ဖရူဆိုမှာ ကြားဖြတ်တိုက်ခိုက်ခံနေရတဲ့ အစီး ၆၀ ပါ စစ်ကောင်စီ ထောက်ပို့ယာဉ်တန်းထဲက (၃) စီး ဘောလခဲကို ရောက်ရှိ

ဖရူဆိုမှာ ကြားဖြတ်တိုက်ခိုက်ခံနေရတဲ့ အစီး ၆၀ ပါ စစ်ကောင်စီ ထောက်ပို့ယာဉ်တန်းထဲက (၃) စီး ဘောလခဲကို ရောက်ရှိ

ကရင်နီ (ကယား)ပြည်၊ ဘောလခဲမြို့နယ်ဘက်ကို ဦးတည်သွားနေတဲ့ စစ်ကောင်စီရဲ့ ထောက်ပို့ယာဉ်တန်း အစီး (၆၀) ခန့်ဟာ ကရင်နီဒေသခံကာကွယ်ရေး ပူးပေါင်းတပ်တွေရဲ့ ကြားဖြတ်တိုက်ခိုက်မှုတွေကြားက ထောက်ပို့ ယာဉ် ၃ စီးဟာ ဘောလခဲမြို့ထဲကို ရောက်သွားတယ်လို့ KNDG တာဝန်ရှိသူက ပြောပါတယ်။

အဲ့ဒီ ထောက်ပို့ ယာဉ် ၃ စီးဟာ အောက်တိုဘာလ ၁၈ ရက်နေ့မှာ ဘောလခဲမြို့ထဲကို ရောက်ရှိသွားတယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) စစ်ရေးချုပ် ခူးရီးဒူက ကန္တာရဝတီတိုင်း(မ်)ကို ဖြေကြား ပါတယ်။

စစ်ရေးချုပ် ခူးရီးဒူက “လက်ရှိ စစ်ကောင်စီရဲ့ ယာဉ်တန်းတွေကတော့ သူတို့ ထွက်နိုင်အောင် ကြိုးစားနေတယ်။ မနေ့ညမှာပဲ စစ်ကောင်စီ ယာဉ်တန်းထဲမှာမှ ၃ စီး ဘောလခဲဖက် ရောက်သွားပြီ ဖြစ်တယ်“ လို့ ပြောပါတယ်။

အဆိုပါ ထောက်ပို့ယာဉ်တန်း အစီး ၆၀ ဟာ ဘောလခဲနဲ့ ဖားဆောင်းမြို့နယ်ထဲက တပ်တွေကို လက်နက်ခဲယမ်း၊ စားနပ်ရိက္ခာ ပို့ဆောင်နိုင်ဖို့ ကြိုးစားနေတာဖြစ်ပြီးတယ်လို့ မြေပြင် သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

ထောက်ပို့ယာဉ်တန်းမှာ ဖရူဆိုမြို့နယ်ထဲမှာပဲ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ကြားဖြတ် တိုက်ခိုက်မှုတွေကြောင့် လိုရာခရီးကို အများစုက မရောက်နိုင်သေးတာ ဖြစ်တယ်လို့ မြေပြင်သတင်းအချက်အလက်တွေ အရ သိရပါ တယ်။

အဆိုပါ ထောက်ပို့ယာဉ်တန်းဟာ စက်တင်ဘာလ ပထမပတ်ကစပြီး မြေပြင်စစ်ကြောင်းတွေနဲ့ ဖရူဆို – ဘောလ ခဲ ပြည်ထောင်စု လမ်းမကြီးတစ်လျောက် ထိုးစစ်ဆင်လာတဲ့အတွက် တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။

တစ်လကျော်ခန့် ကြာမြင့်နေပြီဖြစ်တဲ့ ထောက်ပို့ယာဉ်တန်းပို့ဆောင်မှုမှာ စစ်ကောင်စီရဲ့ လှုပ်ရှားမှုအပေါ် မူတည် ပြီး နှစ်ဖက် ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေဆဲဖြစ်သလို ယာဉ်တန်းတွေကိုလည်း ဖြတ်တောက်နိုင်အောင် လုပ်ဆောင် နေတယ်လို့ ကရင်နီတပ်မတော်(KA) စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က ပြောပါတယ်။

“ကျနော်တို့ကလည်း သူတို့လှုပ်ရှားမှုအပေါ်မှာကြည့်ပြီးတော့မှ မလုပ်နိုင်အောင် ရှေ့ဆက်မတိုးနိုင်အောင် ဖြတ် တောက်ဖို့က တာဝန်ရှိတယ်လေ။ ဒါကိုတော့ လုပ်လည်းလုပ်နေပါတယ်” လို့ ဗိုလ်မှူးကြီးဘုန်းနိုင်က ပြောပါ တယ်။

