ရခိုင်မှ မှတ်ပုံတင်ခွင့်ရပါတီများ၏ ရုံးများကို အောက်တိုဘာလမကုန်မီ ဖွင့်လှစ်ရန် စစ်ကောင်စီဖိအားပေး

ရခိုင်မှ မှတ်ပုံတင်ခွင့်ရပါတီများ၏ ရုံးများကို အောက်တိုဘာလမကုန်မီ ဖွင့်လှစ်ရန် စစ်ကောင်စီဖိအားပေး

ရခိုင်ပြည်နယ်မှ မှတ်ပုံတင်ခွင့်ရပါတီများ၏ ပါတီရုံးများကို အောက်တိုဘာမကုန်မီ အမြန်ဆုံး တည်ဆောက် ဖွင့်လှစ်ရန် စစ်ကောင်စီက တွန်းအားပေးနေကြရသည်။

ပါတီတစ်ခုစီ၏ ရုံးများကို အောက်တိုဘာ ၂၆ ရက်မတိုင်မီဆောက်လုပ်ဖွင့်လှစ်ရန် စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က ညွှန်ကြားထားသည်ဟု မြိုတိုင်းရင်းသားပါတီ ဥက္ကဋ္ဌ ဦးအေး ထွန်းက နိရဉ္စရာ သတင်းဌာနကို ပြောသည်။

“တစ်ပါတီမှာ အနည်းဆုံး မြို့နယ် ၅ ခုနဲ့ အထက် ရုံးဆောက်ရမယ်လို့ ပြောထားတယ်။ ကျနော်တို့လို လူနည်းစု ပါတီတွေအတွက် အဲ့ဒါတွေက အခက်ခဲရှိပါတယ်။ သူတို့ သတ်မှတ်ထားတဲ့ရက်မှာ မဆောက်နိုင်ရင် ဥပဒေအရ ပါတီဖျက်ခံရမယ်” ဟု ပြောသည်။

ထို့အပြင် ပါတီရုံး ဆောက်လုပ်ရန် အတွက် ငွေကြေးခက်ခဲသဖြင့် ပါတီမှတ်ပုံတင်ခွင့် လျှောက်ခဲ့စဉ်က UEC ထံ သွင်းခဲ့ရသည့် ငွေကျပ်သိန်းတစ်ရာအား ရုံးဆောက်လုပ်ရန် ယာယီပြန်ထုတ်ရန်အတွက်ပင် ပြန်မထုတ်ပေးနိုင် ဖြစ်သည်ဟု ဦးအေးထွန်းက ဆက်ပြောသည်။

“ကော်မရှင် ငွေစာရင်းဌာနက စီးပွားရေးဘဏ်ကို ငွေထုတ်ခွင့်မပေးဘူးလို့ တားစာပို့ထားတယ်တဲ့။ ရွေးကောက် ပွဲကျမှ ထုတ်ရမယ်တဲ့” ဟု ပြောသည်။

မြိုတိုင်းရင်းသားပါတီတွင် ရုံးဆောက်ရမည့် မြို့နယ်များမှာ မောင်တော၊ ဘူးသီးတောင်၊ ကျောက်တော်၊ ပုဏ္ဏား ကျွန်းနှင့် စစ်တွေမြို့နယ်တို့ ဖြစ်ကြသည်။

ပါတီရုံးများ တည်ဆောက်ဖွင့်လှစ်ရန် အတွက် သက်ဆိုင်ရာမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်နှင့် စည်ပင်တို့ကို တင်ပြနေရသည်ဟုလည်း ခမီအမျိုးသား ဖွံ့ဖြိုးရေး ပါတီပြောခွင့်ရ ဦးသန်းဌေးက နိရဉ္စရာကို ပြောသည်။

“တရားဝင် နိုင်ငံရေးပါတီအနေနဲ့မှတ်ပုံတင်ထားတော့ ရုံးတွေကိုပြီးအောင်ဆောက်ဖို့ ကြိုးစားနေပါတယ်။ ကျနော်တို့ ပုဏ္ဏားကျွန်းမှာဆိုရင် ရုံးဖွင့်မယ့်တည်နေရာကိုပြတော့ မြို့နယ်ကော်မရှင်က လက်မခံဘူး။ ရုံးရဲ့ ဥပဓိ ရုပ်နဲ့မပြည့်စုံဆိုတဲ့သဘောမျိုးဖြစ်တယ်ပြောတယ်။ တခြားနေရာတစ်ခုမှာ လုပ်ပေးဖို့ပြောတယ်” ဟု ပြော သည်။

ခမီအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီတွင် စစ်တွေ၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦးနှင့် ဘူးသီးတောင် တို့တွင် ရုံးခန်းများ ဖွင့်လှစ်ရမည်ဖြစ်သည်။

တစ်နိုင်ငံလုံးတွင် ဝင်ပြိုင်မည့် ပါတီများတွင် ရုံးဆောက်မည်ဆိုပါက မြို့နယ်အားလုံး၏ ထက်ဝက်ခန့်တွင် ရုံး ဆောက်ပေးရမည် ဖြစ်ကြောင်း ဆိုသည်။

