နမ့်ဖတ်ကာမှာ လက်နက်ကြီးထိမှန်လို့ ကလေးငယ်အပါအဝင် ၂ယောက် သေဆုံး ၆ ယောက် ဒဏ်ရာပြင်းထန်

နမ့်ဖတ်ကာမှာ လက်နက်ကြီးထိမှန်လို့ ကလေးငယ်အပါအဝင် ၂ယောက် သေဆုံး ၆ ယောက် ဒဏ်ရာပြင်းထန်
လက်နက်ကြီးထိမှန်သေဆုံးတဲ့ နမ့်ဖတ်ကာဒေသခံတချို့
လက်နက်ကြီးထိမှန်သေဆုံးတဲ့ နမ့်ဖတ်ကာဒေသခံတချို့

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာမှာ စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် အမျိုးသမီးတစ်ယောက်နဲ့ ကလေးငယ်တစ်ယောက် ကျည်ထိမှန် သေဆုံးပြီး ဒေသခံ ၆ ယောက် ဒဏ်ရာရရှိခဲ့ တယ်လို့ ဒေသခံ တွေကပြောပါတယ်။

အောက်တိုဘာလ ၂၇ ရက်နေ့၊ မနက်ပိုင်း ၈ နာရီဝန်းကျင်မှာ နမ့်ဖတ်ကာမှာ အထိုင်ချထားတဲ့ စစ်ကောင်စီ လက်အောက်ခံ ခလရ ၁၇ တပ်တွေက အရပ်သားတွေနေထိုင်တဲ့ နေရာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် နမ့်ဖတ်ကာ ရပ်ကွက် ၄ မှာ ကျရောက်ပေါက်ကွဲခဲ့တာလို့ ဒေသခံအမျိုးသမီး တစ်ယောက်က ပြောပါတယ်။

“ရပ်ကွက် ၄ က အိမ်နှစ်အိမ်ပေါ်ကျတာပေါ့။ အမျိုးသမီးတစ်ယောက်နဲ့ ကလေးတစ်ယောက် ပွဲချင်းပြီးတဲ့ လောလောဆယ် သိရတာကတော့ ၂ယောက်ပွဲချင်းပြီးပေါ့“ လို့ ပြောပါတယ်။

သေဆုံးခဲ့တဲ့ အရပ်သားတွေဟာ အသက် ၃၂ နှစ်အရွယ် ဒေါ်နန်ဘောက် နဲ့ အသက် ၇ နှစ်အရွယ်

မဆန်းဒေးလုအောင်တို့ ဖြစ်တယ်လို့ သိရပြီး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ဒေသခံ ၆ ယောက်ကတော့ နမ့်ဖတ်ကာ ဆေးရုံမှာ ဆေးကုသမှု ခံယူနေရပါတယ်။

ရှမ်းမြောက်ရဲ့ မြို့နယ်တချို့မှာ ဒီကနေ့ မနက်ပိုင်းကနေစပြီး စစ်ကောင်စီတပ်နဲ့ လက်အောက်ပြည်သူ့ စစ်တပ် တွေကို မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့တွေက တစ်ပြိုင်နက်ထဲ ထိုးစစ်ဆင်တိုက်ခိုက်နေပေမယ့် နမ့်ဖမ်ကာ မြို့အနီးမှာတော့ တိုက်ပွဲဖြစ်တာမရှိဘူးလို့ ဆိုပါတယ်။

ဒေသခံအမျိုးသမီးက “နမ့်ဖတ်ကာထဲမှာတော့ တိုက်ပွဲဖြစ်တာမရှိဘူး။ ဒီ ၁၃ မိုင်အကွာလောက်က နမ့်ခမ်းဘက် မှာ ဖြစ်နေတာတော့ ကြားတယ်။ ဒါပေမဲ့လည်း ဒီတပ်ကကျတော့ ရမ်းသမ်းပြီး ပစ်တဲ့ လက်နက်ကြီးတွေက ရွာ ထဲမှာကျ ကျနေတာ” လို့ ဆက်ပြောပါတယ်။

လက်နက်ကြီးပစ်တဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကတော့ နမ့်ဖတ်ကာမှာ အထိုင်ချထားတဲ့ ခလရ ၁၂၃ တပ်စခန်း ဖြစ်ပြီး စစ်ဒေသကွပ်ကဲမှု ဌာနချုပ် စကခ ၁၇ တပ်ဖွဲ့တွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒီကနေ့ မနက်ပိုင်းမှာတော့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့တွေအကြား တိုက်ပွဲတွေ ပြင်းထန်နေပြီး တရုတ်-မြန်မာ ပြည်ထောင်စု လမ်းမကြီးကိုလည်း အောက်တိုဘာလ ၂၇ ရက်နေ့ မနက်ပိုင်း ၆ နာရီကစလို့ အရေးပေါ်ပိတ်လိုက်ကြောင်း ကိုးကန့်တပ် MNDAA က ထုတ်ပြန်လိုက်ပါ တယ်။

