အွန်လိုင်းဂိမ်း မက်လုံး ဖြားယောင်းမှုအောက် လူငယ်များသားကောင်ဖြစ်နေရ

အွန်လိုင်းဂိမ်း မက်လုံး ဖြားယောင်းမှုအောက် လူငယ်များသားကောင်ဖြစ်နေရ

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ငွေကြေးဖောင်းပွမှု မြင့်မားပြီး အလုပ်အကိုင် ရှားပါးလာသည်နှင့်အမျှ လွယ် လွယ်ဖြင့် ပိုက်ဆံရမည့် အလုပ်မျိုးကို လူအများစု စိတ်ဝင်စားလာကြသည်။

ထိုအထဲတွင် ဖေ့စ်ဘွတ်ခ်၊ တယ်လီဂရမ် စသည့် လူမှုကွန်ယက် စာမျက်နှာများပေါ်တွင် ကြော်ငြာများ ထည့်သွင်း လာသည့် အွန်လိုင်းဂိမ်းများက ပြည်သူလူထုအပေါ် သက်ရောက်မှုကြီးမားသည်။

အွန်လိုင်းဂိမ်းများ၏ ရိုက်ခတ်မှုကို ခံရသူများထဲတွင် သီပေါမြို့မှ အသက် ၁၉နှစ်အရွယ် စိုင်းခေးတစ်ယောက် အပါအဝင် ဖြစ်သည်။

သူငယ်ချင်းများ၏ ဆွဲဆောင်မှုအပါအဝင် အွန်လိုင်းတွင် တွေ့ရသည့် ကြော်ငြာများကြောင့် ဘောလုံးပွဲလောင်း သည့် အွန်လိုင်းဂိမ်း KLFB ကို စမ်းဆော့ဖြစ်ခဲ့သည်။

“အစတုန်းကတော့ ကျနော်လဲ မသိဘူး။ ကျနော်ဆော့ဖြစ်တာက မကြာသေးဘူး၊ ၈ လပိုင်းတုန်းကမှ စဆော့ ဖြစ် တာ။ သူငယ်ချင်းက ဒီဟာဆော့ကြည့်မလား မေးတယ်။ အစတုန်းက ကျတော်လဲ စိတ်မဝင်စားဘူး၊ သူငယ်ချင်း က သုံးလေးရက် လာပြောတော့ ဆော့ကြည့်ရင်းနဲ့ ဆက်ဆော့ဖြစ်သွားတယ်” ဟု စိုင်းခေးက ပြောသည်။

၂၀၂၃ ခုနှစ် မတ်လကမှ စတင်နာမည်ကြီးလာသည့် ၎င်း KLFB အွန်လိုင်းဂိမ်းသည် သက်ဆိုင်ရာ အဖွဲ့ခေါင်းဆောင် များမှ တဆင့် တယ်လီဂရမ်ဂရုပ်ထဲသို့ ဝင်ရသည်။ ပြီးလျှင် သူတို့ချပေးသည့် ဝက်ဘ်ဆိုဒ်လင့်ခ်ထဲ ထပ်ဝင်ရပြီး ထိုလင့်ခ်ထဲကနေ မှတဆင့် ဘောလုံးလောင်း၍ ဂိမ်းဝင်ဆော့ရခြင်းဖြစ်သည်။

“ဂိမ်းထဲရောက်သွားရင် သူတို့လောင်းခိုင်းတဲ့ ဘောလုံးပွဲကို ထည့်ရတာ။ ငွေထည့်ပြီးလောင်းရင် ကိုယ်လောင်းတဲ့ ဟာကို အတိုးပြန်ပေးတာ။ ငါးသိန်းလောင်းရင် ဘယ်လောက်ရာခိုင်နှုန်း အဲ့လိုအတိုးနဲ့ပြန်ပေးတာ” ဟု စိုင်းခေးက ဆက်ပြောသည်။

ကိုယ်ရင်းလိုက်သည့် ငွေပမာဏပေါ် မူတည်၍ အတိုးနှုန်း ၅% မှ ၈% အထိ ရမည်ဟု မက်လုံးပေး မြူဆွယ်မှု ကြောင့် ဝင်ငွေရလမ်းခက်ခဲသည့် အခြေခံ လက်လုပ်လက်စား သာမက ပုံမှန်ဝင်ငွေရှိသူများအထိ စိတ်ဝင်တစား ရှိကြသည်။

ပန်းရံလုပ်သားဖြစ်သည့် စိုင်းခေးတစ်ယောက် ၁ ရက် လုပ်အားခ ကျပ် ၈ ထောင်၊ ကျပ် ၁ သောင်းရသည့် ဝင်ငွေ ဖြင့် သူငယ်ချင်းများ အဆွယ်ကောင်းမှုကြောင့် ဆော့ဖြစ်နေသည့် KLFB အွန်လိုင်းဂိမ်းထဲကို ရသမျှလုပ်အားခ အားလုံးပုံအောပြီး ရင်းနှီးမြုပ်နှံခဲ့သည်။