ရခိုင်မှ မှတ်ပုံတင်ခွင့်ရရှိထားသည့် ပါတီများမှာ ရခိုင့်ဦးဆောင်ပါတီ (AFP)၊ မြိုတိုင်းရင်းသားပါတီ (MNP)၊ မြို တိုင်းရင်းသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (MNDP)၊ ခမီအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီနှင့် ရခိုင်ပြည်နယ် အမျိုးသား အင်အားစုပါတီ (RSNUP) တို့ ဖြစ်သည်။

အဆိုပါပါတီ ၅ ခု၏ ပါတီဝင်များ၏ အမည်၊ မှတ်ပုံတင်အမှတ်နှင့် နေရပ်လိပ်စာတို့မှာ မှတ်ပုံတင်ခွင့် လျှောက် ထားခဲ့စဉ်ကနှင့် ယခုလက်ရှိ အခြေအနေမှာ ကွဲလွဲမှုများဖြစ်ပေါ်နေ၍ အချက်အလက် အမှန်များအဖြစ် ပြန်လည် ပြင်ဆင်ကာ အောက်တိုဘာလ ၃၀ ရက်နေ့ နောက်ဆုံးထားပြီး UEC ထံ ပြန်လည်ပေးပို့ရန် ပြည်နယ် ရွေး ကောက်ပွဲ ကော်မရှင်က ညွှန်ကြားထားသည်။

သို့သော် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဘက်က အတည်ပြုထားသည့် ပါတီဝင်စာရင်းများနှင့် ပယ်ထား သည့် ပါတီဝင်စာရင်းတို့ကို ပါတီများအား တစ်စုံတစ်ရာ အကြောင်းပြန်မှု မရှိသေးခြင်းကြောင့် ကွဲလွဲနေမှုများ ကို ပြန်လည် ပြင်ဆင်ပေးပို့နိုင်ခြင်း မရှိသေးဘူး ပါတီတာဝန်ရှိသူများက ပြောသည်။

ယခုလို UEC က တိတိကျကျ မထုတ်ပြန်သည့်အတွက် မှတ်ပုံတင်ခွင့်ရပါတီများမှာ သတ်မှတ်ထားသည့် အောက်တိုဘာလ ၃၀ ရက်နေ့တွင် မတင်ပြနိုင်ပါက ပါတီများ ဖျက်သိမ်းခံနိုင်ရသည်ဟု ပါတီတာဝန်ရှိသူများက ပြောသည်။

ရခိုင်မှ နိုင်ငံရေးပါတီ ၆ ခုသည် မှတ်ပုံတင်ခွင့်ပေးရန် UEC ထံ လျှောက်ထားခဲ့ကြပြီး ယင်းအနက် မြိုတိုင်းရင်း သား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (MNDP) ကို ဇူလိုင်လ ၃ ရက်နေ့တွင် လည်းကောင်း၊ ခမီအမျိုးသား ဖွံ့ဖြိုးတိုး တက်ရေးပါတီကို မေလ ၅ ရက်နေ့တွင် လည်းကောင်း၊ မြိုတိုင်းရင်းသားပါတီ (MNP) ကို မေလ ၄ ရက်နေ့ တွင် လည်းကောင်း၊ ရခိုင့်ဦးဆောင်ပါတီ (AFP) နှင့် ရခိုင်ပြည်နယ် အမျိုးသား အင်အားစုပါတီ (RSNUP) ကို မေလ ၂ ရက်နေ့တွင် လည်းကောင်း UEC က မှတ်ပုံတင်ခွင့် ပြုထားပြီ ဖြစ်သည်။

ရခိုင်အမျိုးသားပါတီ (ANP) တစ်ခုတည်းကို ယနေ့အချိန်ထိ UEC က မှတ်ပုံတင်ခွင့် မပေးသေးဟု ဆိုသည်။

October 24, 2024
ရခိုင်ပြည်၊ မောင်‌တောမြို့နယ်မြောက်ပိုင်း ဖားဝပ်ချောင်းကျေးရွာမှ ကထိန်ခင်းသည့် နေအိမ်အား...
October 23, 2024
တိုက်ပွဲအပြင်းအထန် ဖြစ်ပွားပြီးနောက် ဂွမြို့နယ်၊ ကြွေချိုင် ယာယီအထိုင် စစ်စခန်းကို...
October 22, 2024
တိုက်ပွဲပြင်းထန်နေသည့် ရခိုင်ပြည်၊ အမ်းမြို့နယ်ရှိ  ကျေးရွာ ၂ ရွာတွင် လက်နက်ကြီးကျည်များ...
October 21, 2024
ရခိုင်ပြည်မှ စစ်ကောင်စီ၏ အကြီးဆုံးရေတပ်စခန်းဖြစ်သည့် ကျောက်ဖြူ ဓည၀တီရေတပ်ဌာနချုပ် အနီးရှိ...