လွိုင်ကော်ရှိ ဝန်ထမ်းစစ်ရှောင်များအား WFP ရိက္ခာဖြတ်

လွိုင်ကော်ရှိ ဝန်ထမ်းစစ်ရှောင်များအား WFP ရိက္ခာဖြတ်

ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့တွင် စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်း စစ်ရှောင်များကို ကမ္ဘာ့စား နပ်ရိက္ခာအစီအစဉ် World Food Program (WFP)မှ စားနပ်ရိက္ခာထောက်ပံ့ပေးမှုကို ရပ်ဆိုင်းလိုက်သည်။

တစ်လလျှင် ဝင်ငွေ ကျပ် ၁၂၀,၀၀၀ နှင့် အထက်ရရှိသည့် ဝန်ထမ်းစစ်ဘေးရှောင်များကို WFP မှ ထောက်ပံ့ပေး မှုများကို ရပ်ဆိုင်းလိုက်ခြင်း ဖြစ်သည်။

ကျောင်းဆရာမ မမီ (အမည်လွှဲ)က “အစတုန်းက စာထုတ်ထားတာတော့ တွေ့တယ်ပေါ့နော်။ မိသားစုဝင် လေး ယောက် လေးယောက်နဲ့အထက် အဲ့မိသားစုထဲမှာမှ ဝန်ထမ်းတွေပါတယ် လစာက ၁သိန်း၂သောင်းအထက်ဆိုရင် မပေးတော့ဘူး အဲ့လိုပြောတယ်။ အဲ့လိုကြားတော့ ကိုယ်ကလည်း ဝန်ထမ်းထဲက ဝန်ထမ်းပဲဆိုတော့ ဒီအလုပ်ဝင် သွားလို့ဆိုတော့ မပေးတော့တာများလား ဆိုပြီးတော့ သွားလည်း မမေးဖြစ်တော့ဘူးပေါ့နော်” ဟု ပြောသည်။

ကျောင်းဆရာမ မမီ(အမည်လွှဲ) က ဖရူဆိုမြို့မှ လွိုင်ကော်မြို့ကို စစ်ဘေးရှောင်ရင်း လက်ရှိတွင် စစ်ကောင်စီ လက်အောက်ခံရှိ အခြေခံပညာသင်ကျောင်း၌ စာသင်ကြားပေးနေသည်။

ဆရာမမီမှာ မိဘနှစ်ပါးနှင့် အတူ လွိုင်ကော်တွင် စစ်ဘေးရှောင်နေရခြင်း ဖြစ်ပြီး မိသားစု ၃ ယောက်သာရှိသော ကြောင့် လက်ရှိရနေသော ဝန်ထမ်းလစာမှာ ဆန်၊ ဆီ၊ ဆား တို့ဝယ်ရန် လောက်ငှနေသည်ဟု ဆိုသည်။

သို့သော် “တချို့လူတွေကျတော့လည်း မိသားစု များတယ်ဆိုလို့ရှိရင် အဲ့ဒီဝန်ထမ်းဝင်ငွေနဲ့ မလောက်တဲ့ လူတွေ လည်း ရှိတယ်။ ကျမကတော့ အဖေနဲ့ အမေနဲ့ ကျမနဲ့ဆိုတော့ လောက်တာမျိုးတော့မဟုတ်ဘူး ဒါပေမယ့် နည်း နည်းတော့ ကာမိတယ်။ တခါတလေကျ ခက်ခဲတဲ့အခါကြတော့လည်း ဟိုနားက ချေးငှား၊ ဒီနားက ချေးငှား ပေါ့။ အဲ့လောက်ပဲ အခု ဝင်ငွေမရရှိတဲ့လူတွေ မရသေးတဲ့လူတွေကို ပေးလိုက်တော့လည်း တမျိုးတော့ ကောင်း တယ်ပေါ့နော်” ဟု ပြောသည်။

ကျောင်းဆရာမ မမီ (အမည်လွှဲ)မှာ ယခုနှစ် မေလတွင် ကမ္ဘာ့စား နပ်ရိက္ခာအစီအစဉ် (WFP) ထံမှ စားနပ်ရိက္ခာ ထောက်ပံ့ပေးမှုကို နောက်ဆုံးအကြိမ် ရရှိခဲ့ခြင်း ဖြစ်သည်။ ထို့နောက် ယခု အောက်တိုဘာလအထိ မရတော့ ဘူးဟု ဆိုသည်။

ကျောင်းဆရာမ မမီ (အမည်လွှဲ) နည်းတူ လွိုင်ကော်မြို့တွင် စစ်ဘေးရှောင်လာကြသော ဝန်ထမ်းများမှာ WFP အဖွဲ့၏ ထောက်ပံ့မှုများကို ယခုနှစ် ဇွန်လမှစတင်၍ လုံးဝမရတော့ဟု ဆိုကြသည်။

