဲ့ ဖက်ဒရယ်စနစ်ကို အကောင်အထည်ဖော်ဖို့ လိုပါ တယ်။

– ဒါမှသာ ကွန်ဖက်ဒရေးရှင်းဆိုတဲ့ ကွဲပြားခြားနားမှုကို အားပေးတဲ့၊ ပြည်ထောင်စုပြိုကွဲခြင်းကို ဦးတည်သွား စေနိုင်မယ့် ကိစ္စတွေကို ရှောင်ရှားနိုင်မှာလည်း ဖြစ်ပါတယ်။

ဒီပြောဆိုချက်က လူမျိုးကို အခြေခံတဲ့ဖက်ဒရယ်နဲ့ ကွန်ဖက်ဒရေးရှင်းကို လက်မခံဘူးလို့ (စကစ)စစ်အုပ်စုက အတိအလင်းပြောတာပါ။ ခက်နေတာ အချို့သော “တိုင်းရင်းသားဆိုသူတွေ”က “ဖက်ဒရယ်”ဆိုတာ စစ်အုပ်စု ကပေးမှ သာ ရနိုင်တယ်။ ၂၀၀၈ အခြေခံဥပဒေထဲကနေ ရနိုင်တယ်၊ စစ်အုပ်စုနဲ့ အပေးအယူ လုပ်နိုင်ရင် ရနိုင် တယ်လို့ ထင်မှတ်မှားနေကြတဲ့ ကိစ္စပါပဲ။

တချို့ကျပြန်တော့လည်း “ဖက်ဒရယ်”ကိစ္စကို အခုမှ (စကစ)စစ်အုပ်စုကို သူလိုငါလို တိုက်နေကြသူအချင်း ချင်း၊ ဘာမှတစ်ခုမှ မရရှိကြသေးသူအချင်းချင်း အခုကတည်းက အပေးအယူတွေ၊ အနှောင်အဖွဲ့တွေ၊ စာချုပ်တွေ၊ ပဋိဉာဉ်ဆိုတာတွေနဲ့ အပိုင်၊အသေ ချည်တုပ်ထားချင်တဲ့ နည်းလမ်းမျိုး ဖြစ်နေကြပြန်ပါတယ်။ မခက်ပေ ဘူး လားဗျာ တို့။

စစ်အုပ်စု – စစ်အစိုးရ – စစ်အာဏာရှင်စနစ်နဲ့ ၂၀၀၈ အခြေခံဥပဒေတို့ကို အကုန်အစင် မဖျက်သိမ်းနိုင်သေးသ မျှ ဘာဖက်ဒရယ်၊ ဘာဒီမိုကရေစီမှ မတည်ဆောက်နိုင်၊ မရရှိနိုင်ပါဘူး။

မင်းအောင်လှိုင်တို့ (စကစ)စစ်အုပ်စုက အခုနောက်ပိုင်းမှာ ပါးစပ်နေ တဖောင်ဖောင် ပြောလာနေတဲ့ “နယ်မြေ ဒေသကို အခြေခံတဲ့ ဖက်ဒရယ်စနစ်” ဆိုတာ “၂၀၀၈ အခြေခံဥပဒေ”ကို စကားလုံးတစ်မျိုးနဲ့ တစ်ဖက်လှည့် ပြောတာပါ။ မျက်စေ့လည်စရာ၊ နားယောင်စရာ ဘာအကြောင်းမျှ မရှိပါဘူး။

၂၀၀၈ အခြေခံဥပဒေကို အခြေခံလောက် လေ့လာဖူးသူတိုင်း မြင်နိုင်သိနိုင်ပါတယ်။ ကျွန်တော်တို့ တိုင်းပြည် ကို ၂၀၀၈ အခြေခံဥပဒေထဲမှာ “ပြည်နယ် ၇ခု၊ တိုင်းဒေသကြီး ၇ခုနဲ့ ဖွဲ့စည်းထားတယ်” မဟုတ်လား။ “ရှိရင်းစွဲ တိုင်း ဒေသကြီး ၇ခု” ဆိုတာဟာ လူမျိုးကိုအခြေမခံဘဲ “ဒေသကို အခြေခံထားတဲ့ ဖက်ဒရယ် ယူနစ်တွေ” ပါပဲလို့ စစ်အုပ်စုက ပြောလိုက်တာပါ။

တစ်နည်းအားဖြင့် “၂၀၀၈ အခြေခံဥပဒေ” ဆိုတာ ဒေသကိုအခြေခံတဲ့ ဖက်ဒရယ်ဖွဲ့စည်းပုံ အခြေခံဥပဒေ ပါပဲလို့ မင်းအောင်လှိုင်တို့ (စကစ)စစ်အုပ်စုက ဗြောင်အကျဆုံး လိမ်ညာလှည့်ဖြားလိုက်တာပါ။ ဒီနည်းနဲ့ လူမျိုးစုတွေ အစဉ်အဆက် တောင်းဆိုနေကြတဲ့ “၈ပြည်နယ်”ကိစ္စနဲ့ “ဗမာပြည်နယ် ဖွဲ့စည်းရေး” ကိစ္စကို စစ်အုပ်စုက ဘေးပို့ ပစ် လိုက်တာပါ။