လမ်းပိတ်တဲ့အခြေနေနဲ့ပတ်သက်လို့ ကွတ်ခိုင်ဒေသခံ အမျိုးသမီးတစ်ယောက်က “ပြည်ထောင်စုလမ်းမက အခု မနက်မှာ ပိတ်လိုက်တော့ ဘယ်သူမှ သွားလာသူတော့ လုံးဝမရှိတော့ဘူး။ လက်နက်ကြီးနဲ့ လက်နက်ငယ်သံတွေ ကတော့ တော်တော်ကြားနေရတာ။ ဟိုက်ဝေးသွားတာတွေတော့ မရှိတော့ဘူး။ တိုက်ပွဲက ရှမ်းမြောက် နေရာ တိုင်းမှာ လိုလို ကွက်ကြားဖြစ်နေတာ။ ပြီးရင် စစ်တပ်တွေကလည်း လက်နက်ကြီးတွေနဲ့ ရမ်းပစ်တာတွေ ရှိနေ တယ်“ လို့ ပြောပါတယ်။

ကိုးကန့်တပ် MNDAA ရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ ရှမ်းပြည်နယ် အထူးဒေသ ၁ အတွင်းမှာရှိတဲ့ စစ်ကောင်စီ တပ်ဖွဲ့တွေကို အမြစ်ပြတ်ချေမှုန်းဖို့၊ လောက်ကိုင်မြို့နယ်ထဲမှာရှိတဲ့ Online Game (ကျားဖျင့်) ကုမ္ပဏီတွေ ကို ရှင်းလင်းဖို့ နဲ့ အဲ့ဒီကုမ္ပဏီတွေကို အကာကွယ်ပေးနေတဲ့ နောက်ကွယ်ကအဖွဲ့နဲ့ လားရှို့ကနေ အင်အားတိုးချဲ့ လာနိုင်တဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို ဟန့်တားဖို့ လားရှိုး-ချင်းရွှေဟော်-မူဆယ် လမ်းမကြီးကို အရေးပေါ် ပိတ် လိုက်တာဖြစ်ကြောင်း ဖော်ပြထားပါတယ်။

လမ်းပိတ်လိုက်ကြောင်း အရေးပေါ် ထုတ်ပြန်ချက်လိုက်ချိန်ကစလို့ ဘယ်အကြောင်းပြချက်နဲ့မှ ဖြတ်သန်းသွား လာ ခွင့်ပြုမှာ မဟုတ်သလို ပိတ်ပင်ထားတဲ့ အချိန်အတွင်း ဖြတ်သန်းသွားလာတာတွေ လုပ်ရင် ရန်သူရဲ့ သယ်ယူ ပို့ဆောင်ရေးယာဥ်အဖြစ် မှတ်ယူပြီး ပြင်းထန်စွာ တိုက်ခိုက်သွားမယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင် လားရှိုးမြို့ရဲ့အဝင်အထွက်တွေကိုလည်း စစ်ကောင်စီတပ်ဘက်က ပိတ်ထားသလို တိုက်ပွဲဖြစ်နေတဲ့ နေရာတွေကိုလည်း တိုက်လေယာဥ်၊ ရဟတ်ယာဥ်တွေ အသုံးပြုပြီး တိုက်ခိုက်တာတွေရှိနေတယ်လို့ ဒေသတွင်း သတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။

Most read this week

September 20, 2024
မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းကနေ စစ်လက်နက်ရိက္ခာဖြည့်တင်းဖို့ဆန်တက်လာတဲ့...
September 19, 2024
ဖားကန့်မြို့ ဆိုင်းတောင်တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင် ၄...
September 17, 2024
ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ဆိုက်ကပ်ထားတဲ့ စစ်သင်္ဘော ဗန်းမော်ဘက်ကို ဆန်တက်လာချိန်...
September 16, 2024
ရှမ်းပြည်မြောက်ပိုင်း မုံးကိုးမြို့နယ် မုံးပေါ်ဒေသမှာ KIO/KIA နဲ့ MNDAA လက်နက်ကိုင်နှစ်ဖွဲ့ကြား...