ဗန်းမော်မှာ KIO အရာရှိဟောင်းတစ်ဦးနဲ့အတူ မိသားစုဝင် ၃ ဦးဖမ်းဆီးခံရ

ဗန်းမော်မှာ KIO အရာရှိဟောင်းတစ်ဦးနဲ့အတူ မိသားစုဝင် ၃ ဦးဖမ်းဆီးခံရ
ဗုံးခွဲခံလိုက်ရတဲ့ KIO အရာရှိဟောင်းနေအိမ်
ဗုံးခွဲခံလိုက်ရတဲ့ KIO အရာရှိဟောင်းနေအိမ်

ကချင်ပြည်နယ် ဗန်းမော်မြို့ အရှေ့ညောင်ပင်ရပ် ရပ်ကွက်မှာနေထိုင်တဲ့ KIO အရာရှိဟောင်းတစ်ဦး နဲ့ မိသားစု ဝင် ၃ ဦးအား စစ်ကောင်စီတပ်တွေက နေအိမ်ကနေ လာရောက်ဖမ်းဆီးသွားပါတယ်။

ဗန်းမော်အခြေစိုက် စစ်ဆင်ရေးကွပ်ကဲဌာနချုပ် စကခ – ၂၁ နဲ့ ရဲတပ်ဖွဲ့ဝင်တွေ ပေါင်းပြီးတော့ အောက်တိုဘာလ ၁၇ ရက်နေ့ ညနေမှာ KIO အရာရှိမိသားစုဝင်များကို ဖမ်းဆီးခေါ်ဆောင်သွားတဲ့အပြင် အိမ်ထဲမှာရှိတဲ့ အဖိုးတန် ပစ္စည်းတွေကို ယူသွားပြီး အောက်တိုဘာလ ၁၈ ရက်နေ့၊ ညမှာတော့ အိမ်ကိုပါ ထပ်ပြီး ဗုံးခွဲဖျက်ဆီးခဲ့တာ ဖြစ် တယ်လို့ သတင်းရင်းမြစ်တစ်ဦးက KNG ကို အခုလို ပြောပါတယ်။

“ဖမ်းရင်ဖမ်းလေ အခုက အိမ်က အဖိုးတန်ပစ္စည်းတွေကိုပါ ယူသွားပြီး အိမ်ကိုပါ ဗုံးခွဲခဲ့တယ်“ လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ KIO အရာရှိဟောင်း ဦးဒါရှီလဒွဲ၊ ၎င်း၏ ဇနီးနဲ့ သားဖြစ်သူတို့အပြင် အိမ်မှာ ရောက်နေတဲ့ ဧည့်သည် အမျိုးသမီးတစ်ဦးကိုပါ ဖမ်းဆီးသွားခြင်း ဖြစ်ပြီး လက်ရှိတွင် စကခ-၂၁ မှာ ထိန်းသိမ်းထား တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

“မိသားစုတွေ အဖမ်းခံရတာတော့ သေချာတယ်။ သူ့မိန်းမ သူ့ကလေးနဲ့ အိမ်မှာ လာတည်းနေတဲ့ ဧည့်သည့် ကလေးတစ်ယောက်လည်း အတူ အဖမ်းခံလိုက်ရတယ်။ အခုထိ အိမ်နားတောင် သွားလို့မရဘူး။ လုံခြုံရေးတွေ ချထားပြီးစောင့်ကြည့် နေကြလို့” လို့ ဗန်းမော်ဒေသခံ တစ်ယောက်က ပြောပါတယ်။

နမ်ဆန်ယန်ကို ထိုးစစ်ဆင်လာခဲ့တဲ့ ဇူလိုင်လကစပြီး ဗန်းမော်မှာပါ စစ်ကောင်စီတပ်တွေဟာ မြို့အဝင်အထွက် တွေကို အင်အားတိုးချဲ့ကာ လုံခြုံရေးကိုလည်း သိသိသာသာ တင်းကြပ်ထားပါတယ်။

မြို့တွင်းမှာလည်း KIA၊ PDF နဲ့ ပတ်သက်ဆက်နွယ်မှု ရှိတယ်လို့ စွပ်စွဲပြီး သံသယရှိသူတွေကို လိုက်လံစုံစမ်း စစ်ဆေး ဖမ်းဆီးတာတွေလည်း ဆက်တိုက် လုပ်ဆောင်နေတယ်လို့ ဗန်းမော်ဒေသခံတွေက ပြောပါတယ်။

တဖက်မှာလည်း အာဏာသိမ်းပြီးတဲ့ နောက်ပိုင်း ဗန်းမော်မြို့မှာ စစ်ကောင်စီတပ် လက်အောက်ခံတွေဖြစ်တဲ့ အစိုးရ စုပေါင်းရုံးတွေအပြင် ထွေအုပ်ရုံးတွေကိုလည်း KIA နှင့် PDF ပူးပေါင်းတပ်တွေက သွားရောက်တိုက်ခိုက် တာတွေ ရှိသလို ပြီးခဲ့တဲ့ အပတ်ကလည်း ဗန်းမော်အထွက် ၅ မိုင် ဂိတ်စခန်း ဒရုန်းနဲ့ ဗုံးကြဲခံရတာလည်း ရှိခဲ့ပါ တယ်။

ဒါ့အပြင် ဒီရက်ပိုင်းမှာလည်း KIA၊ PDF အဖွဲ့တွေနဲ့ ပတ်သက်ဆက်နွယ်မှုရှိတယ်လို့ ယူဆထားတဲ့ နေအိမ်တွေနဲ့  ရပ်ကွက်တချို့မှာ နာမည်စာရင်း ကောက်ယူတာတွေလည်း လုပ်နေတယ်လို့ ဗန်းမော်မြို့ခံတွေက ပြောပါတယ်။

ဗန်းမော်မြို့နယ်ဟာ အစိုးရရုံးတွေ ခရိုင်စိုက်တဲ့မြို့ဖြစ်တဲ့ အပြင် ဧရာဝတီမြစ်ကမ်းနံဘေးမှာရှိတဲ့ မြို့နယ်ဖြစ် တာကြောင့် စစ်တပ်အတွက် ရေကြောင်းကနေ ရိက္ခာသယ်ယူရာမှာ အချက်အချာကျတဲ့ မြို့နယ် ဖြစ်ပါတယ်။

ဒါကြောင့် မန္တလေးကနေ စစ်သင်္ဘောတွေ ဗန်းမော်ဆိပ်ကမ်းမှာ ဆိုက်ကပ်တိုင်း ဗန်းမော်မြို့တွင်းမှာ ပြည်သူတွေ လုံခြုံရေး တင်းကြပ်ခံနေရတာလည်း ဖြစ်ပါတယ်။

ပုံစာ- ဗုံးခွဲခံလိုက်ရတဲ့ KIO အရာရှိဟောင်းနေအိမ်

Most read this week

September 20, 2024
မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းကနေ စစ်လက်နက်ရိက္ခာဖြည့်တင်းဖို့ဆန်တက်လာတဲ့...
September 19, 2024
ဖားကန့်မြို့ ဆိုင်းတောင်တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင် ၄...
September 17, 2024
ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ဆိုက်ကပ်ထားတဲ့ စစ်သင်္ဘော ဗန်းမော်ဘက်ကို ဆန်တက်လာချိန်...
September 16, 2024
ရှမ်းပြည်မြောက်ပိုင်း မုံးကိုးမြို့နယ် မုံးပေါ်ဒေသမှာ KIO/KIA နဲ့ MNDAA လက်နက်ကိုင်နှစ်ဖွဲ့ကြား...