ပြန်ကြည့်ပါ။ ၂၀၀၈အခြေခံဥပဒေအရ ခွဲဝေပေးထားတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဆိုတာတွေဟာ အများအားဖြင့် ရှမ်း(သျှမ်း)ပြည်နယ်ကြီးကို ဖရဲသီးစိတ်သလို ခွဲစိတ်ပြီးပေးထားတာ မဟုတ်ပါလား။ ရှမ်းပြည်နယ်ထဲမှာ (ဓနု၊ ပအိုဝ်း၊ ပလောင်၊ ကိုးကန့်၊ ဝ)တို့ဖြစ်ပြီး စစ်ကိုင်းတိုင်း ဒေသကြီးထဲ မှာတော့ “နာဂ” တစ်ခုပဲ ရှိပါတယ်။

မင်းအောင်လှိုင်တို့ (စကစ)စစ်အုပ်စုရဲ့ “နယ်မြေဒေသကို အခြေခံတဲ့ ဖက်ဒရယ်စနစ်”ကိုသာ ဆက်လက် အကောင်အထည်ဖော်လို့ကတော့ ရှိရင်းစွဲပြည်နယ်တွေထဲမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း (သို့မဟုတ်) ဒေသ တွေ ပေါ်လာစရာ ရှိတယ်။

မဆိုစကောင်းဆိုစကောင်း ဆိုကြပါစို့ရဲ့။ လက်ရှိ ကယားပြည်နယ်ထဲမှာ ကယန်းလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ပေးမယ်ဆိုရင် ကယားပြည်နယ်ကို အဓိကခွဲစိတ်မှာဖြစ်ပြီး ရှမ်းပြည်နယ်နဲ့ မန္တလေးတိုင်းဒေသကြီးထဲက ကယန်းရွာတချို့ကို ပေါင်းထည့်ပေးမှာလား။ ဒီအခါမှာ ဘာတွေဖြစ်လာမလဲ။ အတူတကွ နေထိုင်လာတဲ့လူမျိုး တွေ ရန်ဖြစ်ကြရမှာလား။ ကချင်ပြည်နယ်ထဲမှာရော ဒီလိုမျိုး တောင်းဆိုမှုတွေဖြစ်လာရင် ဘယ့်နှယ်လုပ်ကြ မလဲ။ တွေးကြည့်တာနဲ့တင် ရင်လေးစရာတွေချည်းပါ။

“ကွန်ဖက်ဒရေးရှင်း” လို့ မဝံ့သလိုလို၊ ဝံ့သလိုလို ပြောနေသူတွေလည်း အသေအချာ စဉ်းစားကြည့်ကြဖို့ပါ။

လက်ရှိပြည်တွင်းပြည်ပ အခြေအနေတွေ၊ မိမိတို့ရဲ့အမြော်အမြင်၊ မိမိတို့ရဲ့တိုင်းချစ်ပြည်ချစ်စိတ်၊ မိမိတို့ ကိုယ် စားပြုထားတဲ့ လူမျိုးပြည်သူများရဲ့ နေ့စဉ်ဘဝ စသဖြင့် အဖက်ဖက်ကနေ ချင့်ချိန်စဉ်းစားကြရမှာ မဟုတ်ပါ လား။

သုံးသပ်တင်ပြခဲ့သမျှကို ခြုံငုံပြီး နိဂုံးချုပ်ရရင် မင်းအောင်လှိုင် ဦးစီးတဲ့ (စကစ)စစ်အုပ်စုက ပြောနေတဲ့ ကမ်း လှမ်းနေတဲ့ ၂၀၀၈ အခြေခံဥပဒေဘောင်ထဲကနေ ဖော်ဆောင်မယ်ဆိုတဲ့ “နယ်မြေဒေသကို အခြေခံမယ့် ဖက်ဒ ရယ်စနစ်” ကို လက်ခံမလား သို့တည်းမဟုတ် (စကစ)စစ်အုပ်စု – စစ်အစိုးရ – စစ်အာဏာရှင်စနစ်နဲ့ ၂၀၀၈ အခြေခံ ဥပဒေတို့ကို အကုန်အစင် ဖျက်သိမ်းပြီး အခြေခံပေါ်မှာ မိမိတို့အင်အားစုများအချင်းချင်း တန်းတူ ရည်တူ၊ ဒီမိုကရေစီနည်းကျ အပေးအယူရှိရှိ ညှိနှိုင်းပုံဖော် တည်ဆောက်နိုင်မယ့် တကယ့်ပြည်ထောင်စုစစ်စစ်ကို တည်ဆောက်ကြမလား ဆိုတဲ့ လမ်းဆုံလမ်းခွကို ရောက်နေပါပြီ။

