မွန်ပြည်နယ်မှာ နယ်မြေလုံခြုံရေးကြောင့် ရော်ဘာခြံထက်ဝက်နီးပါး အစေးမခြစ်နိုင်မယ့်ကိန်းဆိုက်

မွန်ပြည်နယ်မှာ နယ်မြေလုံခြုံရေးကြောင့် ရော်ဘာခြံထက်ဝက်နီးပါး အစေးမခြစ်နိုင်မယ့်ကိန်းဆိုက်

နိုင်ငံအတိုင်းအတာအရ ရော်ဘာအများဆုံးထွက်ရှိနေတဲ့ မွန်ပြည်နယ်မှာ နယ်မြေမတည်ငြိမ်မှုကြောင့် အခုနှစ် အတွင်း ရော်ဘာခြံထက်ဝက်နီးပါး အစေးမခြစ်နိုင်မယ့် အခြေအနေနဲ့ ကြုံနေရတယ်လို့ ရော်ဘာလုပ်ငန်းရှင်တွေ က သံလွင်တိုင်းမ်ကို ပြောပါတယ်။

ရွှေဖြူလို့တင်စားကြတဲ့ ရော်ဘာကို စိုက်ဧက ၅ သိန်းကျော် ပိုင်ဆိုင်ထားတဲ့ မွန်ပြည်နယ်ဟာ နှစ်စဉ် ရော်ဘာ အစေးခြစ် ဧက ၃ သိန်းကျော်ရှိပြီး ရော်ဘာတန်ချိန် တစ်သိန်းကျော် ထွက်ရှိနေတာပါ။

ဒါပေမယ့် ဒီနှစ်မှာတော့ မွန်ပြည်နယ်ရဲ့ ရော်ဘာအများဆုံးထွက်ရှိနေတဲ့ ရေးမြို့နယ်အပါအဝင် ကျိုက်ထို၊ ဘီးလင်းမြို့နယ်တို့မှာ ရော်ဘာခြံအများစု အစေးမခြစ်နိုင်မယ့် အခြေအနေနဲ့ ကြုံနေရသလို ကျိုက်မရော၊ သထုံ၊ ပေါင်နဲ့ သံဖြူဇရပ်မြို့နယ်တို့ရဲ့ နေရာဒေသတချို့မှာလည်း နယ်မြေလုံခြုံရေးကြောင့် ရော်ဘာခြံလုပ်ငန်းတွေ ရပ်နားဖို့ စဉ်းစားတာတွေ ရှိလာတာပါ။

ရော်ဘာခြံလုပ်ငန်းတွေဟာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတို့ကြား တိုက်ပွဲတွေအပြင်၊ ကျွမ်းကျင် လုပ်သား ခေါ်မရတာ၊ စစ်ကောင်စီရဲ့ ညမထွက်ရအမိန့် ကန့်သတ်ချက်တွေကြောင့် ပိတ်သိမ်းရမယ့် ကိန်းဆိုက် လာခဲ့တာ ဖြစ်ပါတယ်။

မွန်ပြည်နယ် ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်း တာဝန်ရှိသူတစ်ဦးက “အခုက ရော်ဘာခြံသမားတွေ ဒုက္ခ ရောက်နေတယ်။ လုံခြုံရေးကြောင့် အလုပ်သမားတွေက မမြဲဘူး။ ဥပမာ- ကြာအင်းဆိပ်ကြီးတို့ ဘာတို့မှာရှိတဲ့ ခြံရှိတဲ့သူတွေ ဟိုမှာလှီးနေတဲ့သူတွေက မလှီးတော့ဘူး။ ပြေးလာတယ်။ ရေးတို့၊ ဘီးလင်းတို့၊ ကျိုက်ထိုတို့က ပိုဆိုးတယ်။ အခါတိုင်း ဧက (၃) သိန်းလောက် လှီးနေတယ် ဆိုပါတော့။ အဲဒီ (၃)သိန်းကျော်လှီးတဲ့ဟာက အခုလို မျိုး အခက်အခဲ နယ်မြေလုံခြုံရေးအရ ဆိုပါတော့ (၁၀)မြို့နယ်မှာ (၃)သိန်းခွဲအထိ လှီးနေတယ်ဆိုရင် (၃)မြို့နယ် လောက် လျော့သွားတယ်ဆိုရင် အဲဒါတွက်ပြီးပြန် အချိုးချကြည့်ပေါ့။ ခြံတွေတော်တော်များများ မလှီးဖြစ်ဘူး။ တို့ခြံကအစ မလှီးဖြစ်ဘူး” လို့ ပြောပါတယ်။

မွန်ပြည်နယ်ဟာ ရော်ဘာခြံလုပ်ငန်းကို နှစ်စဉ် စက်တင်ဘာလအလယ်ကနေ မေလကုန်အထိ လုပ်ကိုင်ကြတာ ဖြစ်ပေမယ့် ဒီနှစ်မှာတော့ လုပ်သားခေါ်မရတာ၊ တိုက်ပွဲတွေ ဖြစ်ပွားလာတာကြောင့် အောက်တိုဘာလကုန်ပိုင်း အထိ ရော်ဘာခြံလုပ်ငန်းအများစု လုပ်ငန်းပြန်မစနိုင်သေးပါဘူး။

