ကန်တော်ယန်အထိုင် တပ်စခန်းကို သိမ်းပိုက်လိုက်ပြီလို့ KIO ပြန်ကြားရေး ဗိုလ်မှူးကြီးနော်ဘူပြော

ကန်တော်ယန်အထိုင် တပ်စခန်းကို သိမ်းပိုက်လိုက်ပြီလို့ KIO ပြန်ကြားရေး ဗိုလ်မှူးကြီးနော်ဘူပြော

ကချင်ပြည်နယ်၊ မြစ်ကြီးနား - ဗန်းမော်လမ်းမပေါ် ရှိ စစ်ကောင်စီတပ်ရဲ့ ကန်တော်ယန် (Gangdau Yang) ဗျူဟာ ကုန်း အထိုင်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က သိမ်းပိုက်လိုက်ပြီ ဖြစ်တယ်လို့ KIO သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး အင်ဖန်နော်ဘူ က ပြောပါတယ်။

အဲ့ဒီ ကန်တော်ယန် အထိုင်စခန်းဟာ ဆယ်စုနှစ်တစ်စုကြာ တပ်စွဲနေထိုင်ထားတဲ့ စစ်ကောင်စီရဲ့ စခန်းဖြစ်ပြီး အောက်တိုဘာလ ၃၁ ရက်နေ့ (ဒီနေ့) မနက်အစောပိုင်းမှာ KIA က သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

“ကန်တော်ယန်ကို သိမ်းလိုက်ပြီဆိုတာ မှန်တယ်။ အခုဂျာထရွာမှာ စစ်တပ်က လေကြောင်းနဲ့ပစ်လို့ ပြည်သူတွေ နေအိမ် ၆ အိမ်မီးလောင်သွားပြီ” လို့ KIO သတင်းနဲ့ပြန်ကြားရေးဗိုလ်မှူးကြီး အင်ဖန်နော်ဘူက ပြောပါတယ်။

အောက်တိုဘာလ ၃၁ ရက်နေ့ မနက်ပိုင်း ၅ နာရီလောက်ကနေ ကချင်လွတ်လပ်ရေး တပ်မတော် KIA နဲ့ မဟာ မိတ်ပူးပေါင်းတပ်က ကန်တော်ယန် တပ်စခန်းအပြင်၊ မလိယန်စခန်းတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့တာ ၃ နာရီ လောက် အကြာမှာတော့ ကန်တော်ယန်ဗျူဟာကုန်း တပ်စခန်း သိမ်းပိုက်လိုက်နိုင်တာ ဖြစ်ပါတယ်။

လက်ရှိ စစ်တပ်ဘက်က စခန်းလက်လွတ်လိုက်ရတဲ့ အတွက် ကန်တော်ယန် အပါအဝင် ဂျာထရွာဘက်ကို လေ ကြောင်းနဲ့ ပစ်ခတ်တိုက်ခိုက်နေပါတယ်။

မြေပြင်က စစ်ရေးအခြေအနေနဲ့ ပတ်သက်ပြီး ဗိုလ်မှူးကြီးနော်ဘူက “စစ်တပ်က လေယာဉ်နဲ့ပစ်လို့ နေအိမ် ၆ အိမ်မီးလောင် ပျက်စီးထိခိုက်သွားတယ်လို့ သိရတယ်။ အခု လိုင်လွမ့် အောင်ဂျာဘက်ကိုလည်း လေယာဉ်နဲ့ ပစ် နေတယ်။ စစ်ရေးကတော့ စစ်တပ်က စခန်းတွေ လက်လွတ်လိုက်ရတော့ ပိုပြင်းထန်လာနိုင်တယ်” လို့ ပြောပါ တယ်။

ဒါ့အပြင် စစ်တပ်က နမ်ဆန်ယန်မြို့ အနီးမှာရှိတဲ့ ဘွမ်ရေဘွမ်ကနေ လိုင်ဇာမြို့အဝင် မုန်လိုင်ခက်ဘက်ကို လက် နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်နေတယ်လို့လည်း လိုင်ဇာဒေသခံတွေက ပြောပါတယ်။

KIO ဗဟိုဌာနချုပ်ရှိတဲ့ လိုင်ဇာမြို့အနီး နမ်ဆန်ယန်ဘက်ကို စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ ဇူလိုင်လ ၃ ရက်နေ့ က စပြီး ဝင်ရောက်အခြေချဖို့ ထိုးစစ်ဆင်လာရာကနေ နှစ်ဖက်စစ်ရေးတင်းမာနေသလို တိုက်ပွဲပြင်းထန်နေတာ အခု ဆိုရင် ၃ လကျော်ရှိလာပြီ ဖြစ်ပါတယ်။

