လမ်းပျက်စီးမှုကြောင့် ဖရူဆို အနောက်ခြမ်းတွင် ကုန်ဈေးနှုန်းများတက်

လမ်းပျက်စီးမှုကြောင့် ဖရူဆို အနောက်ခြမ်းတွင် ကုန်ဈေးနှုန်းများတက်

ကရင်နီ (ကယား) ပြည်နယ်၊ လွိုင်ကော်မြို့မှ ဖရူဆိုအနောက်ဘက်ခြမ်းသို့သွားသော လမ်းပိုင်းများ ပျက်စီးကာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲလာ၍ ကုန်စျေးနှုန်းများ မြင့်တက်လာသည်ဟု ဒေသံများက ပြောသည်။

ဒေသတွင်း မိုးဆက်တိုက်ရွာသွန်းကာ လမ်းပိုင်းများ ပျက်စီးသွားသည့်အတွက် လမ်းပန်းဆက်သွယ်ရေး၊ သွား ရေး လာရေး ခက်ခဲကာ ကုန်ပစ္စည်းများ မရောက်လာတော့သည့်အတွက် ကုန်စျေးနှုန်းများ တက်သွားခြင်း ဖြစ်သည်။

ကုန်သည်တစ်ဦးဖြစ်သူ မစုစု က “ရွှံ့တွေက တစ်တောင် ကျော်လောက် နက်တယ်။ နေပူရင်လည်း တော်ရုံနဲ့ မခြောက်ဘူး” ဟု ပြောသည်။

လွိုင်ကော်မှ ဒီးမော့ဆိုသို့ လာသော လမ်းပိုင်းတွင် ကားလမ်းရေကြီးပြီး  ကုန်တင်ကားကြီးများသာ သွားလာ၍ ရတော့ကြောင်း၊ ဒီးမောဆို၊ ဖရူဆိုလမ်းပိုင်းတွင်လည်း လမ်းချော်ကာ ကားများ သွားမ၍ မရဖြစ်နေသည်ဟု ဒေသခံများက ပြောသည်။

ထိုသို့ ကားလမ်းများ ပျက်စီးကာ ကုန်ကားများ သွားလာ၍ မရဖြစ်နေသောကြောင့် အနီးအနားရှိ ကျေးရွာမှ ရွာသားများအား အကူအညီတောင်းကာ ကုန်သည် မစုစုမှာ သူမ၏ ကုန်ကားအား ဆွဲထုတ်ခဲ့ရသေးသည်ဟု ပြောသည်။

အောက်တိုဘာလ နောက်ဆုံးပတ်ထိ အဆိုပါ လမ်းပိုင်းမှာ ပျက်စီးနေပြီး ကုန်ကားအသေးများ နှင့် ဆိုင်ကယ်များ ဖြတ်သွားဖြတ်လာလုပ်ရန် အဆင်မပြေဖြစ်နေသည်ဟု ဆိုကြသည်။

အဆိုပါ လမ်းကြောင်း ပျက်စီးနေမှုကြောင့် ယခင်က ဆီတစ်ပိဿာ ကျပ် ၁၂,၀၀၀ မှ ယခုလက်ရှိတွင် ကျပ် ၁၄,၀၀၀ ပေးရပြီး၊ ဆန်တစ်အိတ်လျှင် ယခင်က ကျပ် ၈၅,၀၀၀ မှ ယခု ၉၀,၀၀၀ ကျော် - ကျပ် ၁၀၀,၀၀၀ အထိ ပေါက်စျေးရှိနေသည်ဟု ဒေသခံများက ပြောသည်။

အလားတူ ကားခများလည်း ယခင်ထက် စျေးတက်သွားသည်ဟု ဖရူဆိုအနောက်ဖက်ခြမ်းရှိ စစ်ရှောင်စခန်း တစ်ခုတွင် စစ်ဘေးရှောင်နေသော မလင်းလက်ရွှေက ပြောသည်။

မလင်းလက်ရွှေက “ကားခတွေ စျေးတစ်အားတက်သွားတယ်။ ကျန်ကျောင်း အိတ်တစ်အိတ်ကို ၅၀၀၀၊ လေးပုံး အိတ် တစ်အိတ်ဆို နှစ်သောင်းပေးရတယ်” ဟု ပြောသည်။

ဒီးမော့ဆို - ဖရူဆိုလမ်းပိုင်းအား ယမန်နှစ် ၂၀၂၂ ဒီဇင်ဘာလခန့်တွင် ဒေသခံများနှင့် စစ်ဘေးရှောင် ပြည်သူများက ပူးပေါင်း၍ ကိုယ်ထူကိုယ်ထစနစ်ဖြင့် ပြုပြင်ပြီးစီးခဲ့သော်လည်း တစ်နှစ်မပြည့်မှီ မိုးအဆက်မပြတ် ရွာသွန်းမှု ကြောင့် လမ်းများ ပြန်လည်ပျက်စီးပြီး သွားလာရန် ခက်ခဲသွားခြင်း ဖြစ်သည်။

ယခုပျက်စီးသွားသည့် လွိုင်ကော် - ဒီးမော့ဆို - ဖရူဆို လမ်းပိုင်းသည် ဖရူဆိုအနောက်ဘက်ခြမ်းရှိ စစ်ရှောင် ပြည်သူများနှင့် ဒေသခံများအတွက် စားနပ်ရိက္ခာနှင့် ကုန်ပစ္စည်းများ သယ်ယူရသည့် လမ်းပိုင်း ဖြစ်သည်။

Most read this week

October 23, 2024
စစ်ကောင်စီတပ်က ၎င်းတို့ လက်လွှတ်ဆုံးရှုံးထားရသည့် ရှမ်းမြောက်ဒေသထဲက လားရှိုးမြို့အပါအဝင်...
October 22, 2024
ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်အတွင်း ဆန် ဈေးနှုန်း မြင့်တက်လာမှုကြောင့် စစ်ဘေးရှောင်များ သာမက...
October 21, 2024
တနင်္သာရီတိုင်း ဒေသကြီးအတွင်းမှ မြိတ်၊ တနင်္သာရီနှင့် ပုလောမြို့နယ်များတွင် MPT ဖုန်းလိုင်းနှင့်...
October 21, 2024
ချင်းပြည်နယ်၊ ပလက်ဝဒေသထဲက စစ်ဘေးရှောင်၂၀၀၀၀ ခန့်အတွက် စားနပ်ရိက္ခာနှင့် ဆေးဝါး အကူအညီများ...