အစပိုင်းတွင် KPay ဖြင့် ငွေသွင်းငွေထုတ် အဆင်ပြေခဲ့ပြီး ၂ လလောက် ဆော့ကစားလာပြီးနောက် အောက်တို ဘာလထဲ ရောက်လာသည့်အခါ ဂိမ်းအကောင့်ထဲရှိ ငွေများကို အသွင်း၊ အထုတ် လုပ်လို့မရတော့ကြောင်း သိလာရသည်။

“အခုတော့ ငွေထုတ်လို့ မရတော့ဘူး။ သူတို့ပြောကြတာ လောက်ကိုင်ကနေ လိမ်နေတာလို့ ပြောကြတယ်။ လိမ် တဲ့လူက ထိုင်းနယ်စပ်ဖက်ကို ထွက်ပြေးပြီလို့ကြားတယ်။ သူများအဖွဲ့တွေကတော့ ဘယ်လောက်ရှိလဲဆိုတာ ကျနော်တို့လည်း မသိဘူး။ ကျနော်တို့ သီပေါမှာလည်း ဆော့တဲ့လူတွေ များတယ်။ အဲ့လိုဆော့ရင်းနဲ့ ပိုက်ဆံတွေ ပါသွားတယ်။ လူတော်တော်များများ ပါသွားကြတယ်” ဟု စိုင်းခေးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၃ ရက်နေ့မှ စပြီး KLFB အွန်လိုင်းဂိမ်း အကောင့်ထဲရှိ ငွေများကို ထုတ်ယူ၍ မရ တော့ဘဲ အောက်တိုဘာလ ၁၉ ရက်နေ့တွင် KLFB ဂိမ်းအကောင့်ထဲရှိ ငွေပမာဏ၏ ၅ ရာခိုင်နှုန်းကို ၄၈ နာရီ အတွင်း ထည့်သွင်းပေးမှသာ လက်ကျန်ငွေများ ထုတ်ပေးမည်ဟု ကြေညာခဲ့သော်လည်း အမှန်တကယ် ထုတ်ယူ နိုင်ခြင်း မရှိခဲ့ကြောင်း ဂိမ်းဆော့ကစားသူများက ဆိုသည်။

“အောက်တိုဘာ ၂၁ ရက်တုန်းက ဝက်ဘ်ဆိုဒ် ပိတ်မယ်လို့ကြားတယ်။ ဒီနေ့အထိတော့ သူငယ်ချင်းတွေ ဝင်ဆော့ ကြည့် ကြသေးတယ်။ အများစုက ရှုံးကြတာ။ တချို့က ၅ ရက် ၆ ရက်ပဲဆော့ရသေးတယ်၊ ရှုံးကြတာလဲ ရှိတယ်။ တချို့လူတွေဆိုရင် သိန်းဆယ်ချီ ရှုံးလောက်တယ်။ ဆော့တာ မဆော့တာက ဘာမှမထူးတော့ဘူးလေ။ ဆက် ဆော့လည်း ပိုက်ဆံမရတော့ဘူး” ဟု လားရှိုးမြို့မှ KLFB ဂိမ်းဆော့ကစားသူ လူငယ်တစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

အောက်တိုဘာလ ၂၂ ရက်နေ့တွင် ၅% စပေါ်ငွေ မသွင်းရသေးသူများအတွက် နောက်ဆုံးသတိပေးချက်ဟုဆိုကာ ၁၈ နာရီအတွင်း ငွေသွင်းခြင်းကို အမြန်လုပ်ဆောင်ရန် KLFB ၏ တယ်လီဂရမ်ချန်နယ်တွင် ထပ်မံကြေညာထား သည်။

KLFB အက်ပလီကေးရှင်းတွင် ငွေထုတ်ငွေသွင်းခြင်းများ အတွက် ကမ္ဘောဇဘဏ်၏ KPay၊ KBZ Special account စသည့် ဘဏ်အကောင့်အမျိုးမျိုးဖြင့် ပြောင်းလဲအသုံးပြုကာ အုပ်စုဖွဲ့ လိမ်လည်လုပ်ကိုင်နေကြသော်လည်း ကမ္ဘောဇ ဘဏ်ဘက်မှ ၎င်းတို့နှင့်မဆိုင်ဘဲ သတိထားရန်သာ ပြောသည်။

ယခုဖြစ်စဉ်ကြောင့် မြန်မာတစ်ပြည်လုံးတွင် KLFB ဂိမ်းကစားသူ လူပေါင်း ၅ သိန်းခန့်ထံမှ  ငွေသိန်းသောင်းချီ လိမ်လည်ခံရသည်ဟု ကိုယ်တိုင် ငွေလိမ်ခံရသူများထံမှ သိရှိရသည်။