နှစ်ဖက် စစ်ရေးတင်းမာနေချိန် စစ်တပ်က KIO ဗဟိုဌာနချုပ်ရှိတဲ့ လိုင်ဇာဘက်ကို လက်နက်ကြီးတွေနဲ့ ဆက် တိုက် ပစ်ခတ် တိုက်ခိုက်နေသလို ကချင်လွတ်လပ်ရေးတပ် KIA ဘက်ကလည်း စစ်ကောင်စီတပ်ရဲ့ အထိုင်ချ စခန်းတွေကို သွားရောက်တိုက်ခိုက်တာတွေအပြင် မြစ်ကြီးနား၊ ဗန်းမော်ဘက်က နမ်ဆန်ယန်ဘက် အင်အား ဖြည့်ဝင်လာတဲ့ စစ်ကြောင်းတွေကို ပိတ်ဆို့တိုက်ခိုက်တာ၊ ခြုံခိုက်တိုက်ခိုက်တာတွေ ဆက်တိုက်လုပ် ဆောင်နေ တာလည်း ဖြစ်ပါတယ်။

တိုက်ပွဲ ၃လအတွင်း နှစ်ဖက်ထိတွေ့တိုက်ပွဲဟာ ဒေါ့ဖုန်းယန်၊ မဒီးယန်၊အောင်ဂျာနဲ့ ကဇူး၊ ဒဘတ်ယန် တလျှောက်မှာ စစ်တပ်ဘက်စစ်အင်အား ၇၀ လောက်သေဆုံးခဲ့တယ်လို့ ဗိုလ်မှူးကြီးအင်ဖန်နော်ဘူက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း သတင်းမီဒီယာတွေမှာ ဖြေဆိုထားပါတယ်။

စက်တင်ဘာလ ၁၆ ရက်နေ့ မှာတော့ အောင်ဂျာရွာမှာရှိတဲ့ စစ်တပ်ရဲ့အထိုင်တပ်စခန်းတစ်ခုကို သိမ်းပိုက်လိုက် ပြီး တစ်ဆက်တည်း အောက်တိုဘာလ ၂၀ ရက်နေ့ အောင်ဂျာရွာအနီးက ဗျူဟာကျတဲ့စခန်းတစ်ခုကို ထပ်မံ တိုက်ခိုက် သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။

အဲဒီနောက် အောက်တိုဘာ ၃၁ ရက်နေ့ ဒီမနက်မှာတော့ မြစ်ကြီးနား- ဗန်းမော်လမ်းမပေါ်က အခိုင်မာတပ်စွဲထား တဲ့ ကန်တော်ယန်ဗျူဟာကုန်းကို သိမ်းပိုက်ရရှိထားပြီး ၂ လအတွင်း စခန်းပေါင်း ၃ ကိုသိမ်းပိုက်လိုက်ပြီ ဖြစ်ပါ တယ်။

ကန်တော်ယန်စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က တပ်ရင်းမှူးအဆင့်ရှိတဲ့အရာရှိတစ်ဦးကိုလည်း KIA ဘက်အရှင်ဖမ်းဆီးရမိထားတယ်လို့လည်း KIA ရှေ့တန်း သတင်းရင်းမြစ်တွေက ပြောပါတယ်။

လက်ရှိ နမ်ဆန်ယန်၊ လိုင်လွမ့် အောင်ဂျာ အပြင် KIO ဗဟိုဌာနချုပ် လိုင်ဇာမြို့အနီး တစ်ဝိုက်မှာလည်း လက်နက် ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်နေတဲ့အပြင် လေကြောင်းပါ အသုံးပြုတိုက်ခိုက်နေပါတယ်။

Most read this week

September 20, 2024
မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းကနေ စစ်လက်နက်ရိက္ခာဖြည့်တင်းဖို့ဆန်တက်လာတဲ့...
September 19, 2024
ဖားကန့်မြို့ ဆိုင်းတောင်တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင် ၄...
September 17, 2024
ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ဆိုက်ကပ်ထားတဲ့ စစ်သင်္ဘော ဗန်းမော်ဘက်ကို ဆန်တက်လာချိန်...
September 16, 2024
ရှမ်းပြည်မြောက်ပိုင်း မုံးကိုးမြို့နယ် မုံးပေါ်ဒေသမှာ KIO/KIA နဲ့ MNDAA လက်နက်ကိုင်နှစ်ဖွဲ့ကြား...