စစ်ကောင်စီတပ်နဲ့ လက်နက်ကိုင်တော်လှန်ရေးအင်အားစုတို့ဟာ အောက်တိုဘာ တတိယအပတ်ကစပြီး မွန် ပြည်နယ်ရဲ့ ရေး၊ ကျိုက်ထိုနဲ့ ဘီးလင်းမြို့နယ်တို့မှာ တကျော့ပြန်တိုက်ပွဲတွေ ဖြစ်ပွားနေသလို တိုက်ပွဲတွေကြောင့် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်ရတာတွေ ရှိနေပါတယ်။

ရော်ဘာစိုက်တောင်သူတစ်ဦးကတော့ တိုက်ပွဲတွေကြောင့် ရော်ဘာအစေးခြစ်လုပ်ငန်းတွေ ရပ်နားဖို့ ရှိနေပြီး ရော်ဘာ အထွက်နှုန်းကလည်း ထက်ဝက်နီးပါး ကျဆင်းလာနိုင်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အဲဒီဘက်ခြမ်းတွေ မခြစ်ကျဘူး။ ရော်ဘာလုပ်သားတွေတောင်မှ ဒီဘက်ကိုကျွံလာကြတယ်လေ။ အများစု ခြစ်လို့ မရကြလို့လေ။ တောင်ပေါခြံတွေပေါ့နော်။ အစေးခြစ်လို့မရလို့ နောက်တချို့တလေ ခြံဆိုမခြစ်ကြဘူး။ လုပ်သားတွေ ပိုရှားလာတယ်။ နောက်ပြီးတော့ လုပ်သားတွေက ဘယ်လိုဖြစ် လာလဲဆိုတော့ တစ်နယ်နဲ့ တစ် နယ်လည်း မကူးရဲကြဘူး။ သူတို့ကူးဖို့အတွက်ကို အဲဒီဘက်ခြမ်းမှာ ငြိမ်သက်ရဲ့လား၊ မငြိမ်သက်ရဲ့လားဆိုတာနဲ့ အဝေးကလူတွေ မလာကြဘူး။ တိုက်ပွဲဖြစ်ရင်ကွာ တစ်ပတ်လောက် နားလိုက်တယ်။ ပြီးရင်အရဲစွန့်ပြီးတော့ ပြန်ခြစ်ကြတာပဲပေါ့နော်။ ရော်ဘာအစေးထွက်တဲ့ အင်အားထက်ဝက်မကဘူး။ လျော့ဆင်းသွားလိမ့်မယ်လို့ မြင်တာပေါ့နော်” လို့ ပြောပါတယ်။

အခုလိုအခြေအနေတွေကြောင့် ရော်ဘာရာသီအစမှာ ရော်ဘာတစ်ပေါင်ကို ကျပ် ၁၇၀၀ ကနေ ၁၈၀၀ ကျော် အထိ ဈေးကောင်းရပေမယ့် အစေးမခြစ်နိုင်တာကြောင့် တောင်သူတွေ ထိခိုက်နစ်နာမှုတွေနဲ့ ကြုံနေတာပါ။

မွန်ပြည်နယ်ဟာ နှစ်စဉ်ထွက်ရှိလာတဲ့ ရော်ဘာကုန်ကြမ်းတွေ တရုတ်နဲ့ထိုင်းနိုင်ငံတွေကို အဓိက တင်ပို့ရောင်း ချနေတာဖြစ်ပြီး ရော်ဘာကဏ္ဍကနေ အမေရိကန်ဒေါ်လာ သန်းနဲ့ချီရရှိနေတာ ဖြစ်ပါတယ်။

ဒါပေမယ့် မွန်ပြည်နယ်ရဲ့ ရော်ဘာကဏ္ဍဟာ အာဏာသိမ်းကာလအတွင်း သွင်းအားစုကုန်ပစ္စည်းတွေအပါအဝင် အထွေထွေကုန်ကျစရိတ် ကြီးမြင့်မှုပြဿနာနဲ့အတူ နယ်မြေမတည်ငြိမ်မှုတွေကြောင့် ထိခိုက်ဆုံးရှုံးမှု ကြီးမာလာနိုင်တယ်လို့ ရော်ဘာကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။

Most read this week

October 23, 2024
ပဲခူးတိုင်း ဒိုက်ဦးမြို့နယ် ဒိုက်ဦးအကျဉ်းထောင်မှာ သောက်သုံးရေ ပြတ်လပ်မှုဖြစ်ပေါ်နေပြီး ချိုးရေ...
October 23, 2024
ခုခံတော်လှန်စစ်တွေကို တောက်လျှောက်ရင်ဆိုင်နေရတဲ့ စစ်ကောင်စီက စစ်မှုထမ်းသင်တန်းသားတွေကို...
October 22, 2024
မွန်ပြည်နယ်တောင်ပိုင်းနဲ့ ဆက်စပ် ထားဝယ်ဒေသဘက်မှာ စစ်ကောင်စီက နယ်မြေထိန်းချုပ်ဖို့...
October 21, 2024
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် အောက်ရေဖြူကျေးရွာအုပ်စုထဲကို စစ်ကောင်စီတပ်တွေစစ်ကြောင်းထိုး...