ကျောက်တော်က စစ်ဘေးရှောင်များ ဌာနဆိုင်ရာရုံးများတွင် လုပ်အားပေးနေရ

ကျောက်တော်က စစ်ဘေးရှောင်များ ဌာနဆိုင်ရာရုံးများတွင် လုပ်အားပေးနေရ

ရခိုင်ပြည်၊ ကျောက်တော်မြို့ပေါ်တွင် ခိုလှုံနေကြသော စစ်ဘေးရှောင်များမှာ ဌာနဆိုင်ရာရုံးများတွင် လုပ်အားခ ငွေကြေး တစ်စုံတစ်ရာမရရှိဘဲ လုပ်အားပေးနေကြရသည်ဟု စစ်ဘေးရှောင်များကပြောသည်။

ကျောက်တော်မြို့ ကမ်းနားလမ်းတွင် အမှိုက်သိမ်းဆည်းခြင်း၊ ဆေးရုံတွင် သန့်ရှင်းရေးလုပ်ခြင်း၊ အထွေထွေ အုပ်ချုပ်ရေးရုံး ခြံဝန်းအတွင်း သန့်ရှင်းရေးလုပ်ခြင်း စသည်တို့ကို လုပ်ကိုင်ပေးရသည်ဟု စစ်ဘေးရှောင်များက ပြောသည်။

ဆေးရုံတွင် သန့်ရှင်းရေးနှစ်ကြိမ် လုပ်ကိုင်ပေးဖူးသည့် မဟာကံကြီးသျှင် စစ်ဘေးရှောင်စခန်းမှ အမျိုးသမီး တစ် ဦးက “ပထမတစ်ခါ သွားတုန်းကတော့ ကိုယ်ကျတဲ့နေရာမှာ လုပ်ရတယ်။ နောက်တော့ ပိန်းပင်တွေ၊ မြက်ပင် တွေ ရှင်းလင်းပေးရတယ်။ ဆေးရုံမှာ အညစ်အကြေးတွေ ဆေးရတယ်” ဟု ပြောသည်။

ဆက်လက်၍ ၎င်းအမျိုးသမီးက “မိန်းမအသုံးအဆောင်တွေ၊ ဟိုပစ္စည်း၊ ဒီပစ္စည်းတွေ၊ ဟိုအဆိုးဒီအဆိုး၊ ရေသန့် ဗူးခွံတွေ ဆေးရုံမှာဆိုတာက သိတဲ့အတိုင်းပဲ အမျိုးမျိုးအမှိုက်တွေကို ကောက်ရတယ်” ဟု ပြောသည်။

စစ်ဘေးရှောင်များ လုပ်အားပေးအဖြစ်လုပ်ကိုင်ရန်အတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ တစ်ဆင့် စခန်းတာဝန်ရှိသူများထံ အကြောင်းကြားပြီး လိုအပ်သည့်လူဦးရေအလိုက် တစ်လလျှင် တစ်ကြိမ်၊ နှစ်ကြိမ် စ သဖြင့် အလှည့်ကျသွားနေရကြောင်း သိရသည်။

ထိုသို့ လုပ်အားပေးအဖြစ် သွားရောက်မလုပ်ကိုင်လျှင် စားနပ်ရိက္ခာထောက်ပံ့မှုများကို ရပ်ဆိုင်းခံရမည်ဟု ခြိမ်း ခြောက်မှုများရှိ၍ စားသောက်ရေးအခက်အခဲဖြစ်မည်ကို စိုးရိမ်ပြီး သွားရောက်လုပ်ကိုင် ပေးနေရသည်ဟု စစ်ဘေးရှောင်များက ပြောသည်။

“ကျမတို့ကိုယ့်ခန္ဓာက သူများစိတ်နဲ့ နေရတာ။ ဒီနေရာမှာ အိမ်လည်းမရှိ၊ ထားသလိုနေ၊ မဝရင်လည်းစား ဝရင် လည်းစား ကျမတို့မှာ ပြောခွင့်မရှိဘူး။ မပြည့်စုံလို့ သူတို့ကပေးတဲ့ ရိက္ခာနည်းနည်းလေးကို မရမှာတွက်ပြီး ကိုယ့် မိသားစု ဝမ်းမဝမှာစိုးရိမ်တဲ့အတွက် ပြောပိုင်ခွင့်မရှိဖြစ်နေတယ်” ဟု ကျောက်တော်မြို့၊ ကဝိရတနာ စစ်ဘေး ရှောင်စခန်းမှ အမျိုးသမီးတစ်ဦးက ပြောသည်။

ယခု အောက်တိုဘာလအတွင်း ကျောက်တော်မြို့ သုဿာန်တွင် မြက်ပင်များရှင်းလင်းရေး လုပ်အားပေး လုပ် ကိုင်ပေးရန်အတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ အသိပေး အကြောင်းကြားထားကြောင်းလည်း စစ်ဘေးရှောင်များ၏ ပြောပြချက်အရ သိရသည်။