ဘောလခဲကို ဦးတည်တဲ့ ထောက်ပို့စစ်ယာဉ်တန်းကတော့ စစ်ကောင်စီတို့အတွက် အရေးကြီးတဲ့ ခရီးစဉ် ဖြစ် သလို တော်လှန်ရေးတပ်ဖွဲ့အနေနဲ့လည်း ယာဉ်တန်းကို ဖြတ်တောက်နိုင်ဖို့ ဆက်လက် လုပ်ဆောင်နေတယ်လို့ ဆို ပါတယ်။

“သူတို့ သတ်မှတ်ထားတဲ့ နေရာကို ရောက်ရှိသွားမယ်ဆိုလို့ရှိရင်တော့ သူတို့ရဲ့ ရိက္ခာတွေ ဖြည့်တင်းနိုင်မယ်။ ကျည်တွေ ဖြည့်တင်းနိုင်မယ် ဆိုလို့ရှိရင် သူတို့ရဲ့ ကာကွယ်ခုခံနိုင်တဲ့ ပုံစံက ပိုပြီးတော့ မြင့်သွားလိမ့်မယ်။ ဒီယာဉ်တန်းကို ကျနော်တို့ ဖျက်ဆီးနိုင်မှပဲ ဖြတ်တောက်နိုင်မှပဲ စစ်ကောင်စီကို ကျနော်တို့တွေက ဘောလခဲတို့ ဖက်ဖြစ်ဖြစ်၊ ဖားဆောင်းတို့ဖက်ဖြစ်ဖြစ်၊ မယ်စဲ့တို့မှာဖြစ်ဖြစ် ချေမှုန်းရ ပိုလွယ်ကူနိုင်မယ့် အခြေအနေမှာ ရှိနေ ပါတယ်“ လို့ KNDF စစ်ရေးချုပ် ခူးရီးဒူက ဆက်ပြောပါတယ်။

ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတစ်လျောက် ဖရူဆိုမြို့နယ် အခြေစိုက် အမှတ် (၁၄) စစ်လေ့ကျင့်ရေးကျောင်းကနေ မားခ ရော်ရှေ့၊ လောကျေခူ၊ ထားလဲ၊ ပရယ်တော် နဲ့ နန်းဖဲကျေးရွာအထိ စစ်ကောင်စီက စစ်ကြောင်း (၆)ကြောင်း နဲ့ ထိုးစစ်ဆင်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။

တိုက်ပွဲကြောင့် ဖရူဆိုမြို့နယ်နဲ့ ဘောလခဲမြို့နယ်အကြား ပြည်ထောင်စု လမ်းမကြီးဘေး တစ်လျှောက်က ကျေးရွာ ၇ ရွာက လူဦးရေ ၃၀၀၀ ကျော်ဟာ ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“လက်နက်ကြီးနဲ့ လေယာဉ်ကို စိုးရိမ်ရတဲ့အခြေအနေမျိုးဖြစ်ခါကျတော့ ရှောင်ရင်းနဲ့ ကိုယ်နေနေကျ နေရာမှာ မနေရဲကြတော့ဘဲနဲ့၊ ကိုယ့်အိမ် ကိုယ့်တဲမှာ မနေရဲကြတော့ဘဲနဲ့ ကျောက်ကြား၊ တောင်ကြားမှာ သွားရှောင် နေ ကြတာပေါ့နော်။ ဒီတကြော တော်တော်များများက အဲ့လိုအခြေအနေ ရှိတယ်” လို့ အသက် ၂၀ ကျော်အရွယ် ဖရူဆိုဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီဟာ တိုက်ပွဲဖြစ်ပွားသည် ဖြစ်စေ၊ မဖြစ်ပွားသည်ဖြစ်စေ အရပ်သားတွေ နေထိုင်တဲ့ ကျေးရွာ၊ စစ်ရှောင်စခန်းရှိရာဖက်ကို မကြာခဏ လက်နက်ကြီးတွေ ပစ်ခတ်တာ၊ လေယာဉ်ကနေ ဗုံးကြဲတာတွေကြောင့် လည်း စစ်ရှောင်တွေနဲ့ ဒေသခံတွေဟာ တောတောင်တွေထဲကို ထပ်ဆင့် ထွက်ပြေးတိမ်းရှောင်ခဲ့ကြ ရပါတယ်။