စစ်ကောင်စီလက်အောက်မှ ဌာနဆိုင်ရာအသီးသီးတွင် အလုပ်လုပ်နေကြသော ဝန်ထမ်းများအပြင် INGO၊ NGO အဖွဲ့အစည်းများတွင် အလုပ်လုပ်နေကြသည့် ဝန်ထမ်းများလည်း WFP ၏ ရိက္ခာ ထောက်ပံ့မှုများကို မရရှိ တော့ဘူးဟု ဆိုကြသည်။

သို့သော် CDM လှုပ်ရှားမှုတွင် ပါဝင်သည့် ဝန်ထမ်းများမှာမူ WFP ၏ ထောက်ပံ့ကို ရရှိနေဆဲဖြစ်သည်ဟု အမည် မဖော်လိုသူ CMD အမျိုးသမီး ဝန်ထမ်းတစ်ဦးက ယခုကဲ့သို့ ပြောသည်။

“အမတို့ကတော့ CDM လုပ်လိုက်တယ်ကော၊ အမကိုတော့ သူတို့ ဘာမှ မပြောဘူး။ အခု CDM မလုပ်တဲ့ ကျောင်းဆရာမတွေ သူတို့က လခစားမို့လို့ မပေးတော့ဘူး အဲ့လိုမျိုးကြားတယ်။ လောလောဆယ် အထိတော့ ရနေသေးတယ်။ ဆန်လေ။ အခုထိတော့ ထောက်ပံ့နေသေးတယ်။ ဆန်ရယ်၊ ဆီရယ်၊ ဆားရယ်၊ ကုလားပဲရယ်၊ ၅ နှစ်အောက် ကလေးရှိတော့လေ အာဟာရမှုန့်လေးတွေလည်းပါတယ်။”

ကမ္ဘာ့စား နပ်ရိက္ခာအစီအစဉ် World Food Program (WFP)မှ လွိုင်ကော်မြို့ပေါ်သို့ စစ်ရှောင်လာကြသည့် စစ်ရှောင်များအား ယခုနှစ်အစောပိုင်းအထိ တစ်လတစ်ကြိမ် အခြေခံစားနပ်ရိက္ခာများကို ထောက်ပံ့ပေးခဲ့သော် လည်း ၂၀၂၃ ခုနှစ် မတ်လမှ စတင်၍ နှစ်လတစ်ကြိမ်သာ လာရောက်ထောက်ပံ့ပေးတော့သည်ဟု စစ်ရှောင် များက ပြောသည်။

WFP အဖွဲ့က ထောက်ပံ့ပေးသော ရိက္ခာများထဲတွင် ဆန်၊ ဆီ၊ ဆား၊ ကုလားပဲနှင့် ၅ နှစ်အောက် ကလေးများ အတွက် အဟာရမှုန့်များ ပါဝင်သည်ဟု ဆိုကြသည်။

လွိုင်ကော်မြို့ပေါ်က စစ်ရှောင်များအတွက် WPF အဖွဲ့တစ်ဖွဲ့တည်းကသာ ထောက်ပံ့ကူညီပေးနေပြီး အစိုးရ ဝန်  ထမ်းမဟုတ်သော သာမာန်စစ်ရှောင်ပြည်သူများပင် ပုံမှန်ထောက်ပံ့မှု မရရှိသည့်အတွက် အခက်အခဲများရှိ နေ ကြသည်ဟု ဆိုသည်။

ဝန်ထမ်းစစ်ရှောင်များကို ထောက်ပံ့မှု မပေးတော့သည့် အခြေအနေနှင့် သာမာန် စစ်ရှောင် ပြည်သူများအား နှစ်လမှ တစ်ကြိမ်သာ ထောက်ပံ့ပေးသည့် အခြေအနေများနှင့် ပတ်သက်၍ WFP မှ တာဝန်ရှိသူများကို Email မှ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

October 23, 2024
စစ်ကောင်စီတပ်က ၎င်းတို့ လက်လွှတ်ဆုံးရှုံးထားရသည့် ရှမ်းမြောက်ဒေသထဲက လားရှိုးမြို့အပါအဝင်...
October 22, 2024
ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်အတွင်း ဆန် ဈေးနှုန်း မြင့်တက်လာမှုကြောင့် စစ်ဘေးရှောင်များ သာမက...
October 21, 2024
တနင်္သာရီတိုင်း ဒေသကြီးအတွင်းမှ မြိတ်၊ တနင်္သာရီနှင့် ပုလောမြို့နယ်များတွင် MPT ဖုန်းလိုင်းနှင့်...
October 21, 2024
ချင်းပြည်နယ်၊ ပလက်ဝဒေသထဲက စစ်ဘေးရှောင်၂၀၀၀၀ ခန့်အတွက် စားနပ်ရိက္ခာနှင့် ဆေးဝါး အကူအညီများ...