စစ်ဘေးရှောင်များမှာ ယခုနှစ် အစောပိုင်းမှစ၍ အခကြေးငွေမရဘဲ လုပ်အားပေးအဖြစ် လုပ်ကိုင်ပေးနေရခြင်း ဖြစ်သည်ဟု ဆိုကြသည်။

လုပ်အားပေးအဖြစ် လုပ်ကိုင်ပေးခဲ့ရသည့် ကာလတစ်လျှောက် “မိုခါ” မုန်တိုင်းအလွန် ပြန်လည်ထူထောင်ရေး ပစ္စည်းများကို အတင်အချလုပ်ပေးခဲ့ရသည့် လုပ်အားခအဖြစ် ငွေကျပ် ၁,၅၀၀ တစ်ကြိမ်သာ ရရှိဖူးသည်ဟု စစ်ဘေးရှောင်များ၏ ပြောကြားချက်အရ သိရသည်။

ကျောက်တော်မြို့၊ မီးရတားဘူတာ စစ်ဘေးရှောင်စခန်းက အမျိုးသားတစ်ဦးက “စခန်းတစ်ခုက အားလုံးသွား ရတာ မဟုတ်ဘဲ အယောက်သုံးဆယ်လောက် သွားရတယ်။ အယောက် နှစ်ဆယ် သွားရတဲ့ စခန်းတွေလည်း ရှိတယ်။ ဆယ့်ငါးယောက်သွားရတဲ့ စခန်းလည်းရှိတယ်။ အဲဒီတုန်းကတော့ ဆန်တစ် အိတ်ကို ကုန်တင်ကုန်ချခ သုံးရာရခဲ့တယ်။ အထွေထွေပစ္စည်း ကုန်တင်ကုန်ချလုပ်တဲ့ လုပ်အားခတော့ မရခဲ့ဘူး” ဟု ပြောသည်။

စစ်ဘေးရှောင်များအနေဖြင့် လုပ်အားပေးအဖြစ် လုပ်ကိုင်ပေးမှုအတွက် နစ်နာမှုမရှိစေရဘဲ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိအောင် ပြည်နယ်အဆင့်တွင် တောင်းဆိုပေးမည်ဟု မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံး တာဝန်ရှိသူများက ပြောဆိုထားကြောင်း စစ်ဘေးရှောင်များက‌ ပြောသည်။

ကျောက်တော်မြို့၊ မီးရထားဘူတာ စစ်ဘေးရှောင်စခန်းမှ အမျိုးသမီးတစ်ဦးက “တောင်းဆိုတဲ့နေရာမှာလည်း ငါတို့ အလုပ်သွားလုပ်လိုက်တာနဲ့ တချိန်ချိန်မှာ အလုပ်ရလာမယ်လို့ မျှော်လင့် ချက် လုံးဝမထားနဲ့ ကျနော်တို့က တင်ပြပေးမယ်။ တင်ပြလို့ကျလာရင် ချပေးမယ်။ ခေါ်တဲ့အချိန်မှာ မလာဘဲ ကလန်ကဆန်လုပ်နေရင်တော့ ကယ် ဆယ်ရေးစခန်းက ထွက်သွားဖို့တောင် ပြောတဲ့စကားရှိတယ်” ဟု ပြောသည်။

ကျောက်တော်က စစ်ဘေးရှောင်များ ဌာနဆိုင်ရာရာရုံးများတွင် လုပ်အားပေးအဖြစ် လုပ်ကိုင်ပေးနေရသည် ဆို သည့် ကိစ္စနှင့်ပတ်သက်၍ ကျောက်တော်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စွာညွှန့်ကို DMG မှ အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။

ကျောက်တော်မြို့ပေါ်ရှိ စစ်ဘေးရှောင်များမှာ စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ စစ်ရေး ပဋိပက္ခ ကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေကြသည်မှာ ၄ နှစ်နီးပါး ကြာမြင့်လာခဲ့ပြီ ဖြစ်သော်လည်း အခက်အခဲ အမျိုး မျိုးကြောင့် ယနေ့အထိ နေရပ်မပြန်နိုင်သေးပေ။

စစ်ဘေးရှောင်များမှာ စခန်းတွင်းနေထိုင်မှု အချိန်ကြာမြင့်လာသည်နှင့်အမျှ စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာ ရေးအပြင် လုပ်အားပေးခိုင်းစေမှုများရှိလာသဖြင့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုရှိနေကြောင်း စစ်ဘေးရှောင်များက ပြောဆိုကြသည်။

Most read this week

October 24, 2024
ရခိုင်ပြည်အတွင်းက အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားရာ မြို့နယ်များတွင် အရောင်းအဝယ်ပြုလုပ်ရာ၌...
October 23, 2024
ရခိုင်ပြည်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA)တို့ စစ်ရေးတင်းမာနေပြီး မြို့နယ် ၄ ခုတွင်...
October 22, 2024
တိုက်ပွဲပြင်းထန်နေသော မောင်တောမြို့နယ်အတွင်း စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးများဖြင့်...
October 22, 2024
မြန်မာနှင့် ထိစပ်နေသည့် ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းရေပြင်တွင် စစ်ကောင်စီသည် ရေကြောင်း...