ဗန်းမော်မှာကျင်းပမယ့် မနောပွဲကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်း

ဗန်းမော်မှာကျင်းပမယ့် မနောပွဲကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်း
မနောပွဲဖြစ်မြောက်ရေး ကချင်တိုင်းရင်းသားစာပေနဲ့ ရိုးရာယဉ်ကျေးမှုကော်မတီအဖွဲ့များ တွေ့ဆုံ ဆွေးနွေးမှုမြင်ကွင်း။
မနောပွဲဖြစ်မြောက်ရေး ကချင်တိုင်းရင်းသားစာပေနဲ့ ရိုးရာယဉ်ကျေးမှုကော်မတီအဖွဲ့များ တွေ့ဆုံ ဆွေးနွေးမှုမြင်ကွင်း။

ကချင်ပြည်နယ် ဗန်းမော်မြို့မှာ လာမယ့် နိုဝင်ဘာလအတွင်း ကျင်းပသွားမယ့် မနောပွဲတော်အပေါ် ကန့်ကွက်မှု တချို့အပါအဝင် လက်ရှိဖြစ်နေတဲ့ နိုင်ငံရေး အခြေအနေများကြောင့် ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ပြီ ဖြစ်တယ်လို့ ပွဲဖြစ်မြောက်ရေး တာဝန်ရှိသူတွေက ပြောပါတယ်။

မနောပွဲကျင်းပမယ့်ကိစ္စနဲ့ ပတ်သက်ပြီးတော့ ဗန်းမော်ခရိုင် ကချင်တိုင်းရင်းသား စာပေနှင့်ရိုးရာ ယဉ်ကျေးမှု ကော်မတီ အဖွဲ့ဝင်များနဲ့ ကချင်ဘာသာရေးပေါင်းစုံက တာဝန်ရှိသူများက အောက်တိုဘာလ ၂၁ ရက်နေ့ ထပ်ပြီး အစည်းအဝေးနွေးဆွေးခဲ့ရာမှာ ပွဲကိုရက်ရွှေ့ဆိုင်းဖို့ ဆုံးဖြတ်လိုက်တာဖြစ်တယ်လို့  ပွဲဖြစ်မြောက်ရေး တာဝန်ရှိ သူတစ်ဦးက KNG ကို ပြောပါတယ်။

“မနောပွဲပြုလုပ်ဖို့ ဆုံးဖြတ်ထားတဲ့ ကိစ္စက ပြန်ရွှေ့လိုက်ပါပြီ။ ရပ်နားထားတယ်ဆိုတာက အခြေအနေတစ်ခုကို စောင့်ကြည့်ဖို့ ဖြစ်တယ်။ အခြေအနေပြန်ကောင်းလာတဲ့အခါမှာ လုပ်ဖို့ဖြစ်တယ်။ ဘယ်နေ့မှာ ပြန်လုပ်ကြမယ့် ဆိုတာကိုတော့ သေချာဆွေးနွေးထားတာမရှိသေးဘူး။ ဒါ့ပေမယ့် လောလောဆယ်က ရွှေ့ဆိုင်းထားလိုက်ပြီ” လို့ ပြောပါတယ်။

ဒါပေမယ့် မနောပွဲပြုလုပ်ကျင်းပဖို့အတွက် တာဝန်ရှိတဲ့ ပွဲဖြစ်မြောက်ရေးကော်မတီတွေဟာ မနောပွဲဖြစ်မြောက် ရေး ရံပုံငွေ၊ လုပ်ငန်းရှင်တွေဆီက ငွေကြေးလက်ခံလိုက်ပြီဖြစ်တဲ့အတွက် လက်ရှိအနေအထားမှာ မနောပွဲ ကျင်းပဖို့ မဖြစ်နိုင်ပေမယ့် အခြေနေပေါ်မူတည်ပြီး ပြန်လုပ်ဖို့တော့ အစီစဉ်ရှိတယ်လို့ သူကဆက်ဆိုပါတယ်။