KLFB အက်ပလီကေးရှင်းကို Kaidali လက်အောက်ရှိ ဘောလုံးကလပ် ပလက်ဖောင်းဖြစ်ပြီး အင်္ဂလန်တွင် ရုံးချုပ် ရှိသည်ဟု ကြေညာထားသော်လည်း ၎င်းနောက်ကွယ်တွင် မည်သူတို့က အမှန်တကယ် လှုပ်ရှား ကြိုးကိုင်နေ သည်ကို ဂိမ်းဆော့ကစားသူများကိုယ်တိုင် မသိရှိဘဲ သျှမ်းပြည် လောက်ကိုင်မြို့တွင် အခြေစိုက်သည်ဟုသာ သိထားကြောင်း KLFB ဘောလုံးဂိမ်း ဆော့ကစားသူများက ပြောသည်။

ယခုကဲ့သို့ စစ်အာဏာသိမ်းကာလတွင် တရားဥပဒေစိုးမိုးမှု လျော့ရဲနေသည်ကို အခွင့်ကောင်းယူသည့် ဝိသမ လောဘသားများ၏ မြူဆွယ်ဖျားယောင်းမှုကြောင့် စိုင်းခေးတို့လို ကျေးလက်နေ အခြေခံလူတန်းစားများမှာ အားကိုးတိုင်တန်းရန် နေရာမရှိပေ။

အွန်လိုင်းဂိမ်းများကို လူမှုကွန်ယက်တွင် ငွေလက်ခံကာ ကြော်ငြာပေးသူများလည်း စနက်မကင်းဘဲ စစ်ကောင်စီ ထောက်တိုင်များဖြစ်သည့် စစ်တပ်နှင့် ရဲများကိုယ်တိုင် ယခုကိစ္စများကို မျက်ကွယ်ပြုနေသည်။

စိုင်းခေးတစ်ယောက် ၂ လကျော် ဆော့ကစားခဲ့သည့် ကာလအတွင်း လုပ်အားခအားလုံးကို ၎င်းဂိမ်းထဲတွင် ဘော လုံးလောင်းရင်း ငွေရှုံးခဲ့တာကြောင့် မိသားစုနှင့်လည်း အဆင်မပြေဖြစ်ကာ လူမှုရေးပြဿနာများနှင့် ရင်ဆိုင် နေရသည်။

“သူငယ်ချင်းတွေက တကယ်အမြတ်ရတယ်၊ ကောင်းတယ်ဆိုလို့ စမ်းဆော့ကြည့်တာ။ အဲ့ဒီ ရမယ့်အမြတ်ကို မက်ပြီးတော့ ရင်းလိုက်တာ။ ကျနော်တို့ ပင်ပင်ပန်းပန်းနဲ့ နေ့တိုင်းအလုပ်သွား ပိုက်ဆံရှာရတာ၊ တစ်ရက်မှ ၈ ထောင် ၁ သောင်း အဲ့လောက်ပဲရတာ။ ရင်းလိုက်ရတာက သိန်းချီရင်းလိုက်တာ။ အမြတ်မပြောနဲ့ အရင်းတောင် ပြန်မရဘူး” ဟု စိုင်းခေးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အွန်လိုင်း လူမှုကွန်ရက်ပေါ်ကနေ နည်းမျိုးစုံ၊ ပုံစံမျိုးစုံဖြင့် လူငယ်များကို မြူဆွယ်ပြီး ငွေချူနေသည့်အပေါ် သတိထားကြရန်၊ အယုံမလွယ်ကြရန်လည်း အွန်လိုင်းဂိမ်းဆော့ဖူးသူများက ထောက်ပြ ပြောဆိုလိုက်သည်။

“သူငယ်ချင်းတွေကို ပြောချင်တာက အွန်လိုင်းပေါ်က အလုပ်တွေက မတည်မြဲဘူး။ ငွေလိမ်ပြီး လုပ်စားတာတွေ ချည်းပဲ။ အခု ကျတော်ကိုယ်တိုင် ဖြစ်သလိုမျိုး လူငယ်တွေကို ဆက်မဆော့စေချင်ဘူး။ ဒီလို အွန်လိုင်းဂိမ်းဆော့ တာမျိုးက ကိုယ့်အကောင့်ကို ဘယ်အချိန်ပိတ်ချမယ်ဆိုတာ မသိရဘူးလေ။ သူများက ကိုယ့်အကောင့်ကို ပိတ် ချင်ရင် ခဏလေးနဲ့ ဖြစ်တာပဲ” ဟု စိုင်းခေးက ဆက်ပြောသည်။

October 24, 2024
သျှမ်း-မန္တလေးနယ်စပ် ပြင်ဦးလွင်မြို့ရှိ တပ်မိသားစုဝင်များကို စစ်ကောင်စီက...
October 23, 2024
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ရှိ နယ်စပ်ဂိတ်များတွင် ပို့ကုန်သွင်းကုန် ပစ္စည်းအဝင်အထွက် စစ်ဆေးရေး...
October 23, 2024
သျှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့နယ်ကို  စစ်ကောင်စီက နှစ်ရက်ဆက်တိုက် လေကြောင်းဖြင့်...
October 21, 2024
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် စစ်ကောင်စီက ပြည်သူများစားဝတ်နေရေး ခက်ခဲနေသည့် ကြားမှ...