ကန့်ဘလူ စစ်ရှောင်များ စောင်နှင့် အနွေးထည်များ လိုအပ်

ကန့်ဘလူ စစ်ရှောင်များ စောင်နှင့် အနွေးထည်များ လိုအပ်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ စစ်ရှောင်ပြည်သူများအတွက် ဆောင်းရာသီဝင်လာပြီ ဖြစ်သည့်အတွက် အနွေးထည်နှင့် ခြုံစောင်များ လိုအပ်နေကြောင်း စစ်ရှောင်အရေးဆောင်ရွက်ပေးနေသူများက ပြောသည်။

ကန့်ဘလူမြို့နယ်ထဲ အမြဲတမ်းစစ်ရှောင် အယောက် ၃၀,၀၀၀ အထက်ရှိရာ ၎င်းတို့အတွက် အနွေးထည်နှင့် ခြုံစောင်များ လိုအပ်နေခြင်း ဖြစ်သည်ဟု စစ်ရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူ တစ်ဦးက ပြောသည်။

“စစ်ကြောင်းရှိနေတဲ့ အခါကြတော့ တောထဲမှာ ရှောင်နေကြရတာ။ တချို့နီးစပ်ရာရွာ တချို့ကျတော့ တောထဲ မှာ။ အခုထိ ရှောင်နေရတုန်း။ အဓိက အခက်အခဲကတော့ စားရေးသောက်ရေးပေါ့။ ဒီကန့်ဘလူမြို့နယ်ထဲမှာက အမြဲတမ်း စစ်ရှောင်ဆိုလို့ရှိရင် ၃ သောင်းအထက်မှာရှိတယ်။ ကိုးတောင်ဘို့၊ ချပ်တင်းတိုက်နယ်ဆိုရင် စစ်ရှောင် ရတာက တစ်နှစ်ကျော် တစ်နှစ်ခွဲနီးပါးရှိပြီ။ ရေရှည်မှာကျတော့ စားရေးသောက်ရေး ခက်ခဲလာတာ ရှိတယ်” ဟု ပြောသည်။

ထို့အပြင် “နောက်ပြီး အဝတ်အထည်ပိုင်းတွေ ဆောင်းတွင်းဝင်လာတဲ့ အခါကျတော့ ဆောင်တွေ နောက်ထပ် မိန်းကလေး အသုံးအဆောင် ပစ္စည်းတွေက တော်တော်များက လိုအပ်ချက်မြင့် လာတယ်” ဟု ပြောသည်။

ကန့်ဘလူမြို့နယ်တွင် အောက်တိုဘာလ ၁၅ နှင့် ၁၆ ရက်နေ့တွင် ပင့်သာတိုက်နယ်အတွင်းသို့ စစ်ကောင်စီ တပ် နှင့် ပျူးစောထီးအဖွဲ့တို့မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းတမ်းပစ်ခတ်မှုကြောင့် ချောင်းခြား၊ ဖလားရ၊ အင်းမ၊ ရှမ်းကုန်း၊ ပင့်သာနှင့် မကျီးကုန်းကျေးရွာတို့က ပြည်သူများ တောထဲတွင် ထွက်ပြေးတိမ်းရှောင် ခဲ့ရသည် ဟု ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ တာဝန်ရှိသူ က ပြောသည်။

“ကိုးတောင်ဘို့၊ ချပ်တင်း၊ ပင့်သာက စစ်ကောင်စီတပ်ရဲ့ အထိုင်စခန်းတွေနဲ့ နီးတဲ့အခါကျတော့ ရွာထဲမှာမနေရဲ တော့ဘဲနဲ့ ဒီအထိုင်စခန်းတွေနဲ့ ဝေးတဲ့နေရာ တောထဲမှာဘဲ တဲထိုးနေကြတာမျိုးတွေ ရှိတယ်။ နောက်စစ်ရှောင် စခန်းတွေမှာ နေကြတာရှိတယ်။ တချို့ကျတော့လည်း မီးရှို့ခံရလို့ ရွာထဲမှာမနေရဲတာ နေစရာမရှိတော့ တာ ပေါ့။ ပင့်သာတိုက်နယ်ထဲ ဝင်တဲ့ဟာကဆိုရင် သူတို့ သတင်းကြိုရထားတာပေါ့။ သူတို့ ကြိုပြီးရှောင်နေကြတာ ပေါ့” ဟု ပြောသည်။

