ဓနု တော်လှန်ရေးအဖွဲ့က ခရိုင် ဒုရဲမှူးလိုက်ပါလာသော ကားကို မိုင်းဆွဲတိုက်ခိုက်

ဓနု တော်လှန်ရေးအဖွဲ့က ခရိုင် ဒုရဲမှူးလိုက်ပါလာသော ကားကို မိုင်းဆွဲတိုက်ခိုက်

ရှမ်းပြည်နယ် တောင်ပိုင်း၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ ဘော်ရေဦးနှင့် သိမ်ကုန်းကျေးရွာကြား ၌ ဒုခရိုင် ရဲမှူးလိုက်ပါလာသည့် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲခံရသည်ဟု တပ်တွင်း သတင်းအရင်းအမြစ်က ပြောသည်။

ရွာငံမြို့နယ်၊ ယံဗွေကွမ်းသီးခြံတွင် စခန်းချ၍ ပြန်လာသော စစ်ကောင်စီတပ်ကို အောက်တိုဘာလ ၂၁ ရက်နေ့၊ နံနက် ၈ နာရီ အချိန်ခန့်၌ ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်ဦး (DPLF)က မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

DPLF ပြန်ကြားရေး တာဝန်ခံ တစ်ဦးက “မိုင်းဆွဲပြီးပြီးချင်း သိတာက ခရိုင်ရဲမှူးဆိုပြီး သူတို့ အသိုင်းအဝိုင်းကပဲ သိရတာ။ နောက်မှ အတည်ပြုရတာက ခရိုင်တော့ ခရိုင်မှူး ဒုခရိုင်မှူး ဖြစ်နေတယ်ပေါ့။ အဲဒါတော့ သေချာ တယ်။ အတွင်းစည်းကလည်း အတည်ပြုပေးတယ်” ဟု ပြောသည်။

မိုင်းဆွဲ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်၏ ကား ၄ စီးအနက် ၂ စီး ထိခိုက်ပျက်စီးခဲ့ပြီး တစ်ဦးမှာ ပွဲချင်းပြီး သေဆုံးသွားခဲ့သည်ဟု ဆိုသည်။

ထို့အပြင် ဖောက်ခွဲ တိုက်ခိုက်မှုအပြီး DPLF မှ လက်နက်ငယ်များဖြင့် ထပ်မံ ပစ်ခတ်မှုကြောင့် နောက်ထပ် ၆ ဦးမှာလည်း ပြင်းထန်ဒဏ်ရာများဖြင့် ရွာငံ ပြည်သူ့ဆေးရုံကြီးနှင့် အောင်ပန်း ကုတင် ၇၀၀ စစ်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ရသည်။

ထိုသို့ ဆေးကုသမှုခံယူနေစဉ်မှာပင် အောက်တိုဘာလ ၂၂ ရက်နေ့ (ယမန်နေ့) ညနေ၌ သေဆုံးသွားခဲ့သည်ဟု တပ်တွင်း သတင်းအရင်းအမြစ်က အတည်ပြု ပြောဆိုသည်။

စစ်ကောင်စီဘက်မှ သေဆုံးသူ ၇ ဦးမှာ တောင်ကြီး ဒုခရိုင်ရဲမှူး ဦးစိုးသန်း၊ တပ်ကြပ် ဦးမျိုးမင်းနှင့် တပ်သားများ ဖြစ်သည့် ဒီဇင်ဘာကိုကို၊ အာကာအောင်၊ စိုးမင်းဦး တို့အပြင် ပျူစောထီး ၃ ဦးလည်း ပါဝင်သည်ဟု စစ်ကောင်စီ ဘက်မှ ထုတ်ပြန်ထားသည်။

အဆိုပါ စစ်ဆင်ရေးကို တပ်တွင်းသတင်းပေးများ၏ သတင်းပေးမှုဖြင့် ၂ ရက်ကြာ ကြိုတင် ပြင်ဆင်ခဲ့ရပြီး DPLF ဘက်တွင် အထိအခိုက်အကျမဆုံး မရှိ ပြန်လည် ဆုတ်ခွါနိုင်ခဲ့သည်ဟု ဆိုသည်။

“ကျနော်တို့ Mission (စစ်ဆင်ရေး) တွေ ဖျက်ခဲ့ရတာတွေ ရှိတယ်ပေါ့။ ပြည်သူတွေနဲ့ အနီးကပ်ဖြစ်နေလို့ မလုပ်ခဲ့ရတဲ့ မစ်ရှင်တွေလည်း တော်တော်လေး ကြုံခဲ့ရတော့ အဲ့ဒါကြောင့်မို့ ဓနုဒေသ ပတ်ဝန်းကျင်မှာနေတဲ့ ပြည်သူ တွေအားလုံး စကစ(စစ်ကောင်စီ)နဲ့ ဝေးတဲ့နေရာမှာ ရှောင်ရှားပြီး သွားလာဖို့ အဲ့ဒါတွေပဲ ပြောချင် တယ်” ဟု DPLF ပြန်ကြားရေး တာဝန်ခံက ဆက်ပြောသည်။

မိုင်းဆွဲ တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီဘက်မှ ရွာငံ - ရေဦးလမ်းတစ်လျှောက် အစစ်အဆေး တင်းကြပ် နေပြီး ယမန်နေ့ အောက်တိုဘာ ၂၂ ရက်နေ့က အမျိုးသား ၂ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသွား သည်ဟု လမ်းသွား/လာ ပြည်သူများက ပြောသည်။

စက်တင်ဘာလ ၂၆ ရက်နေ့ကလည်း ရပ်စောက်မြို့နယ်၊ ဗထူးမြို့တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်များကို DPLF မှ အလစ်ငိုက် ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ၃ ဦး သေဆုံးခဲ့သေးသည်။

Most read this week

October 24, 2024
ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့တွင် စစ်ပွဲအတွင်း...
October 23, 2024
စစ်ကောင်စီတပ်က ၎င်းတို့ လက်လွှတ်ဆုံးရှုံးထားရသည့် ရှမ်းမြောက်ဒေသထဲက လားရှိုးမြို့အပါအဝင်...
October 22, 2024
ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်အတွင်း ဆန် ဈေးနှုန်း မြင့်တက်လာမှုကြောင့် စစ်ဘေးရှောင်များ သာမက...
October 21, 2024
တနင်္သာရီတိုင်း ဒေသကြီးအတွင်းမှ မြိတ်၊ တနင်္သာရီနှင့် ပုလောမြို့နယ်များတွင် MPT ဖုန်းလိုင်းနှင့်...