“ပုံမှန်မရှိဘူး သူတို့တခါတလေ ထုရင်(လက်နက်ကြီး) နှစ်လုံး၊ သုံးလုံးထုတာမျိုးရှိတယ်။ တခါတလေ ၆လုံး၊ ၇လုံး၊ တခါတလေလဲ တစ်ညလုံး၊ တစ်မနက်လုံးထုတာရှိတယ်။ ၁၀လုံးကျော်တာမျိုးလဲရှိတယ်။ အနည်းဆုံး ၆ခေါက်၊ တစ်ခါတလေ ၁၀ ခေါက်ကျော်တာလဲရှိတယ်။ မပစ်တဲ့ရက်တွေကတော့ ခပ်နည်းနည်းပေါ့နော။ မပစ် တဲ့ရက်ဆို တစ်ရက်လောက်ပဲ နောက်ရက်ဆို ပြန်ပစ်ပြီ” လို့ ဒေသခံအမျိုးသမီးက ပြောပါတယ်။

ဖရူဆိုမြို့နယ် အခြေစိုက် စစ်ကောင်စီတပ်တွေကနေ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဖရူဆိုမြို့နယ်အတွင်းမှာ အောက်တိုဘာလ (၇) ရက်နေ့က စစ်ရှောင်ကလေးငယ်တစ်ဦး သေဆုံးခဲ့ပြီး နေအိမ်ထိခိုက်ပျက်စီးတာတွေ လည်း ရှိခဲ့ပါတယ်။

စစ်ကောင်စီဟာ ရှေ့ထွက်ကင်းတွေ ရွှေ့ပြောင်းတဲ့အချိန် နဲ့ ယာဉ်တန်းတွေ တပ်ထဲက ထွက်ချိန်တွေမှာ လက် နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တာမျိုးလည်း ရှိပါတယ်။

စက်တင်ဘာလအတွင်းက ဖရူဆိုမြို့နယ်အပြင် တခြားမြို့နယ်တွေမှာလည်း တိုက်ပွဲဖြစ်ပွားတာတွေရှိခဲ့ပါတယ်။

KNDF ရဲ့ စစ်ရေးသတင်းထုတ်ပြန်ချက်အရ တိုက်ပွဲပေါင်း (၂၉) ကြိမ်မှာ စစ်ကောင်စီ တပ်သား (၇၈) ဦး သေဆုံး ခဲ့ပြီး KNDF တပ်ဖက်က ရဲဘော် (၈) ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

အာဏာသိမ်းပြီးနောက် ဒေသတွင်းမှာ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ချိန်မှ စတင်ပြီး လွိုင်ကော် - ဘောလခဲဘက် ဦးတည်သွားတဲ့ စစ်ကောင်စီယာဉ်တန်းကို တော်လှန်ရေးတပ်ဖွဲ့ဘက်က ကြားဖြတ်တိုက်ခိုက်တာတွေ မကြာခဏ ပြုလုပ်ခဲ့ပါတယ်။

ကရင်နီပြည်မှာ စစ်ရေးအရှိန်မြင့်လာတာနဲ့အမျှ စစ်ကောင်စီတပ်က အချက်အချာကျတဲ့ ဒီးမော့ဆို - ဖရူဆို - ဘောလခဲ - ဖားဆောင်းမြို့နယ်က ၎င်းတို့ရဲ့ အထိုင်ချ တပ်စခန်းတွေအတွက် ပြည်ထောင်စုလမ်းမကြီးကို ထိန်းချုပ်နိုင်ဖို့ အပြင်းအထန် ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။

အဲ့ဒီလမ်းမကြီးကို စစ်ကောင်စီဖက်က ထိန်းချုပ်နိုင်ပါက ရိက္ခာလမ်းကြောင်း၊ စစ်ကြောင်း နဲ့ စစ်ယာဉ်တန်းတွေ ဖြတ်သန်းသွားလာနိုင်မှာဖြစ်ပါတယ်။

၂၀၂၂ခုနှစ်၊ ဇွန်လအတွင်းက ဖရူဆို နဲ့ ဘောလခဲ အကြား မြင်တွေ့ရတဲ့ စစ်ကောင်စီယာဉ်တန်း။

(ဓါတ်ပုံ - ကန္တာရဝတီတိုင်း(မ်) )

October 24, 2024
ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) နဲ့ လွတ်လပ်သော မြန်မာသတင်းမီဒီယာ ကောင်စီ (IPCM)...
October 22, 2024
၂၀၂၁ ခုနှစ် စစ်တပ်ကအာဏာသိမ်းယူပြီးတဲ့နောက်ပိုင်း ကရင်နီပြည်နယ်အတွင်းမှာ အရပ်သားတွေ မိုင်းကြောင့်...
October 18, 2024
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အရှေ့ဖက်ခြမ်းက ပွန်ချောင်းစစ်ရှောင်စခန်းမှာ ရေဘေးကြောင့်...
October 16, 2024
ရာဂီမုန်တိုင်း နောက်ဆက်တွဲကြောင့် ရေဘေးသင့်ခဲ့တဲ့ ကရင်နီလူထုတွေ ပြန်လည်ထူထောင်နိုင်ရေးအတွက်...