“အခုဆွေးနွေးထားတဲ့ထဲမှာက ပွဲကပြန်လုပ်ဖို့တော့ရှိတယ်။ အခုက ရွှေ့ဆိုင်းလိုက်တဲ့သဘောပါပဲ။ ဒါပေမယ့် နောက်နှစ်လည်း ရောက်ရင်ရောက်သွားမယ်။ ဒီနှစ်ထဲမှာလည်း လုပ်ရင်လုပ်မယ့် အခြေအနေပေါ်မှာပဲ မူတည် တယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့မှာ မနောပွဲဖြစ်မြောက်ဖို့အတွက် ရယူထားတဲ့ ငွေကြေးရံပုံငွေတွေ ရှိနေ တယ်။ ဒါ့ကြောင့် လုပ်သွားဖို့တော့ရှိတယ်” လို့ ပြောပါတယ်။

မနောပွဲတော်ကျင်းပဖို့ ရွှေ့ဆိုင်းလိုက်တဲ့အပေါ်မှာ ဗန်းမော်ဒေသခံ အမျိုးသားတစ်ယောက်က “အခုချိန်မှာ အား လုံး သိတဲ့အတိုင်း နိုင်ငံရေး စီးပွားရေး နေရာတိုင်းမှာ ဖြစ်ပွားနေတာ ဒီလို ပွဲတော်ကြီး မလုပ်သေးတာက ကောင်းပါတယ်။ ပြီးရင် တစ်ဖက်မှာ ကချင်ပြည်သူတချို့ကလည်း ဝမ်းနည်းပူဆွေးနေတဲ့ အချိန်လည်း ဖြစ် တယ်။ ဒါကြောင့် မလုပ်သေးတာက အကောင်းဆုံးပါပဲ” လို့ ပြောပါတယ်။

မနောပွဲတော်ကို ဗန်းမော်မြို့ အောင်သာရပ်ကွက်မှာ လာမယ့် နိုဝင်ဘာလ ၂၁ ကနေ ၂၅ ရက်နေ့အထိ ကျင်း ပသွားဖို့ စီစဉ်ထားပြီး ဂေါက်ရိုက်ပြိုင်ပွဲအပါအဝင် ကျင်းပဖို့ စီစဉ်ထားတာဖြစ်ပါတယ်။

အဲဒီ ၅ ရက်တာ မနောပွဲတော်ကြီးမှာ မနောကွင်းမုဒ်ဦး၊ မနောတိုင်၊ မနောရင်ပြင် နဲ့ ၄ ကြိမ်မြောက် ဆွတ်မနော ကောက်သစ်စားပွဲ (Nlung Nnan) စတဲ့ အစီအစဉ်တွေကို ပြုလုပ်ကျင်းပသွားမှာ ဖြစ်တယ်လို့ ဗန်းမော်ခရိုင် ရိုးရာနဲ့ စာပေယာဉ်ကျေးမှု ဗဟိုမကော်မတီကလည်း ကြေညာထားတာလည်း ဖြစ်ပါတယ်။

ဒါပေမယ့် မနောပွဲကျင်းပဖို့ စီစဉ်ထားတဲ့ ဗန်းမော်မြို့နယ်ထဲမှာ စစ်တပ်နဲ့ KIA တပ်တို့အကြား စစ်ရေးတင်းမာ နေတဲ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းတွင်းမှာပဲ မုန်လိုင်ခက်စစ်ရှောင်စခန်း ပစ်ခတ်တိုက်ခိုက်ခံရမှု၊ အနန့်ပါနဲ့ တပ်မဟာ ၉ နယ်မြေဘက် စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်ရှိနိုင်ငံရေး အကြပ်အတည်းတွေကြောင့် ပြည် သူတွေက ပွဲကျင်းပမယ့်အပေါ် အပြင်းအထန် ကန့်ကွက်တာကြောင့် ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်တာ ဖြစ်ပါတယ်။

Most read this week

September 20, 2024
မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းကနေ စစ်လက်နက်ရိက္ခာဖြည့်တင်းဖို့ဆန်တက်လာတဲ့...
September 19, 2024
ဖားကန့်မြို့ ဆိုင်းတောင်တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင် ၄...
September 17, 2024
ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ဆိုက်ကပ်ထားတဲ့ စစ်သင်္ဘော ဗန်းမော်ဘက်ကို ဆန်တက်လာချိန်...
September 16, 2024
ရှမ်းပြည်မြောက်ပိုင်း မုံးကိုးမြို့နယ် မုံးပေါ်ဒေသမှာ KIO/KIA နဲ့ MNDAA လက်နက်ကိုင်နှစ်ဖွဲ့ကြား...