ကန့်ဘလူမြို့နယ်တွင် မကြာခဏဆိုသလို စစ်ကောင်စီတပ်နှင့် ဒေသပြည်သူ့ကာကွယ်တပ်တို့ တိုက်ပွဲ ဖြစ်ပွား လေ့ရှိပြီး စစ်ကောင်စီတပ်စခန်းနှင့် နီးစပ်သည့် ကျေးရွာအများစုသည် ကျေးရွာအတွင်း မနေထိုင်တော့သည့် အပြင် လယ်ယာစိုက်ခင်းများလည်း လုပ်ကိုင်နိုင်ခြင်း မရှိတော့ကြောင်း စစ်ရှောင်အရေး ကူညီဆောင်ရွက် ပေး နေသူများ က ပြောသည်။

စစ်ရှောင်များအား လိုက်လံကူညီပေးနေသူ အမျိုးသားတစ်ဦးက “အထိုင်စခန်းတွေနဲ့ နီးတဲ့ရွာတွေကတော့ မလုပ်လောက်တော့ဘူး။ ဒါပေမယ့် နည်းနည်း အလှမ်းဝေးတဲ့ဟာ တော့ လုပ်လို့ရတယ်။ လောလောဆယ် အခြေအနေ က နီးစပ်ရာ ရွာတွေကနေပြီးတော့ အလှူခံပြီးတော့ ကျွေး နေရတာတွေ ရှိတယ်။ ကလေးတွေ ကတော့ ကျောင်းပညာရေးတွေကတော့ လွှတ်သွားတာပေါ့” ဟု ပြောသည်။

အောက်တိုဘာလအတွင်း ကန့်ဘလူမြို့နယ်ထဲသို့ စစ်ကောင်စီက လက်နက်ကြီး/ငယ်များဖြင့် ပစ်ခတ်ကာ ထိုးစစ်စဉ်လာမှုကြောင့် ကျေးရွာ ၆ ရွာခန့်ရှိ စစ်ရှောင်ပြည်သူ အယောက် ၃၀၀၀ ခန့်လည်း ထပ်မံစစ်ရှောင်နေရ သည်။

ထို့အပြင် ကန့်ဘလူမြို့နယ်တွင်းရှိ စစ်ရှောင်များထဲတွင် တုတ်ကွေးဖျားနာမှုများလည်း အဖြစ်များနေပြီး ဆေးဝါး နှင့် အခြားအကူအညီများ လိုအပ်လျှက်ရှိနေပြီး ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူ ခရိုင်) နှင့် ကန့်ဘလူခရိုင် PDF ဆေးတပ်ဖွဲ့မှ ဆရာဝန်များပူး‌ပေါင်း၍ ကျန်းမာရေး စောင့်ရှောက်မှုပေးနေရသည် ဟု ထုတ်ပြန်ထားသည်။

Most read this week

October 24, 2024
ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့တွင် စစ်ပွဲအတွင်း...
October 23, 2024
စစ်ကောင်စီတပ်က ၎င်းတို့ လက်လွှတ်ဆုံးရှုံးထားရသည့် ရှမ်းမြောက်ဒေသထဲက လားရှိုးမြို့အပါအဝင်...
October 22, 2024
ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်အတွင်း ဆန် ဈေးနှုန်း မြင့်တက်လာမှုကြောင့် စစ်ဘေးရှောင်များ သာမက...
October 21, 2024
တနင်္သာရီတိုင်း ဒေသကြီးအတွင်းမှ မြိတ်၊ တနင်္သာရီနှင့် ပုလောမြို့နယ်များတွင် MPT ဖုန်းလိုင်းနှင့်...