တကယ်တော့ ကျနော်တို့ဘက်က “NCA ပျက်ပြယ်ပြီ” လို့ဆိုတာဟာ စကစ ဘုံရန်သူကို ထိုးနှက်တာပါပဲ။ သို့ သော်လည်း ရန်သူက မတုန့်ပြန်မီ ကျနော်တို့အချင်းချင်းအကြား (အထွေထွေအတွင်းရေးမှူးနဲ့ ဘားအံခရိုင် ဥက္ကဋ္ဌ အကြား) အငြင်းပွားနေကြရတယ်။

၃ဖွဲ့ ပူးတွဲကြေညာချက်ထဲက အချက်အမှတ် ၂ – ၃ – ၄ တို့မှာ ရေးသားဖော်ပြထားပေမယ့် ABSDF ဒုတိယ ဥက္ကဋ္ဌ နဲ့ အခြား ၂ဦးက “NCA စာချုပ် (၈)နှစ်ပြည့်ပွဲ” တက်ရောက်လို့ သူတို့ ၃ဦးကို သူတို့သက်ဆိုင်ရာ အဖွဲ့အစည်းက “အရေးယူ/ သတိပေးတယ်”လို့ ထုတ်ပြန်ရတယ်။ ဒီတော့ “NCA ပျက်ပြယ်ပြီ” ဆိုတာနဲ့ ပတ်သက်ပြီး ကျနော်တို့ အချင်းချင်းအကြားမှာ အမြင်နဲ့သဘောထားက တညီတညွတ်တည်း မရှိကြဘူး။ ဦးနင်း ပဲ့ထောင် ဖြစ်နေကြ တယ်။ ကွဲလွဲမှုတွေ ရှိနေတာဆိုတာ ကိုယ့်အထုပ် ကိုယ်ဖြေပြသလို ရပ်ကျော်ရွာသိ ဖြစ်ကုန်ကြရပါတော့တယ်။

မင်းအောင်လှိုင်တို့ (စကစ) စစ်အုပ်စုကလည်း ပြည်တွင်းပြည်ပ အကျပ်အတည်းတွေ မျိုးစုံဆိုက်နေသလို ကျနော်တို့ အင်အားစုတွေမှာလည်း ကိုယ့်စိန်ခေါ်မှုတွေနဲ့ကိုယ်ပဲ မဟုတ်ပါလား။ ရန်သူ့အကျပ်အတည်းကို အသုံး ချနိုင်ဖို့ဆိုတာ ကိုယ့်အတွင်းပိုင်းက၊ ကိုယ့်အချင်းချင်းအကြားက စိန်ခေါ်မှုတွေကို သင့်တော်စွာ ဖြေရှင်းနိုင်ဖို့ နား လည်မှုရှိရှိ ဖြေရှင်းနိုင်ကြဖို့ သိပ်ကို လိုအပ်ပါတယ်။ ဒီလိုမှ မဟုတ်ရင်တော့ ကျနော်တို့အကြားက စိန်ခေါ်မှုနဲ့ ကွဲလွဲမှုတွေကို ရန်သူက အသုံးချပြီး သူ့အကျပ်အတည်းကို ဖြေရှင်းကာ ထွက်ပေါက်ရသွားပါလိမ့်မယ်။

ကိုးကား –

– သက်ဆိုင်ရာအဖွဲ့အစည်းများက တရားဝင်ထုတ်ပြန်သော ကြေညာချက်များ

– KNU–DOI နှင့် RISE တို့က စုစည်းထုတ်ဝေတဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် ဖော်ဆောင်မှုအဆင့် ဆင့်မှတ်တမ်း၊ ဒုတိယအကြိမ် ၂၀၁၆ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၁ ရက်။

– (စကစ) စစ်အုပ်စုက နေ့စဉ် ထုတ်ဝေသော သတင်းစာများ

– အခြေခံဥပဒေ (၂၀၀၈ ခုနှစ်)

October 23, 2024
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ ဖားအံခရိုင်၊ တပ်မဟာ (၇) နယ်မြေအတွင်းရှိ ကရင်အမျိုးသား...
October 22, 2024
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA (ဗဟို)ဌာနချုပ်အနီးဝန်းကျင်ကို ယနေ့  (အောက်တိုဘာ ၂၂...
October 22, 2024
စစ်ကောင်စီတပ်၏  မြဝတီမြို့တောင်ဘက် လေးကေ့ကော်ဒေသ စွယ်တော်အမြောက်ကုန်း အပါအဝင်စစ်စခန်း ၄ ခု...
October 21, 2024
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်၊ သေ့ဘောဘိုးဒေသ၊ ဘလယ်ဒိုကျေးရွာရှိ ကာကင်းစခန်း ၃ ခုကို ...